မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ zoom application  ဖြင့် အွန်လိုင်းဓမ္မစကူးလ် သင်ကြားနိုင်ရေး မိတ်ဆက်ဆွေးနွေး

ကော့သောင်း၊  ၂၂  ဇန်နဝါရီ 

ကော့သောင်းမြို့နယ်လုံးဆိုင်ရာဓမ္မစကူးဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများအား zoom application  သုံးစွဲကာ အွန်လိုင်းစနစ်ဖြင့် သင်ခန်းစာများပို့ချ သင်ကြားပေးနိုင်ရေး application အသုံးပြုနည်းဆိုင်ရာ နည်းလမ်းများအားမိတ်ဆက်သည့် အစီအစဉ်အား ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့  နိဗ္ဗာန်အေးဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ရာ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း အကျိုးတော်ဆောင် ဆရာတော်သံဃာတော်များ၊ သင်တန်းနည်းပြများတက်ရောက်ကြသည်။

ကျောင်းသားကျောင်းသူကလေးငယ်များအား ဗုဒ္ဓ၊ ဓမ္မစာပေများ တက်ရောက်သင်ကြား လိုသည့်စိတ်များ တိုးပွားလာရေး၊ ငယ်ရွယ်စဉ် ကလေးဘဝမှစကာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ အားတန်ဖိုးထားထိန်းသိမ်းတတ်လာရေး၊ ကျောင်းသားကျောင်းသူများ ဘာသာသာသနာအား အစဉ်စောင့်ရှောက်ထိန်းသိမ်းလိုသည့်စိတ်များ  ရင့်သန်ခိုင်မာလာရေး ရည်ရွယ်ဖွင့်လှစ် ပို့ချသင်ကြားလျက်ရှိသည့် ဓမ္မစကူးလ်ဖောင်ဒေးရှင်းသင်တန်းများအား ကိုဗစ်-၁၉ ထိန်းချုပ်မှုကာလတစ်လျှောက် ယာယီပိတ်ထားရာမှ နည်းပညာ၏အကူအညီဖြင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်ပို့ချသင်ကြားပေးနိုင်ရေး သင်တန်းနည်းပြများအား ကျွမ်းကျင်ပညာရှင်များမှ zoom application  အသုံးပြုကာ  အွန်လိုင်းမှတစ်ဆင့် သင်တန်းသားကလေးငယ်များအား မိမိအိမ်တွင်နေထိုင်ရင်း သင်ကြားပို့ချမှုလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် zoom application  သုံးစွဲချိတ်ဆက်မှုနည်းပညာများအား မိတ်ဆက်ရှင်းလင်းမျှဝေပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်ကာလတစ်လျှောက် ယာယီရပ်နားထားသည့် ဓမ္မစကူးလ် ဖောင်ဒေးရှင်းသင်တန်းများကို ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်အညီ လိမ္မာယဉ်ကျေးသည့် အနာဂတ်မျိုးဆက်များ ပေါ်ထွန်းလာရေး အခြေခံပညာကျောင်းများ ပိတ်ထားသည့်ကာလအတွင်း ကျောင်းသားကျောင်းသူကလေးငယ်များအား မိမိအိမ်မှာနေထိုင်ရင်း သင်တန်းနည်းပြများက မိမိတို့ရပ်ကွက်ရှိသင်တန်းသားများကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာများ အသုံးပြုကာ zoom application  ဖြင့် လာမည့်ဖေဖော်ဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)