MMA အားကစားလောကအတွက် ဂုဏ်သိက္ခာမြင့်မားသည့် World MMA Awards ၏ တစ်နှစ်တာ နိုင်ငံတကာအကောင်းဆုံး ကစားသမားဆု ပဏာမဆုစာရင်းတွင် အောင်လအန်ဆန် ပါဝင်

၃ ဇူလိုင်


ONE ဝိတ်တန်းနှစ်ခု ချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် MMA အားကစားလောကတွင် ဂုဏ်သိက္ခာမြင့်မားသည့် World MMA Awards ၏ တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံးသမားဆု ပဏာမစာရင်းတွင် ပါဝင်နေသည်။
 

ယင်းဆုများကို Fighter Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်ခြင်းဖြစ်ပြီး ပရိသတ်များ၏ မဲဆန္ဒဖြင့် ရွေးချယ်ခြင်းဖြစ်သည်။ ယခုနှစ်တွင် ဆုအမျိုးအစားပေါင်း ၂၂ မျိုး ထည့်သွင်းချီးမြင့်မည်ဖြစ်ပြီး အောင်လအန်ဆန် ပဏာမစာရင်းတွင် ပါဝင်နေသည့် တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံးကစားသမားဆု (International Fighter of the Year) အပါအဝင် အကောင်းဆုံးကစားသမား အမျိုးသားဆု၊ အမျိုးသမီးဆု၊ နည်းပြဆု၊ လေ့ကျင့်ဖော်ဆု၊ အကောင်းဆုံးပွဲဆု၊ မထင်မှတ်သည့်အနေအထားမှပြန်လာပြီး အနိုင်ရခဲ့သူဆု စသည့်ဆုများ ပါဝင်နေသည်။

 

အောင်လအန်ဆန်ပါဝင်နေသည့် တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံးကစားသမားဆု၏ ပဏာမစာရင်းတွင် UFC နာမည်ကြီးဖိုက်တာများပါဝင်နေပြီး အဒီဆန်ညာ၊ အူစမန်စသည့် နာမည်ကြီးကစားသမားများအပါအဝင် အမျိုးသမီးဖိုက်တာများဖြစ်သည့် ဝေလီကျန်၊ ရှက်ချင်ကိုတို့ ပါဝင်နေသည်။

 

အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်က ဆွတ်ခူးရရှိခဲ့သည့် တစ်နှစ်တာ နိုင်ငံတကာအကောင်းဆုံး ကစားသမားဆုစာရင်းတွင် နှစ်နှစ်ဆက်တိုက် ပါဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နာမည်ကြီးကစားသမား ခါဘစ်ကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့သလို ယခုနှစ်တွင်လည်း ထပ်မံရယူနိုင်ရန် မျှော်လင့်ချက်ရှိနေသည်။

 

အောင်လအန်ဆန်ကို မဲပေးလိုသူများအနေဖြင့် https://www.worldmmaawards.com/nominees/ တွင် မဲပေးနိုင်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ်တွင် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုနှင့် တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံးကစားသမားဆုတို့တွင် ပဏာမစာရင်း၌ ပါဝင်ခဲ့ပြီး တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
 

ဆုချီးမြင့်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် အောက်တိုဘာသို့ ရွှေ့ဆိုင်းထားပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ကျင်းပသည့်ပြိုင်ပွဲများမှ စွမ်းဆောင်ရည်နှင့် ရလဒ်များကို တွက်ချက်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်တွင် ပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိသေးဘဲ ၂၀၁၉ ခုနှစ်တွင် ပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ခဲ့ရာ နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲတွင်ဂျပန်နိုင်ငံသား ဟဆဲဂါဝါ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာတို့ကို အနိုင်ရခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်