မနီလာ အပါအဝင် ဒေသအချို့ကို အသွားလာ ပြန်လည် ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်

၄ ဩဂုတ်

 

 

ဖိလစ်ပိုင် နိုင်ငံရဲ့ မြို့တော် မနီလာ အပါအဝင် လူဦးရေ  ၂၇ သန်းကျော် နေထိုင်တဲ့ လူဇွန်ကျွန်းကို ဒီနေ့ (အင်္ဂါနေ့) ကစပြီး သီတင်း နှစ်ပတ်ကြာ အသွားအလာ ကန့်သတ်မှု ပြန်လည် ပြဋ္ဌာန်းလိုက်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု နှေးကွေးသွားအောင် လူဇွန်ကျွန်းပေါ်ရှိိ  ပြည်နယ် လေးခုနဲ့ မနီလာမြို့တွေမှာ အများသုံး ယာဉ်တွေ အားလုံး ရပ်ဆိုင်းသွားမှာ ဖြစ်သလို ပြည်တွင်း လေကြောင်း လိုင်းတွေပါ ရပ်နားသွားမယ်လို့ သိရပါတယ်။

 

 

ဖိလစ်ပိုင် နိုင်ငံမှာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ တစ်သိန်း ကျော်သွားချိန်မှာ ဒေသခံတွေဟာ အရေးကြီးပစ္စည်း ဝယ်ယူရန်၊ အလုပ်သွားရန်နဲ့ လေ့ကျင်းခန်း လုပ်ရန်မှ လွဲပြီး နေအိမ်မှာပဲ နေထိုင်ရမှာ ဖြစ်ပါတယ်။  ကန့်သတ်ထားတဲ့ ဆိုင်အရေအတွက်သာ ဖွင့်ခွင့်ရသလို စားသောက်ဆိုင်တွေ မှာလည်း ပါဆယ်သာ ရောင်းချခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

 

 

သမ္မတ ဒူတာတေးက တစ်နေ့တည်းနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ထောင်ချီပြီး ရှိမယ်လို့ ဘယ်သူကမှ မျှော်လင့်ထားမှာ မဟုတ်ကြောင်းပြောပြီး ကန့်သတ်မှု ပြန်လည် ပြဋ္ဌာန်းကြောင်း ကြေညာပါတယ်။

 

 

အခုလို ကန့်သတ်အမိန့် ပြန်လည်ပြဋ္ဌာန်းရေးကို ဆရာဝန် ထောင်ချီပြီး ပါဝင်တဲ့ ဆေးပညာဆိုင်ရာ အဖွဲ့အစည်း ၈၀ ကနေ လူနာတွေ မကုနိုင်တော့တဲ့အတွက် သမ္မတအား စနေနေ့က တောင်းဆိုလိုက်ရာ သမ္မတက တနင်္လာနေ့မှာ လက်ခံလိုက်ပြီး ၂၄ နာရီအတွင်း ကန့်သတ်ချက်ကို သက်ဝင်စေခဲ့တာလို့ သိရပါတယ်။ 

 

 

ပြီးခဲ့တဲ့ အသွားအလာ ကန့်သတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ သန်းချီတဲ့သူတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့သလို နိုင်ငံရဲ့ စီးပွားရေး အပေါ်မှာ သက်ရောက်မှု ရှိတဲ့အတွက် သမ္မတ ဒူတာတေး အနေနဲ့ အသွားအလာ ကန့်သတ်မှုကို ပြန်လည် ပြဋ္ဌာန်းဖို့ နှောင့်နှေး နေခဲ့ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေး ဝန်ထမ်း ၅,၀၀၀ ကျော် ပါရှိကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဖိလစ်ပိုင် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တနင်္ဂနွေနေ့ တစ်ရက်တည်းမှာ  ၅,၀၃၂ ဦး ရှိကြောင်း သိရပါတယ်။

 

 

ဖိလစ်ပိုင် တက္ကသိုလ်က သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ ဩဂုတ်လကုန်ပိုင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၀၀,၀၀၀ အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 

 

ဖိလစ်ပိုင် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၁၀၆,၃၃၀  ရှိပြီး သေဆုံးသူ ၂,၁၀၄ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP