မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၉) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရ

မြင်းခြံ ၂၀ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၉) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ထွန်းဝင်းထံမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၉) ဦးအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းနှင့် ယာယီတွဲဖက် ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ထွန်းဇော်တို့က ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် ()ရက်တိတိ ဆက်လက်အနားယူ နေထိုင်ရမည်ဖြစ်ကြောင်း၊ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိ အသုံးပြုစေလိုကြောင်း၊ မိသားစုများနှင့်အတူ ရောနှောနေထိုင်ခြင်း မပြုဘဲ သီးခြားနေထိုင်ကာ မိတ်ဆွေများကိုလည်း မိုဘိုင်းဖုန်း (သို့) Online မှသာ ဆက်သွယ်ပြောဆိုစေကြောင်း၊ အိမ်ရှိ အများသုံးပစ္စည်းတစ်ခုကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့် ရေကို အသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောခြင်း (သို့) အယ်လ်ကိုဟော ၆၀ % ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုစေကြောင်း၊ ဆေးရုံဆင်းပြီး ()ပတ်အကြာ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ညွှန်ကြားထားသည့်အတိုင်း ပြန်လည်ပြသရန် လိုအပ်ပါကြောင်း စသည်ဖြင့် မှာကြားခဲ့သည်။

ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၉)ဦးအား တစ်ဦးလျှင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ခေါက်ဆွဲခြောက် တစ်ဖာ၊ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးမှ Mask တစ်ဘူးနှင့် Face Shield တစ်ခု၊ ဆပ်ပြာတစ်တုံး၊ ဂုဏ်ပြု နှင်းဆီပန်းတစ်ပွင့်စီအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာထွန်းဝင်းနှင့် ယာယီတွဲဖက် ဆေးရုံအုပ် ဒေါက်တာ တင့်ထွန်းဇော်တို့က အသီးသီးပေးအပ်ခဲ့ကြသည်။

မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၇) ဦးထိရှိပြီး ဆက်လက်ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၉) ဦး ကျန်ရှိနေကာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြင်းခြံပြည်သူ့ဆေးရုံအုပ် ဒေါက်တာထွန်းက ပြောသည်။

ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၉)ဦးအား မြင်းခြံမြို့ နားရေးကူညီမှု ပရဟိတအသင်းနှင့် အဖြူရောင်လက်များ ပရဟိတအသင်းနှင့် ဧရာဝတီ သွေးလှူရှင်အသင်း ကားများဖြင့် အိမ်အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။

ကျော်စွာ(မြင်းခြံ)