မျက်မှောက်သမိုင်းသင်ခန်းစာ

mdn

နေပြည်တော် သြဂုတ် ၁၉ 

အာဖဂန်နစ္စတန်မြေပေါ်တွင် နှစ်ပေါင်း ၂၀ ကြာ တပ်စွဲခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်း ထွက်ခွာသွားချိန်၌ အာဖဂန် လူ့အဖွဲ့အစည်းမှာ ယိမ်းခါလှုပ်ရှားကျန်ရစ်ခဲ့သည်။ စစ်ရေးအင်အား အပါအဝင် ငွေကြေးအားဖြင့်လည်း ဒေါ်လာဘီလီယံများစွာ သုံးစွဲ၍ ကျားကန်လာခဲ့သည့်တိုင်အောင် အနောက်နိုင်ငံများက ဖြစ်စေလိုခဲ့သည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ခိုင်ခိုင်မာမာ ရောက်မလာခဲ့သော အာဖဂနစ္စတန်မှာ ရုပ်သိမ်းသွားသူတို့၏ လေယာဉ်များ မြေမှမကြွမီမှာပင် ဘာသာရေးအခြေခံ ရှေးရိုးစွဲဝါဒီတို့က ပြန်လည် လွှမ်းမိုးသွားခဲ့ပြီဖြစ်သည်။

 

"ရှေးရိုးအစဉ်အလာ အစွဲအလမ်းကြီးပြီး မည်သည့်အပြောင်း အလဲကိုမှ စိတ်ဝင်စားမှုမရှိခြင်းသည် ဖွံ့ဖြိုး တိုးတက်မှုတွင် တားဆီးနေသည့် လူတို့၏ မှားယွင်းသောသဘောထားဖြစ်သည်။ စွမ်းဆောင် လိုစိတ် နည်းပါးခြင်းနှင့် အပြောင်းအလဲကို စိတ်မဝင်စားခြင်းသည် လူ့ဘဝတွင် ရပ်တည်နေရုံထက်ပို၍ မည်သည့်မြင့်မားသော ရည်မှန်းချက်မျှမထားတတ်သော လူတို့၏ စိတ်ဓာတ်ကြောင့်ဖြစ်သည်”ဟု အနောက်တိုင်း နိုင်ငံရေးဘောဂဗေဒပညာရှင်တစ်ဦးက ဆိုသည်။ နိုင်ငံ့အရေးအရာများတွင် ပြည်သူတို့ တက်ကြွစွာပါဝင်မှု အားနည်းခြင်း၊ လူမှုရေးစည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်း၊ အစဉ်အလာ ဓလေ့ထုံးစံနှင့် အစွဲအလမ်းများကို ခုံမင်တွယ်တာခြင်း၊ အပြောင်း အလဲကို လက်မခံတတ်ခြင်း၊ ဘဝနှင့်အလုပ်အပေါ်တွင် သဘောထား မမှန်ကန်ခြင်း၊ ဘဝတွင် ကြီးမားသောရည်မှန်းချက် မထားတတ်ခြင်းစသည့် လူတို့၏ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်။ သို့ဖြစ်ရာ လူတစ်ဦးချင်းစီ၏ ဘဝနှင့်အလုပ်အပေါ် သဘောထား မမှန်ကန်ခြင်းနှင့် ဘဝတွင် ကြီးမားသောရည်မှန်းချက် မထားတတ် ခြင်းတို့က ပျင်းရိခြင်း၊ ရောင့်ရဲတတ်ခြင်းနှင့် စွမ်းဆောင်လိုစိတ် အားနည်းခြင်းတို့ကို ဖြစ်စေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပါ ဆက်စပ်သွားစေသည်။

 

လွန်ခဲ့သည့် နှစ် ၂၀ကာလကစ၍ အာဖဂန်နစ္စတန်သို့ လာရောက် ကပ်စွဲကာ ဒေါ်လာဘီလီယံများစွာ အကုန်အကျခံခဲ့ခြင်းသည် အမေရိကန်နိုင်ငံ၏ လုံခြုံရေး အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်းနှင့် အာဖဂန်နစ္စတန်ကို တိုင်းပြည်ထူထောင်ပေးနေခြင်း မဟုတ်ကြောင်း၊ အမေရိကန်တပ်ဖွဲ့ဝင်များက အာဖဂန်နစ္စတန် အစိုးရအတွက် တိုက်ပွဲ ဝင်ပေးစရာလည်း မလိုကြောင်းတို့ကို အမေရိကန်သမ္မတက ပွင့်ပွင့်လင်းလင်းပင် ပြောကြားပြီး တပ်များကို ရုပ်သိမ်းသွားခြင်းဖြစ်ရာ အာဖဂန်နစ္စတန်အနေဖြင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးကြရတော့မှာဖြစ်သည်။ နိုင်ငံအေးချမ်းတည်ငြိမ်ရေး၊ သာယာဝပြောရေး၊ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးတို့အတွက် မိမိတို့၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့်လည်း ကိုက်ညီသော၊ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သော လမ်းကြောင်းကို ရွေးချယ်ကာ စည်းလုံးညီညွတ်စွာ ကြိုးပမ်းကြရတော့မှာလည်း ဖြစ်သည်။ သို့ရာတွင် လက်ထဲမှာ ရှိနေသည့် လက်နက်ခဲယမ်း မီးကျောက်များနှင့် စစ်ယာဉ်ယန္တရားများကို အသုံးပြုကာ ဒေသ အသီးသီးတွင် စစ်နယ်ရှင်များအဖြစ်နှင့် ကိုယ်ကျိုးရှာကြလျှင်မူ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန်ဝေးစွ၊ ကျဆုံးနိုင်ငံမဖြစ်လျှင်ပင် တော်လှပြီဟု ဆိုရတော့မည်ဖြစ်သည်။

 

နိုင်ငံတကာမီဒီယာများမှတစ်ဆင့် မိမိတို့ သိမြင်ရသည့် အာဖဂန် နစ္စတန်မှာ အစ္စလာမ်ရှေးရိုးစွဲ လက်နက်ကိုင်များ၊ ဖိနှိပ်ခံအမျိုးသမီးများ၊ ဘိန်းခင်းများနှင့် မူးယစ်ရာဇာများ၊ အကျင့်ပျက်ခြစားနေကြ သည့် ဂန်ထမ်းများနှင့် စွမ်းဆောင်ရည်နည်းပါးလှသည့် အစိုးရအဖွဲ့ တို့၏ပုံရိပ်များက အများစုဖြစ်သည်။ ဒေသအသီးသီးတွင် ရှိနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသော ပြည်သူလူထုကြီးသည်သာ စင်စစ်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ၏အရင်းအမြစ်ဖြစ်သည့်အလျောက် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်၍ ခေါင်းဆောင်နှင့်ပြည်သူတို့ တစ်စိတ်တည်း ကစ်ဂမ်းတည်းရှိကာ နိုင်ငံ၏အရေးအရာများတွင် ပြည်သူများ တစ်တပ်တစ်အား ပါဝင်လာစေရေး ကြိုးပမ်းဆောင်ရွက်နိုင်မှသာ အဆိုးသံသရာမှ ထွက်မြောက်နိုင်မည့် အာဖဂန်နစ္စတန်၏မျက်မှောက် သမိုင်းသည် သင်ခန်းစာတစ်ရပ်သဖွယ်ပင်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း