မမေ့မလျော့ မပေါ့မတန် ထက်သန်သော သတိတရားဖြင့်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံကြီးများတွင် စတင်အသုံးပြု ထိုးနှံနေပြီဖြစ်၏။ သို့သော်လည်း အခြားတစ်ဖက်တွင် ကိုဗစ်ရောဂါ၏ မူလဘူတ အရင်းခံဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ပိုးက ဗီဇပြောင်းပုံစံဖြင့် ထွက်ပေါ်လာပြီး ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိသည်ဟု နိုင်ငံကြီးများကို ခြိမ်းခြောက်လာနေပြန်သည်။

ယခု ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် ဝေဒနာထိခိုက်ပြင်းထန်သည်ဆိုခြင်းနှင့် ပတ်သက်၍ သေချာထင်ရှားမှုမရှိသော်လည်း ကူးစက်မြန်ဆန်သည်၊ ကလေးငယ်များကိုလည်း ကူးစက်လွယ်သည်ဆိုခြင်း -ကိုမူ အထောက်အထားများဖြင့် တွေ့ရှိနေရသည်။

လက်ငင်းအခြေအနေတွင် ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာရှင်များ အထူးစိတ်ပူနေကြ၊ သတိထားနေကြသည်မှာ အင်္ဂလန်နိုင်ငံနှင့်တောင်အာဖရိကတွင် တွေ့နေရသော ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ဖြစ်၏။ အဓိကအကြောင်းမှာ ယင်းဗီဇပြောင်းဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်ပွားနေမှုမှာ လွန်စွာစိုးရိမ်လောက်အောင် မြန်ဆန်များပြားနေသောကြောင့် ဖြစ်သည်။

ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုသည် နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ ရောက်ရှိနေသည်ဟု မှတ်ချက်ပြုထားပြီး ပြည်တွင်းကူးစက်ပြန့်ပွားနေမှုကို နိုင်ငံ တစ်ဒါဇင်ထက်မနည်း တွေ့ရသည်ဟုလည်း ဆိုပါသည်။ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် တစ်မျိုးထက်မက ရှိနေနိုင်ပြီး ပိုးရောက်ရှိနေသည့် နိုင်ငံအားလုံးကို တိတိကျကျ မသိနိုင်သေးဟုလည်း သိရပါသည်။

ယနေ့ကမ္ဘာတစ်ခွင်တွင် စတင်ထိုးနှံနေပြီဖြစ်သော ကာကွယ်ဆေး၏ အာနိသင်သည် မည်မျှလောက်ကြာအောင် ကာကွယ်နိုင်မည်ဆိုသည်ကိုလည်း ယတိပြတ် မပြောနိုင်သေးပါ။ သို့သော်လည်း လူများများကို ကာကွယ်ဆေးထိုးပေးနိုင်ပြီဆိုလျှင်မူ လတ်တလော ပူပန်နေရသည် တို့ များစွာလျော့နည်း သက်သာသွားမည် ဖြစ်ပါသည်။

ကျန်းမာရေးဆိုင်ရာ ပညာရှင်ကြီးများက ကာကွယ်ဆေးထိုးနှံ ပြီးပြီဆိုလျှင်သော်မှ နှာခေါင်းနှင့် ပါးစပ်စည်း တပ်ဆင်၊ လက်ဆေး အစရှိသည့် ကိုဗစ်ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းများကို ဆက်လက် လိုက်နာကြရန် လိုအပ်နေဦးမည်ဟု ဆိုပါသည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၊ စတုတ္ထလှိုင်းတို့ဟူသည် ရှိနေလိမ့်ဦးမည်။ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးကလည်း တစ်မျိုးနှစ်မျိုးမက ရှိနေမည်။ မည်သည့် ဗီဇပြောင်းပိုးက မည်မျှလောက်ပြင်းထန်မည်၊ မည်မျှလောက် ဆိုးရွားမည်ဆိုသည်ကို အခိုင်အမာ မပြောနိုင်သော်လည်း ယနေ့တွေ့ရှိနေသည့် ဗီဇပြောင်းပိုးသည် လူတစ်ဦးနှင့် တစ်ဦးကြား ကူးစက်မြန်သည်ကတော့ အသေအချာဖြစ်သည်။

ယနေ့အချိန်ထိ ဗီဇပြောင်းဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိမလာသေးသည့်အတွက် မြန်မာနိုင်ငံသားတို့အနေဖြင့် အထိတ်တလန့်ဖြစ်စရာ၊ စိုးရိမ်ပူပန်လွန်ဖြစ်စရာမရှိဟု ဆိုရပါမည်။ ဤနေရာတွင် ယနေ့အချိန်ထိ မတွေ့သေးဟုဆိုသည်မှာ မှန်သော်လည်း လုံးဝရောက်မလာဟု ဆိုလိုခြင်းမဟုတ်သည့်အတွက် ရောက်လာနိုင်သည်ဟု မှန်းဆထားရန်လိုမည်ဟု ယူဆပါသည်။ ယခုအခါမှစ၍ အချိန်မရွေး ရောက်လာနိုင်သည်ဟု သဘောထားကာ စီမံစရာရှိတာ စီမံ၊ ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်၊ ပြည်သူတစ်ဦးချင်းကလည်း အသိစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ကြစသည်ဖြင့် လုပ်ကြရမည်ဟု မြင်ပါသည်။

ယနေ့ထွက်ပေါ်လာနေပြီဖြစ်သော ကာကွယ်ဆေးတို့က ဗိုင်းရပ်စ်ပိုးကူးစက်မှုကို များစွာ ထိန်းချုပ်ကာကွယ်နိုင်မည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း လုံးဝဥသုံ ချုပ်ငြိမ်း ပျောက်ကွယ်သွားမည်တော့ မဟုတ်ချေ။ ထို့ကြောင့် အကြိမ်ကြိမ် သတိပေးနေကျဖြစ်သည့်၊ လူစုလူဝေးမပြုလုပ်ကြရန်၊ အတတ်နိုင်ဆုံး အိမ်တွင်းမှာ နေနိုင်သမျှနေကြရန်၊ အပြင်သို့ မဖြစ်မနေထွက်ရသည့်အခါ မျက်နှာဖုံးကာ၊ နှာခေါင်းနှင့် ပါးစပ်စည်း ဝတ်ဆင်၊ မကြာခဏနှင့် စနစ်တကျလက်ဆေး၊ လူချင်းဆက်ဆံပြောဆိုရာတွင် အနည်းဆုံး ခြောက်ပေခွာနေကြရန်ဟူသည့် ကိုဗစ်ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းများကို သတိကြီးစွာ၊ မမေ့မလျော့ လိုက်နာကြရန် လိုပါမည့်အကြောင်း နှိုးဆော်သတိပေးလိုက်ရပါသည်။     ။
မြန်မာ့အလင်း