မြန်အောင်မြို့နယ်  ခုနစ်အိမ်တန်းကျေးရွာတွင် လူနေအိမ် ငါးလုံး မီးလောင်မှုဖြစ်ပွား

မြန်အောင် ၃၀  နိုဝင်ဘာ 

မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာအုပ်စု ခုနစ်အိမ်တန်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က လူနေအိမ် ငါးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ခုနှစ်အိမ်တန်းကျေးရွာနေ ဒေါ်ရင်စန်း၏ နေအိမ် မီးဖိုချောင်မှတစ်ဆင့် မီးဖိုချောင်ဝါးထရံအား ကူးစက်လောင်ကျွမ်းခဲ့ရာ ဦးလှဝေ၊ ဦးဇော်မင်း၊ ဦးအေးသောင်း၊ ဦးကျော်သူတို့၏ နေအိမ်များသို့ ဆက်လက် ကူးစက်လောင်းကျွမ်းခဲ့ပြီး လူနေအိမ်ငါးလုံး ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။  

မီးလောင်ရာသို့ ကျေးရွာနေပြည်သူများ၊ သပြေကုန်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဇေယျ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေကျင်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား သုံးစီးနှင့် ရွှေကျင်/သပြေကုန်း နယ်မြေခံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်ရင်စန်းအား ရွှေကျင်နယ်မြေရဲစခန်းမှ  အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

ဝင်းဗိုလ် (မြန်အောင်)