မြင်းခြံမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီအတွင်း ပျိုးပင်ပေါင်း ၂၀၀၀၀ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးမည်

မြင်းခြံ   ၃၀  နိုဝင်ဘာ

မြင်းခြံမြို့သည် နွေရာသီတွင် အလွန်ပူပြင်းခြောက်သွေ့သည့်အတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် ၂၀၂၁ ခုနှစ် မိုးရာသီအတွင်း မြင်းခြံမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၀၀၀၀ ကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မြင်းခြံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီအတွင်း လူထုဖြန့်ပျိုးပင် ၂၀၀၀၀ ကို အခမဲ့ဖြန့်ဝေ ပေးနိုင်ရန် ပျိုးထောင်လျက်ရှိပါတယ်၊ ပျိုးထောင်တဲ့အပင်တွေက ကျွန်း၊ မယ်ဇလီ၊ တမာ၊ ဗန်ဒါ၊ ရေတမာ၊ သင်္ဘောကုက္ကို၊ ယူကလစ်၊ မြန်မာကုက္ကို၊ မယ်ဇလီ၊ လျော်ဖြူ၊ စိန်ပန်း၊ မန်ကျည်း စသည့် အပင်များဖြစ်ပြီး ယခုချိန်မှ ပျိုးပင်ပေါင်း တစ်သောင်းသုံးထောင်ကျော် ပျိုးထောင်ထားရှိပြီးစီးပြီဖြစ်ကြောင်း” မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဌေးက ပြောသည်။

အခမဲ့ ဖြန့်ဝေပေးမည့် ပျိုးပင် ၂၀၀၀၀ အပြင် ဌာနစီမံချက်ဖြင့်ဖြန့်ဝေနိုင်ရန် ဒဟတ်ပျိုးပင် ၅၀၀၀ နှင့် ပိတောက်၊ ကျွန်း၊ ပျဉ်းကတိုး၊ မယ်ဇလီ၊ ဗန်ဒါ၊ ပိန္နဲ၊ ဖျောက်ဆိပ်၊ ယင်းမာ၊ သင်္ဘောကုက္ကို၊ ပင်လယ်ကဗှီး၊ တမာ စသည့် ပျိုးပင် ၁၅၀၀ စုစုပေါင်း ပျိုးပင် ၆၅၀၀ ကိုလည်း ပျိုးထောင်ထားလျက်ရှိသည်။

၂၀၂၁ ခုနှစ် မိုးရာသီမိုးစရွာသွန်းပြီး မြေအစိုဓာတ်ကောင်းမွန်စွာရရှိပါက ပျိုးပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပြည်သူများအား ပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)