မိုးတွင်းကာလ ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ စည်းကမ်းလိုက်နာရေးနှင့် ဘေးကင်းလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ၁၂  ဇူလိုင်

 

မိုးရာသီကာလအတွင်း ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်ကူးတို့ဆိပ်များတွင် သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေး၊ ရေယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ခရီးသွားမိဘပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ဘေးကင်းလုံခြုံရေး၊ မိုးကြီးခြင်းနှင့်အတူ လှိုင်လေပြင်းထန်မှုဖြစ်ပေါ်ပါက ကူးတို့ဆိပ်ကမ်းမှ ခရီးသည်များ တင်ဆောင်ပြီး မထွက်ခွာစေရေးအတွက် ယနေ့နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား  မြို့နယ်စက်တပ်ရေယာဉ် ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

“ဒီနေ့ စစ်ဆေးရေးအဖွဲ့အနေနဲ့  စက်တပ်သမ္ဗန်တွေ ကြံ့ခိုင်မှုရှိစေရေး၊ ဟောင်းနွမ်းနေတဲ့ အသက်ကယ်အင်္ကျီများကို  အသစ်လဲလှယ်ဆောင်ရွက်ကြဖို့၊ သတ်မှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာကြဖို့အတွက် အဓိကတိုက်တွန်း ပြောကြားခဲ့ပါတယ်၊ အရင်တုန်းက စက်တပ်သမ္ဗန်တစ်စီးကို တရားဝင်ခရီးသည် ၁၂ ဦးအထိ တင်ဆောင်ပြေးဆွဲခွင့် ရှိပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ခရီးသည် ၈ ဦးမှ ၉ ဦးအထိ  ခရီးသည်ခ ငွေကျပ် ၁၀၀ သတ်မှတ်ထားတဲ့ ကူးတို့ဆိပ်ဆိုရင်  ၅၀ ကျပ်တိုးပြီး စုစုပေါင်း ၁၅၀ကျပ် ကောက်ခဲ့ရတယ်၊ အစိုးရရုံးဖွင့်ရက်တွေမှာ  နံနက် ၇ နာရီမှ ၉ နာရီနှင့် ညနေ ၄ နာရီခွဲမှ ည ၆ နာရီအချိန်ထိ လူစုပုံမှုဖြစ်ပေါ်မှုကြောင့် လူစုလူဝေးမဖြစ်ပေါ်စေဖို့နဲ့ ခရီးသည်အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်ကူးတို့ဆိပ်တို့၌ ခရီးသည် ၉ ဦးမှ ၁၀ ဦးအထိ ယခင်ငွေကျပ် ၁၀၀ ကောက်ခံခဲ့ရာမှ ငွေကျပ် ၁၅၀ ကျပ်သို့ ကောက်ခံပြေးဆွဲခဲ့ရလို့ ခရီးသည်များအနေနဲ့ နားလည်ပေးဖို့ လိုအပ်ပါတယ်” ဟု မြို့နယ်စက်တပ်ရေယာဉ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။

 

မိုးရာသီကာလဖြစ်ခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ဒလမြို့နယ် သမဝါယမဦးစီးဌာနမှ ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်များရှိ စက်တပ်သမ္ဗန်များ ခိုင်ခံ့မှုရှိစေရန်၊ သတ်မှတ်ခရီးသည် ဦးရေသာ တင်ဆောင်ရန်၊ အသက်ကယ်အင်္ကျီများကို အဆင်သင့်ထားရှိရန်၊ သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုလျှံကောက်ခံခြင်းမပြုရန်၊ ရေယာဉ်မောင်းများအနေဖြင့် စက်ချို့ယွင်းပါက လက်ခတ်ဖြင့် ကျွမ်းကျင်စွာမောင်းနိုင်သည့် ရေယာဉ်မောင်းများအား ခန့်ထားစေရန်၊ အရက်သေစာသောက်စားထားပါက ရေယာဉ်မောင်းခွင့် မပြုစေရန်နှင့် ရေကြောင်းစီးဆင်းမှု နားလည်စေရန် စသည့်အချက်များကို ကူးတို့သမဝါယမအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ကြရန် အသိပေးအကြောင်းကြားထားကြောင်း သိရသည်။  

 

ရန်ကုန်မြို့သို့သွားလာရာတွင် ဒလမြို့နယ်မှ အစိုးရဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပုဂ္ဂလိက ဝန်ထမ်းများနှင့် အထွေထွေလုပ်သား ပြည်သူများစွာတို့ကို သမ္မတကမ်းခြေ၊ ဈေးဆိပ်၊ ကမာအောင်၊ တံလျှပ်၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင်၊ ကျောင်းစုနှင့် ကျောင်းစု(ခွဲ) လက်ခပ်မှ စက်တပ်ကူးတို့ဆိပ်တို့မှ ရန်ကုန်မြို့ဘက်ကမ်းရှိ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ စဉ့်အိုးတန်း၊ မော်တင်လမ်းသစ်၊ မော်တင်(ကိုင်းတန်းအမှတ်-၂)၊ ဆိပ်ကြီးခနောင်တို ကူးတို့ဆိပ်တို့သို့ စက်တပ်သမ္ဗန်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိသည်။

 

ဒလမြို့နယ်၌ ပုဂ္ဂလိကပိုင် ကူးတို့သမ္ဗန်ဆိပ် (၆)ဆိပ်ရှိရာ ကမာအောင်ကြီးကြပ်ရေးဆိပ်၌ အစီးရေ (၁၈၀)၊ ရေကန်ကြီးကြပ်ရေးဆိပ်၌ ၂၂ စီး၊ တံလျှပ်ကြီးကြပ်ရေးဆိပ်၌ ၄၆ စီး၊ ဆာပါချောင် စက်တပ်ရေယာဉ် ကြီးကြပ်ရေးဆိပ်၌ ၄၁ စီး၊ ကျောင်းစုစက်တပ်ရေယာဉ် ကြီးကြပ်ရေးဆိပ်၌ ၂၂ စီး၊ ကျောင်းစု(ခွဲ)လက်ခပ်မှ စက်တပ်ကူးတို့ဆိပ်၌ ၂၀ စီး၊  သမဝါယမအသင်းပိုင် ကူးတို့သမ္ဗန်ဆိပ် (၅)ဆိပ်ဖြစ်သည့် သမ္မတကမ်းခြေ ကူးတို့ဆိပ်၌ ၃၄ စီး၊ ကမာကသွယ် ကူးတို့ဆိပ်၌ ၃၀ စီး၊ စက်မြေကူးတို့ဆိပ်၌ ၃၃ စီး၊ ကမာကဆစ်ကူးတို့ဆိပ်၌ ၄၁ စီး၊ မှော်စက်ကူးတို့ဆိပ်၌ ၃၅ စီး စုစုပေါင်း ၅၀၄ စီးရှိကြောင်း သိရသည်။                       

 

သတင်းနှင့် ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)