မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် လေးကျွန်းသူဖောင်ဒေးရှင်းမှ မိုးရာသီ သစ်ပင်စိုက်ပျိုး

ရန်ကုန်  ၆  ဇူလိုင်

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လေးကျွန်းသူ ဖောင်ဒေးရှင်းအသင်း၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် ရှင်သန်ရေးလူမှုကူညီရေး အသင်းတို့၏ ပံပိုးကူညီမှုဖြင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ကြသည် ။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းဖြစ်သည် ။

 

သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်စေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို ကာကွယ်နိုင်စေရန်၊ ရေရှားပါးမှုကို ကာကွယ်နိုင်စေရန်၊ လူငယ်များမှ သစ်ပင်စိုက်ပျိုးခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ သစ်ပင်များကို တန်ဖိုးထားစေရန် ရည်ရွယ်ချက်များဖြင့် အမျိုးသမီးများ ပေါင်းစည်းအား ကိုဗစ်-၁၉ တို့ ကျော်လွှားဆောင်ပုဒ်နှင့်အညီ သစ်ပင်များ စိုက်ပျိုးခြင်းဖြစ်ကြောင်း လေးကျွန်းသူ ဖောင်ဒေးရှင်းဥက္ကဌ ဒေါ်ခိုင်ခိုင်ဦးက ပြောကြားသည် ။

 

မိုးရာသီ သစ်ပင်စိုက်ပျိုးသည့်နေရာများမှာ ခရမ်းသုံးခွမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်း ရေလှောင်တမံ ကြိုးဝိုင်းတို့ဖြစ်သည်။ ကျွန်းပင် ၁၀၀ ၊ မန်ဒန်ရှားပင် ၁၂၀ ၊ ပျဉ်းမပင် ၁၂၀ ၊ ပိတောက်ပင် ၆၀ ၊ သစ်ဆိမ့်ပင် ၅၀ ၊ ကဗွီးပင် ၅၀ ၊ ပျဉ်းကတိုးပင် ၅၀ စုစုပေါင်း သစ်ပင် ၅၅၀ ကိုစိုက်ပျိုးခဲ့ကြသည် ။

 

လေးကျွန်းသူ ဖောင်ဒေးရှင်းအသင်းမှ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းကြိုးဝိုင်းအတွင်း စိုက်ပျိုးခဲ့သည်။

 

အောင်သူရ