မကွေးတိုင်း၌ လူငယ်ဦးရေ နှစ်ထောင်အား သက်မွေးပညာသင်ပေးပြီး အလုပ်အကိုင်ရသည်ထိ လုပ်ဆောင်ပေးနေ

မကွေး ၁၅   ဒီဇင်ဘာ

 

မကွေးတိုင်းရှိ အသက်(၁၆)နှစ် မှ (၃၅)နှစ်အတွင်း လူငယ်ဦးရေ(၂၀ဝ၀)ကို လုပ်သားဈေးကွက်တွင် လိုအပ်နေသည့် အသက်မွေးဝမ်းကြောင်းပညာများ သင်ကြားပေးပြီး အလုပ်အကိုင်ရသည်ထိ လုပ်ဆောင်ပေးနေကြောင်း မကွေးတိုင်း စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်း ထံမှ သိရသည်။

 

ယင်းသို့လုပ်ဆောင်နိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အလှူရှင် HELVETAS အဖွဲ့တို့ နားလည်မှု စာချွန်လွှာရေးထိုးကာ စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သန်းခန့်သုံးစွဲ ဆောင်ရွက်နေပြီး Myanmar Private TVET Associtation နှင့် တိုင်းဒေသကြီးအဆင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ RSDA တို့က ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

 

“၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်စီမံကိန်းအတွင်းမှာ  လူငယ်နှစ်ထောင်ကို သက်မွေးပညာတွေ သင်ပေးမယ်။ ပြီးရင် အနည်းဆုံးလုပ်ခလစာထက်မနည်းတဲ့ လုပ်အားခတွေရတဲ့အထိ ဒီမှာရှိတဲ့လုပ်ငန်းရှင်တွေနဲ့ တွဲပြီးတော့မှ သူတို့က ပံ့ပိုးပေးတဲ့နည်းနဲ့ လုပ်တာဖြစ်တယ်။ အနည်းဆုံး လူ ၁၅၀ဝ အလုပ်အကိုင်ရရှိပြီးသား ဖြစ်မယ်။ ခု ၂ နှစ်အတွင်းမှာ သင်တန်းသား ၉၅၀ သင်ပြီးသွားပြီ။ ၉၀ ရာနှုန်းအလုပ်ရပြီ ” ဟု တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်း က ပြောသည်။

 

အလုပ်အကိုင်အခွင့်အလမ်းကို မည်သည့်ပညာရပ်များက များစွာပေးနိုင်မည်၊ မကွေးတိုင်းလူငယ်များအတွက် မည်သည့်ပညာရပ်များလိုအပ်မည် စသည်တို့အပေါ်တွင် လုပ်သားဈေးကွက်ကို သုတေသနလုပ်ဆောင်ခဲ့ပြီး ဒေသတောင်းဆိုချက်နှင့်ကိုက်ညီသည့် ဆံပင်နှင့်မျက်နှာအလှပြုပြင် သင်တန်း၊ အမျိုးသမီးအဝတ်အထည်ချုပ် သင်တန်း၊ ဆိုင်ကယ်ပြုပြင်သင်တန်းတို့ကို သင်ကြားပေးလျက်ရှိကြောင်း တိုင်းဦးစီးထံမှ သိရသည်။

 

“သင်လိုက်တယ်။ အလုပ်ရတယ်လို့ ရမ်းပြောတာမဟုတ်ဘူး။ Third Party တစ်ခုကိုငှားပြီး လေ့လာမှုတွေ လုပ်ပြီးတော့မှ တစ်ကယ်ပဲ သူများဆီမှာ အလုပ်ဝင်နေတာလား။ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလုပ်တာလားဆိုပြီးတော့ သုံးသပ်လိုက်တဲ့အခါမှာ ၉၀ရာနှုန်း အလုပ်ရတာကို တွေ့ရပါတယ် ” ဟု တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်း က ဆိုသည်။

 

အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ သင်တန်းများတက်ပြီး ဝင်ငွေရလမ်းသေချာစေရန် သတင်းအချက်အလက် ပေးခြင်းကို မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပနေသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပညာပေးပြခန်းဖွင့်လှစ် လုပ်ဆောင်ထားပြီး ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းပြင်ပရောက်နေသူများ၊ မသန်းစွမ်းသူများအပါအဝင် လူငယ်အားလုံး ဆက်သွယ်နိုင်ရန် ဖိတ်ခေါ်နေကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)