မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေး

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၊ အာရှအားကစား ပြိုင်ပွဲများမှာ မြန်မာတို့ ထိပ်ဆုံးတန်းက ခေါင်းမော့ရင်ကော့ ရပ်တည်ခဲ့ဖူးသည်ဟုဆိုလျှင် ယနေ့မျိုးဆက်များအဖို့ ယုံရခက်ခက် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ မယုံကာမှနေ၊ ဤအဆိုကား အမှန်ဖြစ်ချေသည်။

 

အာရှတစ်ခွင်တွင် တာတို၊ တာလတ်၊ တာဝေး၊ တန်းကျော်ပြေး စသည့်အပြေးမှာဖြစ်ဖြစ်၊ အမြင့်ခုန်၊ အလျားခုန်၊ တုတ်ထောက်ခုန်မှာ ဖြစ်ဖြစ်၊ သံလုံးပစ် ၊ သံပြားပစ် ၊ လှံတံပစ် မှာဖြစ်ဖြစ်၊ ရေကူး၊ ဒိုင်ဗင် ၊တင်းနစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘော်လီဘောမှာဖြစ်ဖြစ်၊ အလေးမ၊ ဂျူဒို၊ ကျွမ်းဘားမှာဖြစ်ဖြစ်၊ လူအများစု စိတ်အဝင်စားဆုံး ဘောလုံး အားကစားမှာဖြစ်ဖြစ် မြန်မာနိုင်ငံက ရှေ့တန်းမှာ ရှိနေခဲ့သည်သာ။ ရွှေဆု ၊ ငွေဆု ၊ ကြေးဆု ပြေးမလွတ်ခဲ့။

 

ဗဟာဒူး၊ လှဌေး၊ တင်အောင်၊ ခင်မောင်ထွန်း၊ ဘပု၊ အောင်ခင် စသူစသူများ။ ရှင်ဗွေဂန်း၊ မီတုန်းနော်၊ ဂျင်မီ၊ ဂျနီဖာ တင်လေး၊ မခင်ပု၊ သန်းသန်း၊ စန်းစန်းအေး စသူစသူများ၊ ဘဝေ၊ မခင်ဝင်း စသူများ၊ နန္ဒကျော်စွာ၊ အောင်ခိုင်၊ တင်ဝင်း၊ ခင်ခင်ရီ ၊ လှလှရီ ၊ နုနုရီ စသူစသူများ၏ နာမည်တို့က မြန်မာနိုင်ငံတစ်ဝန်းမှာသာမက အာရှတစ်ခွင်တွင်ပါ ကျော်ကြားခဲ့သည့် အားကစားသမား များ ဖြစ်လေသည်။

 

လည်ပြန်ကြည့်လျှင် ဤအောင်မြင်မှုတို့သည်ပင် နှစ်ပေါင်း လေးဆယ်၊ ငါးဆယ်ကျော်ခဲ့ပြီတည်း။

 

သည်လို ထိပ်ဆုံးတန်းမှာ နေခဲ့ရသည့် မြန်မာ့အားကစားသည် တဖြည်းဖြည်းချင်း လျော့ကျလာခဲ့ရာမှ ကိုယ့်အောက်မှာ လူသိပ်မကျန်တော့သည်အထိ ဖြစ်လာခဲ့ချေသည်။ ဘက်စုံထောင့်စုံ နောက်တန်းရောက်ခဲ့ရသည်က ဝမ်းနည်းစရာ၊ စိတ်မကောင်း ဖြစ်စရာများဖြင့် ပြည့်နေသလို သင်ခန်းစာယူစရာများလည်း များစွာရှိနေမည်ဟု ယူဆပါသည်။

 

မည်သည့် နယ်ပယ်မျိုးတွင်မဆို၊ မည်သည့်ကဏ္ဍမျိုးတွင်မဆို အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလိုစိတ်၊ စနစ်တကျ ချဉ်းကပ် လေ့လာမှုနှင့် နိုင်ငံက အားပေးထောက်ကူ ပေးတတ်မှုတို့က အရေးကြီးသည်ဟု မြင်ပါသည်။

 

ယခုအခါ မြန်မာနိုင်ငံက တစ်ဦးချင်းအနေဖြင့် ထိုးထွက်လာနေသော ကြက်တောင်ချန်ပီယံ၊ စစ်တုရင်ချန်ပီယံ၊ လက်ဝှေ့ ချန်ပီယံများကို တွေ့မြင်ရသည်။ ဘောလုံးအားကစားမှာပင် ထူးချွန်ထက်မြက်သဖြင့် နိုင်ငံတကာနယ်ပယ်က ခေါ်ယူကာ ကစားနေကြသည်ကိုလည်း သတိပြုမိပါသည်။

 

အားပေးမှု မြင့်မားသည်နှင့်အမျှ၊ စနစ်တကျ လေ့ကျင့်ပြုစုပေးသည်နှင့်အမျှ တစ်ဦးချင်းတိုးတက်မှုများ နိုင်ငံတကာ စင်မြင့်ထက်ပေါ်ထိ တိုးထွက်လာသူများ ရှိနေသည်မှာ ပင်ကိုအားဖြင့် ထူးချွန်ထက်မြက်နိုင်သူများ ရှိနေပေသည် ဟူသည့် ကောက်ချက်ချနိုင်သည် မဟုတ်ပါလား။

 

အရှေ့တောင်အာရှတစ်ခွင်တွင် နောက်ဆုံးတန်းကသာ ရှိနေခဲ့သည့်သူများက ယခုအခါ မိမိတို့ကို ကျော်ဖြတ်ကာ ရှေ့တန်းဆီသို့ တရွေ့ရွေ့ပြေးနေကြလေပြီ။

 

အောင်မြင်မှုရလျှင် လက်ခုပ်တီးအားပေးရုံမျှဖြင့်၊ ရှုံးနိမ့် ပြီဆိုလျှင် ဆဲဟယ်ဆိုဟယ်၊ ရေဘူးနှင့်ပေါက်ဟယ် ဆိုရုံမျှဖြင့် မြန်မာ့အားကစား ကမ္ဘာကိုထိုးဖောက်ကျော်လွှားနိုင်ဖို့၊ ကမ္ဘာ အသာထားလို့ အာရှထိပ်တန်းကို တစ်ဟုန်ထိုး တိုးတက်လာနိုင်ဖို့ မမျှော်နိုင်သေးပါချေ။

 

ယေဘုယျအားဖြင့်တော့ အားကစားဟူသည် နိုင်ငံအတွက် အလွန်အရေးကြီးသည်သာ။ လူတိုင်းကျန်းမာကြခြင်းက နိုင်ငံ၏ အထွေထွေကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကို အများကြီးလျော့ကျစေနိုင်မည်။ ကလေးလူငယ်တို့ အားကစားလုပ်ကြခြင်းဖြင့် အစုအဖွဲ့၏ အင်အားကို သဘောပေါက်စေမည်။ တက်ကြွနိုးကြား လန်းဆန်းမှုကို ရစေမည်၊ အားကစား စိတ်ဓာတ်ဟုခေါ်သည့် မြင့်မြတ်သည့် စိတ်နေသဘောထားကို ပျိုးထောင်နိုင်မည်ဖြစ်လေရာ နိုင်ငံနှင့် ပြည်သူအားလုံးတို့က စနစ်တကျ ဝိုင်းဝန်း အားပေး ချီးမြှောက်ကြရမည်ဟု ယုံကြည်ပါကြောင်း။    ။

မြန်မာ့အလင်း