မကွေးတိုင်းဒေသကြီးအတွင်း ဟိုတယ်/မိုတယ်(၆)ခုတွင် Hotel Quarantine ဝင်လို့ရ

မကွေး ၁၉ စက်တင်ဘာ

မကွေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းကိစ္စများဖြင့် ခရီးသွားလာနေရသည့် ဧည့်သည်များအတွက် ဟိုတယ်/မိုတယ်(၆)ခုတွင် Hotel Quarantine ဝင်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေး) ဥက္ကဋ္ဌ ဦးစံထွေး ထံမှ သိရသည်။

“ကျွန်တော်တို့ရဲ့ သဘောနဲ့ တိုင်းဒေသကြီးရဲ့ လိုအပ်ချက်ကို စာထွက်ပြီး လက်ခံပေးတဲ့သဘောပါ၊ မကွေးက ဟိုတယ်သုံးလုံးနဲ့ တိုင်းဒေသကြီးအတွင်းက ဟိုတယ်/မိုတယ်(၃)ခုတို့မှာ Q ဝင်လို့ရအောင် ကူညီပံ့ပိုး လုပ်ဆောင်ပေးတာပါ။ အခုချိန်ထိတော့ မဝင်သေးပါဘူး၊ ဟိုရက်ပိုင်းကတော့ တစ်ယောက် ဝင်ပါတယ်”ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေး) ဥက္ကဋ္ဌ ဦးစံထွေး က ပြောသည်။

အဆိုပါ Hotel Quarantine ဝင်ရောက်နိုင်သည့် ဟိုတယ/မိုတယ်များမှာ မကွေးမြို့မှ နန်းထိုက်သူ ဟိုတယ်၊ ပုလဲရွှေရည်ဟိုတယ်နှင့် My River View Hotel၊ မင်းဘူးမြို့မှ မန်းသီတာဟိုတယ်၊ ပခုက္ကူမြို့မှ Hotel Juno နှင့် ဂန့်ဂေါမြို့မှ အောင်စည်ဟိန်း မိုတယ်တို့ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ပေးရခြင်းကလည်း မကွေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားများအား ကိုဗစ်ကော်မတီမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် မူရင်းလာသည့် နေရာများမှ ထောက်ခံစာများဖြင့် ဝင်ရောက်လာသည့်အခါ မြို့တွင်း၌ တည်းခိုစရာခက်ခဲသဖြင့် ဟိုတယ်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်များတွင် (positive) ပေါ့စတစ်ဖြစ်တဲ့သူတွေကို ထားတာမဟုတ်ဘဲ မကွေးသို့ မဖြစ်မနေ ဝင်လာရတဲ့ သူတွေကို စောင့်ကြည့်ကာလအနေဖြင့် ထားခြင်းဖြစ်ကြောင်းနှင့် ဟိုတယ်တွင်ရှိသည့် ဝန်ထမ်းများကိုလည်း အဝင်အထွက်မရှိအောင် အသွားအလာ ကန့်သတ်ထားပြီး အပြင်နှင့် ထိတွေ့မှု မရှိအောင် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)