မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် (JICA)တို့ ပူးပေါင်း၍ ရေကြောင်းအချက်ပြစနစ်များ အား အဆင့်မြှင့်တင်မည်

ရန်ကုန်    ဇူလိုင်

ရန်ကုန်မြစ်အတွင်း ရေကြောင်းသွားလာမှု အဆင်ပြေချောမွေ့စေရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်း၍ ရေကြောင်းအချက်ပြစနစ်များ အား အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် မီးပြတိုက်များ အဆင့်မြှင့်တင်ခြင်း၊ ရေကြောင်းပြဗော်ယာများ အဆင့်မြှင့်တင်ခြင်းနှင့် မိုးလေဝသသမုဒ္ဒရာဆိုင်ရာ လေ့လာရေးအတွက် လိုအပ်သောပစ္စည်းကိရိယာ တပ်ဆင်ခြင်းများ ပါဝင်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အရာရှိများ၊ ဝန်ထမ်းများအတွက်လည်း ရေကြောင်းနည်းပညာဆိုင်ရာသင်တန်း များ၊ ရေကြောင်းအချက်ပြဆိုင်ရာလက်စွဲစာအုပ်များနှင့် စစ်ဆေးပြုပြင်ခြင်းဆိုင်ရာ လက်စွဲစာအုပ်များ တိုးတက်လာစေရေး၊ ရေကြောင်းဆိုင်ရာ ပုံစံမှတ်တမ်းနှင့် မိုးလေဝသဆိုင်ရာ လေ့လာခြင်းများအတွက် သင်တန်း များလည်း JICA အနေဖြင့် ကူညီပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်းရေကြောင်းသွားလာမှု လမ်းညွှန်အထောက်အကူပစ္စည်းများ အဆင့်မြှင့်တင် ပေးမည့် ယင်းစီမံကိန်းအား ဂျပန်အစိုးရ၏ အကူအညီ ယန်း ဒသမ ၃၉၉ ဘီလီယံ အသုံးပြုကာ အကောင်အထည်ဖော်မည်ဖြစ် ပြီး စီမံကိန်းကာလမှာ နှစ်,နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းသည် ရေကြောင်းကုန်စည်စီးဆင်းမှု ပိုမိုဖွံ့ဖြိုးလာပြီး သွင်းကုန်ထုတ်ကုန်များ တိုးတက်များပြားလာကာ မြန်မာနိုင်ငံ၏ သွင်းကုန် ၉၀ ရာခိုင်နှုန်းကျော်အား စီမံခန့်ခွဲပေးလျက်ရှိကြောင်း သိရသည်။  ရေကြောင်းအချက်ပြစနစ်များ အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို မကြာမီစတင်မည်ဖြစ်ပြီး ယခုနှစ် မတ်လတွင် လိုအပ်သော လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ စီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သော စက်ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းကို ၂၀၂၁ ခုနှစ်တွင် စတင်တပ်ဆင်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - လင်းညွန့်