မြန်မာနိုင်ငံအတွင်း အစောဆုံးပင်လယ်ရေကြောင်းပိုးလမ်းမ ရှာဖွေတွေ့ရှိချက်များ

၁၉ စင်တင်ဘာ

ပြင်သစ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် “ပင်လယ်ရေကြောင်း ပိုးလမ်းမများသုတေသန စီမံကိန်း ကို မြန်မာနိုင်ငံ တောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး မလိဝမ်း နှင့် ဩကြီးဒေသတို့တွင် ၂၀၁၈ ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ် တူးဖော်သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းသုတေသနလုပ်ငန်းသည် ပြင်သစ်နိုင်ငံ French National Centre for Scientific Research-CNRS (ပြင်သစ်အမျိုးသားသိပ္ပံနည်းကျသုတေသနစင်တာ)နှင့် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သုတေသနစီမံကိန်းဖြစ်ပြီး ပြင်သစ်နိုင်ငံ ဥရောပနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးထားခြင်း ဖြစ်ပါသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အစောပိုင်းရာစုနှစ်များအတွင်း တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာအကြားရှိ အစောပိုင်းရေကြောင်းပိုးလမ်းမကုန်သွယ်မှုများကို လေ့လာခြင်းဖြင့် ထိုခေတ်က ဖွံ့ဖြိုးတိုးတက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို သိရှိနိုင်ရန် သုတေသနလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ပိုးလမ်းမဟူသည် ဘီစီ (၂) ရာစုခေတ် (ဟန်မင်း ဆက်ခေတ်) အချိန်မှစ၍ အာရှရှိ တရုတ်နှင့် ဥရောပရှိ ရောမတို့အကြား ပိုးကုန်သည်များ ကူးသန်းရောင်းဝယ် မှုများ ပြုလုပ်ခဲ့ကြပြီး ခရီးအရှည် မိုင်ပေါင်း ၄၀၀၀ ကျော် ဝေးသော ရှေးခေတ်ခရီးသွားလမ်းကြောင်းများ (ကုန်းလမ်း) ပင်ဖြစ်ပါသည်။ ကုန်းလမ်းကုန်သွယ်မှု လမ်းကြောင်းတွင် မြန်မာနိုင်ငံသည်လည်း တစ်ခု ပါဝင် ကြောင်း သိရှိရသည်။ ထို့ပြင် တချို့သော ပညာရှင်များက မြန်မာနိုင်ငံအလယ်ပိုင်း ကြေးခေတ်သံခေတ်သုတေသနမှ တွေ့ရှိရသော အထောက်အထားများအရ မြန်မာနိုင်ငံ အလယ်ပိုင်းမှ ပင်လယ်ဘက်သို့ဖြတ်ထွက်သော လမ်းကြောင်းကွန်ရက်လည်းရှိကြောင်း ယူဆကြသည်။ ပိုးလမ်းမသည် လမ်းကြောင်းကွန်ရက်များစွာရှိပြီး တရုတ်နှင့် အနောက်နိုင်ငံများကို ဆက်သွယ်ထားသည်။ တရုတ်နိုင်ငံမှထွက်ရှိသည့် အဝတ်အထည်များ၊ ပိုးထည် များကို ကူးသန်းရောင်းဝယ်ခဲ့သဖြင့် “Silk Road” ဟု အမည်ကျော်ခဲ့သည်။ ရှေးခေတ် ပိုးကုန်သွယ်ရေး လုပ်ငန်းတွင် ကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်း နှင့် ရေလမ်းကုန်သွယ်ရေးလမ်းကြောင်းဟူ၍ အဓိက လမ်းကြောင်း နှစ်ခုရှိသည်။

ရေကြောင်းပိုးလမ်းမ တစ်ခုဖြစ်

ယခုအခါ မြန်မာ-ပြင်သစ်နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်သော သုတေသနလုပ်ငန်းစီမံကိန်းသည် ပင်လယ် ရေကြောင်းပိုးလမ်းမကို တူးဖော်သုတေသန ဆောင် ရွက်ခြင်း ဖြစ်ပါသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းများသည်လည်း ကုန်းလမ်းကဲ့သို့ပင် မဟာဗျူဟာကျ၍ အဓိကအချက်အချာကျခဲ့သော လမ်းကြောင်းများ ဖြစ်ပါသည်။ ပင်လယ်ကမ်းခြေ၊ တိုက်ခတ်သော မုတ်သုံလေ (ရာသီဥတု)၊ ပင်လယ်ရေစီး ကြောင်း၊ ရေအနက်၊ ကျောက်ဆောင်များ၊ ရေခဲများ ဖုံးလွှမ်းနေသောနေရာများ စသည့်ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများနှင့် နယ်နိမိတ်သတ်မှတ်ချက်များသည် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းများကို ဖော်ဆောင်သည့်နေရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ပင်လယ်ရေကြောင်း ပိုးလမ်းမသည် အရှေ့ ဘက်ရှိ ပစိဖိတ်သမုဒ္ဒရာ (တောင်တရုတ်ပင်လယ်)နှင့် အနောက်ဘက်ရှိ အိန္ဒိယသမုဒ္ဒရာ (ဘင်္ဂလားပင်လယ် အော်) ကြားတွင် ကူးသန်းရောင်းဝယ်ခဲ့ကြသော ရေကြောင်းပိုးလမ်းမ တစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းဒေသနှစ်ခုသည် ရှေးနှစ်ပေါင်းများစွာကပင် ပင်လယ်ရေကြောင်းသွားလာရာ၌ အလွန်အရေးပါသော ကမ်းရိုးတန်းများဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသည်။ အစောပိုင်းရာစုနှစ်များတွင် ကုန်သည် များသည် မုတ်သုံလေကြောင်းနှင့် အသုံးပြုမှုကို သိရှိ ခဲ့ကြသည်။

မုတ်သုံလေကြောင်း တိုက်ခတ်မှုကို ကြည့်၍ ကုန်တင်သင်္ဘောများ ရွက်လွင့်

ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေကြောင်း တိုက်ခတ်မှုကို နှစ်မျိုးတွေ့ရသည်။ မေလဆန်းမှ အောက်တိုဘာလလောက်အထိ အနောက်တောင်ဘက်မှ တိုက်ခတ်၍ နိုဝင်ဘာလမှ မတ်လအထိ အရှေ့မြောက် ဘက်မှ တိုက်ခတ်လေ့ရှိသည်။ ဤသို့ ရာသီအလိုက် ပြောင်းရွှေ့တိုက်ခတ်သော မုတ်သုံလေကြောင်းများ၏ ဦးတည်ရာအရပ်သည် တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်းနှင့် အိန္ဒိယ အရှေ့ဘက်ကမ်းခြေတို့ ဖြစ်သည်။

ရှေးက ကုန်သည်များသည် အနောက်ဘက်မှ မုတ်သုံလေ တိုက်ခတ်သောအခါ အရှေ့ဘက်သို့ ကုန်တင် သင်္ဘောများ ရွက်လွှင့်ကြပြီး အရှေ့ဘက်မှ မုတ်သုံလေ တိုက်ခတ်သောအခါ ပြန်လည်ထွက်ခွာကြသည်။ ထို့ကြောင့်ပင် ဩကြီးနှင့် မလိဝမ်းဒေသသည် ကမ္ဘာ့ ပထဝီဝင်အနေအထားအရ မုတ်သုံလေကြောင်းနှင့် အံဝင်ခွင်ကျပင် ရှိနေသည်။ ဩကြီးနှင့် မလိဝမ်းဒေသတွင် တူးဖော်တွေ့ရှိရသော အထောက်အထားများအရ အစောပိုင်းရာစုနှစ်များအတွင်း တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာအကြားမှ ကုန်သွယ်ဆိပ်ကမ်း တစ်ခုဖြစ်လိမ့်မည်ဟု သုံးသပ်ယူဆရပါသည်။

ထို့ပြင် ကုန်သွယ်မှုတင်မက အရှေ့နှင့်အနောက် ယဉ်ကျေးမှုများကိုပါ ကူးလူးဆက်နွှယ်ခဲ့ပြီး ကိုးကွယ် ယုံကြည်မှု၊ ဘာသာစကား အတွေးအခေါ်များကိုပါ ဖလှယ်ခွင့် ရရှိခဲ့ပါသည်။ ကုန်သည်များသည် ကုန်စည် များကို ကူးသန်းရောင်းဝယ်ကြရင်း အင်ဒိုချိုင်းနား ကျွန်းဆွယ်တစ်လျှောက်ရှိ ကုန်သွယ်ဆိပ်ကမ်းမြို့များနှင့် ယာယီကုန်သွယ်ဆိပ်ကမ်းများတွင် ၎င်းတို့၏ ရွက် သင်္ဘောများအား ကုန်ပစ္စည်းများ ပြန်လည်ဖြည့်ဆည်း ခြင်း၊ ရောင်းချခြင်း၊ ဒေသထွက်ကုန်စည်များနှင့် ဖလှယ်ခြင်းများ ပြုလုပ်ကြပြီး အခြားကုန်သည်များနှင့် အကြံဉာဏ်များဖလှယ်ခြင်း စသည်ဖြင့် ယဉ်ကျေးမှု၊ အတွေးအခေါ်များကိုပါ ပြောင်းလဲနိုင်ခဲ့သဖြင့် အင်ဒိုချိုင်း နား ကျွန်းဆွယ်တစ်ခုလုံးသည် တောင်တရုတ် ပင်လယ် နှင့် အိန္ဒိယသမုဒ္ဒရာအကြား ဗဟိုအချက်အချာကျသော နေရာတစ်ခု ဖြစ်ခဲ့ပါသည်။

ထိုသို့ ဗဟိုချက်မနေရာတွင် တည်ရှိသော ကော့သောင်းခရိုင်၊ မလိဝမ်းနှင့် ဩကြီးဒေသတို့တွင် ၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာ- ပြင်သစ်နှစ်နိုင်ငံပူးပေါင်း ရှေးဟောင်းသုတေသနအဖွဲ့သည် (၄)ရာစု၊ (၂)ရာစု ဘီစီအတွင်း ထွန်းကားခဲ့သော ကုန်သွယ်ဆိပ်ကမ်းနေရာများနှင့် မြို့ဟောင်းများကို ဖော်ထုတ်နိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်မှစတင်၍ ပင်လယ်ရေကြောင်း ပိုးလမ်းမများသုတေသနလုပ်ငန်း ဆောင်ရွက်သော မလိဝမ်းဒေသသည် ကော့သောင်းမြို့မှ (၃၁)မိုင်အကွာ မြောက်လတ္တီတွဒ်(N 10.19' 28.9")၊ အရှေ့လောင်ဂျီတွဒ် (E 098. 37' 16.5")တွင် တည်ရှိပါသည်။ မလိဝမ်းဒေသ၏ အရှေ့ဘက်တွင် “Kraburi” (ခေါ်) ပါချန်မြစ်ရှိ၍ အနောက်ဘက်တွင် တောင်တန်းအနည်းငယ်ကာထားသည်ကိုတွေ့ရပြီး တောင်တန်းအပေါ်မှကြည့်လျှင် ဘင်္ဂလားပင်လယ်ကို မြင်နိုင်ပါသည်။ ပါချန်မြစ်ဝှမ်း လွင်ပြင်၏ အနည်းငယ်မြင့်သောနေရာတွင် တည်ရှိ၍ ဘင်္ဂလားပင်လယ်အော်ဘက်မှ တိုက်ခတ်လာသော မုတ်သုံလေကိုလည်း ကာကွယ်နိုင်သော အနေအထားတွင် တည်ရှိသည်။

စမ်းသပ်တူးဖော်သုတေသနလုပ်ငန်း ဆောင်ရွက်

မလိဝမ်းနှင့် ဩကြီးဒေသ၌ ပထမအကြိမ်တွင် တူးဖော်စမ်းသပ်ကျင်း(Test pits) ၁၈ ခု၊ ဒုတိယအကြိမ် တွင် ၃၄ ခုနှင့် မြေလွှာဖြတ်ပိုင်း(Section) နှစ်ခု၊ တတိယ အကြိမ်တွင် ၂၃ ခုကို စမ်းသပ်တူးဖော်သုတေသနလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ပထမအကြိမ် တူးဖော်မှုမှ စမ်းသပ်ကျင်း အမှတ်-၄(Test Pit-4)တွင် ဖန်ပုတီးစေ့များ၊ လုပ်လက်စ ဖန်ပုတီးစေ့များအပြင် သစ်သားအဆောက်အအုံ ဆောက်လုပ်ထားသည့်နေရာဟု ယူဆရသောနေရာနှင့် ရေမြောင်းများကိုပါ တွေ့ရှိရသည်။

ထို့ပြင် စမ်းသပ်ကျင်းအမှတ်-၆ (Test Pit-6) တွင်လည်း ရေမြောင်းများနှင့် တိုင်ကျင်းရာများကို တွေ့ရှိခဲ့ရပါသည်။ Test Pit-6 မှ တွေ့ရှိရသော မီးသွေးစ များကို ရေဒီယိုကာဗွန် စမ်းသပ်ချက်များအရလည်း (၃)ရာစု ဘီစီမှ (၁) ရာစုဘီစီအတွင်း သက်တမ်းရှိကြောင်း တွေ့ရှိရပါသည်။

ဒုတိယအကြိမ်တွင် အရှေ့အနောက် ၇၀ မီတာ၊ အကျယ် ၁၀၊ ၁၂ မီတာ၊ အမြင့် ၄ မီတာရှိ၍ မြေမြို့ရိုးဟု ယူဆရသော နေရာတွင် စမ်းသပ်ကျင်း(Test Pit) ၅ ခု နှင့် မြေလွှာဖြတ်ပိုင်း (section ၂) ကို စမ်းသပ်တူးဖော် ကြည့်ရာ သဘာဝအတိုင်း တည်ရှိနေသော မြေပေါင်ရိုး မဟုတ်ဘဲ လူဖန်တီးထားသော မြေမြို့ရိုးဖြစ်ကြောင်း တွေ့ရှိရသည်။

မြေမြို့ရိုး၏ အရှေ့ဘက်အစွန်ဆုံးနေရာ၌ မြို့ရိုး အောက်ခြေတွင် အတော်အသင့် မာကျောသော ကျောက်များကို မြို့ရိုးအမာခံအဖြစ် ဖို့တင်ထားပြီး အပေါ်ယံတွင် မြေလွှာအဆင့်ဆင့် ထပ်တင်ထားခြင်းဖြစ် ကြောင်း တွေ့ရှိရသည်။ မြေလွှာဖြတ်ပိုင်း (section) အရ မြေလွှာ ၁၁ လွှာကို ထင်ရှားစွာ တွေ့ရှိရပါသည်။

ထို့ပြင် မြို့ရိုး၏အရှေ့ဘက် အနည်းငယ်မြင့်သော တောင်ကုန်းထိပ်တွင် စမ်းသပ်တူးဖော်မှုများဆောင်ရွက်ခဲ့ရာ အိုးခြမ်းကွဲများ၊ ပုတီးစေ့များ၊ သံလက်နက်များအပြင် ဘဲဥပုံသဏ္ဌာန်ရှိ၍ ကျောက်ခဲများဖြင့် စီထားသော မီးဖိုနေရာများကို Test Pit-37 တွင်တွေ့ရှိရသည်။

မလိဝမ်းဒေသ တူးဖော်မှုဧရိယာမှ တူးဖော်တွေ့ရှိ ရသော အထောက်အထားများအရ မြေနိမ့်ပိုင်းနေရာများ တွင်သာမက အနည်းငယ်မြင့်သော တောင်ကုန်းနေရာ များအထိ အစောပိုင်း ရာစုနှစ်များအတွင်း လူနေထိုင်မှု အထောက်အထားကို တွေ့ရှိရပါသည်။

တတိယအကြိမ် တူးဖော်မှု၏ စမ်းသပ်ကျင်းအမှတ်-၆၉(Test pit-69)တွင် မြေလွှာအနက် ၂ ဒသမ ၂၇ မီတာ အထိ လူနေမှုအထောက်အထားများကို တွေ့ရှိရသည်။ မြေလွှာအမှတ်-၇ တွင် အိုးခြမ်းကွဲများ၊ ပုတီးစေ့များ၊ အိုးများ၊ မီးလောင်ပြာနှင့် မီးသွေးရောနှောနေသော မြေလွှာများကို ၆၅ စင်တီမီတာ (65 cm)အထူထိ တွေ့ရှိ ရသည်။

ထိုမြေလွှာများကို ကြည့်ခြင်းအားဖြင့် ထိုခေတ် အချိန်က လူနေမှုအထူထပ်ဆုံးနှင့် ခေတ်အဆက်ဆက် အခြေချနေထိုင်မှုရှိနေသည်ကို ညွှန်ပြနေပေသည်။ ဩကြီးသည် မလိဝမ်း၏အနောက်ဘက် ၁၅ ကီလိုမီတာ အကွာတွင်တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပါသည်။ ဩကြီးဒေသတွင်မူ နေရာတော်တော်များများတွင် တရားမဝင်တူးဖော်ထား ကြပြီး စနစ်တကျစမ်းသပ် တူးဖော်နိုင်သောနေရာဟူ၍ ကောင်းစွာမရရှိတော့ပေ။ ဩကြီးဒေသတူးဖော်မှုများမှ အိုးခြမ်းကွဲများ၊ ပုတီးစေ့များကို အများအပြား တွေ့ရှိ ရပါသည်။

ထို့ပြင် ဩကြီးကိုကီး ဆိုသော နေရာတွင် ကျောက်ဖြင့် တည်ဆောက်ထားသော ရှေးဟောင်း သင်္ဘောဆိပ်ဟု ယူဆရသောနေရာတစ်ခုကို တွေ့ရှိရ သည်။ အရှည်မီတာ ၂၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ယင်းကျောက်လွှာနေရာသည် ဒီရေတက်ချိန်တွင် မျက်နှာ ပြင်ကို ရေဖုံးလွှမ်းနေပြီး ဒီရေကျချိန်တွင်မူ ရေပြင်မှ အမြင့် ၁၀ ပေခန့် မြင့်သောနေရာတွင် တည်ရှိသည်။ ယင်းဆိပ်ခံကျောက်လွှာ၏ အပေါ်ဘက်တွင် စမ်းသပ်တူး ဖော်မှုလုပ်ငန်းကို ဆောင်ရွက်ကြည့်ရာ အရိုးအိုးများ၊ ပုတီးစေ့များ၊ ကျောက်ပုဆိန်များကို တွေ့ရှိရပါသည်။

ပြင်သစ်ရှေးဟောင်းသုတေသန ပညာရှင်များ၏ ကနဦးလေ့လာချက်များနှင့် တူးဖော်မှု အထောက်အထား များအရ ဗီယက်နမ်တောင်ပိုင်းရှိ OcEo ဒေသမှ တွေ့ရှိရ သော တရုတ်နိုင်ငံ ဟန်ခေတ်အိုးခြမ်းကွဲများနှင့် လည်း ကောင်း၊ အိန္ဒိယတောင်ပိုင်း အိုးခြမ်းကွဲများနှင့် လည်းကောင်း ဆက်စပ်မှုရှိကြောင်း သိရှိရပါသည်။

ထို့ပြင် ထိုင်းနိုင်ငံရှိ Phu Khao Thong နှင့် Khao Sam Kaeo ဒေသများနည်းတူ မြေထဲပင်လယ်ဒေသ (အရှေ့ အလယ်ပိုင်း၊ ဗဟိုအာရှ) မှ ရွှေရောင်သုတ်လိမ်း ထားသော ပုတီးများ၊ ဖန်ထည်ပစ္စည်းများကိုလည်း မလိဝမ်းနှင့် ဩကြီးဒေသတွင် တွေ့ရသည့်အပြင် အိန္ဒိယနှင့် သီရိလင်္ကာ (သီဟိုဠ်)တို့တွင် တွေ့ရသည့် ဂေါ်မုတ်နီ (Garnet) ကျောက်အမျိုးအစား ကုန်ကြမ်း ပစ္စည်းများ၊ လုပ်လက်စပုတီးစေ့များ၊ ပုတီးစေ့များကို အများအပြား တွေ့ရှိရသည်။ (ဂေါ်မုတ်နီ(Garnet) ကုန်ကြမ်းပစ္စည်းများအား ၎င်းဒေသမှ တင်သွင်းသည်) အခြားသော ပုတီးစေ့ပြုလုပ်နိုင်သည့် ကျောက်ကြမ်း ထည်များ၊ ဖန်အကြမ်းထည် အပိုင်းအစများကို အရောင် အမျိုးမျိုးဖြင့် အများအပြား တွေ့ရှိရပေသည်။ ဖန်ထည် များကို အိန္ဒိယနှင့် ထိုင်းနိုင်ငံ ခိုဆမ်ခိုဒေသများမှ တွေ့ရှိရသော ဖန်ပုတီးစေ့များကို နှိုင်းယှဉ်လေ့လာချက် များအရ (၄) ရာစုဘီစီမှ (၂) ရာစုဘီစီ သက်တမ်း ရှိသည်။ (၂၀၁၅ ခုနှစ်တွင်လည်း တနင်္သာရီမြို့ဟောင်း ရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံဆောက်လုပ်ရန် မြေညှိရာမှ အိုးထဲတွင် ငွေစေ့တုံးငယ်များနှင့်ရောနှော၍ ပါရှန်အက္ခရာပါ ရွှေဒင်္ဂါးတစ်ခုကို တွေ့ခဲ့ဖူးသည်။ ယခု တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက် (ထားဝယ်)တွင် ပြသထားသည်။)

မြန်မာနိုင်ငံ မလိဝမ်းနှင့် ဩကြီးဒေသတို့တွင် အိုးခြမ်းကွဲများ၊ ဖန်ထည်များ၊ ကြေးမြားသွားများ၊ ရောင်စုံကျောက်ပုတီးစေ့များအပြင် ဗြာဟ္မီအက္ခရာဟု ယူဆရသော စာတန်းပါ တံဆိပ်တုံးကိုလည်း အများ အပြား တွေ့ရသည်ဟု သိရှိရသည်။

တချို့တံဆိပ်တုံးများသည် အက္ခရာမဟုတ်ဘဲ ရုပ်ပုံတံဆိပ်တုံးများဟု ယူဆရသော အမှတ်တံဆိပ်ပါ တံဆိပ်တုံးများ ဖြစ်ပါသည်။ အရှေ့အရပ် (တောင်တရုတ် ပင်လယ်)နှင့် အနောက်အရပ်(အိန္ဒိယသမုဒ္ဒရာ) ဘက်မှ လာသော ပစ္စည်းများကို လေ့လာခြင်းဖြင့် ပင်လယ် ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်း ကွန်ရက်များ သည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ ကမ်းရိုးတန်း တစ်လျှောက်တွင် ပါဝင်သော မြန်မာနိုင်ငံတွင်လည်း ထွန်ကားခဲ့သည်ကို သိနိုင်ပါသည်။

တူးဖော်တွေ့ရှိရသော အထောက်အထားများအရ မလိဝမ်းဒေသတွင် မြေမြို့ရိုးများတွေ့ရှိရပြီး ဩကြီး ဒေသတွင်မူ ရှေးဟောင်း ဝတ္ထုပစ္စည်းများမှအပ မြို့ဟောင်းရာနှင့် သက်ဆိုင်နိုင်သော အထောက်အထား များ မတွေ့ရှိရပေ။ ဩကြီးဒေသသည် ပင်လယ်ကမ်းရိုး တန်းနှင့် နီးကပ်စွာတည်ရှိပြီး မြေမြို့ရိုးများ တွေ့ရှိရသော မလိဝမ်းဒေသသည် ဩကြီးဒေသနှင့် နှိုင်းယှဉ်ပါက ယခုအခါပင်လယ်ဆိပ်ကမ်းနှင့်အနည်းငယ် အလှမ်းဝေးသည်။ ပါချန်မြစ်မှတစ်ဆင့် မြစ်လက်တက်များသို့ ဝင်ရောက် လာမှသာ မလိဝမ်းသို့ ရောက်ရှိနိုင်ပါသည်။ တွေ့ရှိ ရသော ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများအရ ထွန်းကားသော အချိန်ကာလသည် တစ်ပြိုင်တည်း ဖြစ်သော်လည်း ဩကြီးသည် ပင်လယ်ကမ်းစပ်တွင် တည်ရှိနေသော ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုဖြစ်နိုင်ပြီး မလိဝမ်းသည် ရှေးဟောင်းကုန်သွယ်ဆိပ်ကမ်းမြို့ တစ်ခု ဖြစ်နိုင်ပါသည်။

သို့သော် တိကျခိုင်မာသော သက်သေအထောက် အထားများ ရရှိနိုင်ရန် ဆက်လက်၍ သုတေသနလုပ်ငန်း များကို ရှေ့ဆက်ဆောင်ရွက်ရဦးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်း ကုန်သွယ် ရေးလမ်းကြောင်းများ (Maritime silk Roads)ကို သုတေသနလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက တနင်္သာရီ ကော့သောင်းဒေသ တစ်ခုတည်းနှင့် မလုံလောက်ပေ။ ခေတ်အဆက်ဆက် မြို့ပြယဉ်ကျေးမှုထွန်းကားခဲ့သော ရခိုင်ကမ်းရိုးတန်းဒေသနှင့် မုတ္တမပင်လယ်ကွေ့ (ကမ်းရိုး တန်း) တစ်လျှောက်ကိုလည်း သုတေသနပြုလုပ်ငန်း ဆောင်ရွက်ရမည်မှာ မလွဲပေ။

ခေတ်အဆက်ဆက် ရခိုင်ကမ်းရိုးတန်းသည်လည်း အနောက်ဘက်ကုန်သည်များနှင့် ကူးလူးဆက်ဆံမှု ရှိခဲ့ ကြပြီး နိုင်ငံရေးအတွေးအခေါ် အယူအဆများ၊ ယဉ်ကျေးမှုများ ဖလှယ်နိုင်ခဲ့သကဲ့သို့ မွန်ပြည်နယ်ဘက်မှ မုတ္တမစဉ့်အိုး(Martaban jars) သည်လည်း ပင်လယ်ရေ ကြောင်း ကုန်သွယ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ယခုအခါ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းကပင် အရှေ့နှင့်အနောက် ပင်လယ် ရေကြောင်း ကူးသန်းရောင်းဝယ်ကြရာတွင် မလိဝမ်းနှင့် ဩကြီးဒေသတွင် ရေကြောင်းကုန်သွယ်ရေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ခဲ့သော အထောက်အထားများကို တွေ့ရှိ ရပါသည်။

အရှေ့ဘက်မှ ကုန်သည်များသည် တောင်တရုတ် ပင်လယ်မှတစ်ဆင့်၊ အနောက်ဘက်မှ ကုန်သည်များ သည် အိန္ဒိယသမုဒ္ဒရာ (ဘင်္ဂလားပင်လယ်အော်)မှ တစ်ဆင့် ကုန်သွယ်ကြရာတွင် ထိုင်းနိုင်ငံရှိ Khao Sam Kaeo ဒေသသည် စည်ကားဖွံ့ဖြိုးခဲ့သော ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သကဲ့သို့ မြန်မာနိုင်ငံဘက်မှ မလိဝမ်းနှင့် ဩကြီးဒေသသည်လည်း ထိုခေတ်ကာလအချိန်တွင် စည်ကားဖွံ့ဖြိုးခဲ့သော ပင်လယ်ဆိပ်ကမ်း ဖြစ်ခဲ့သည်မှာ သေချာနေပေသည်။ မလိဝမ်းနှင့် ဩကြီးဒေသတို့တွင် လေ့လာသုတေသနပြုမှုသည် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်အကြား မြန်မာနိုင်ငံ၏ အစောဆုံးရေကြောင်း ပိုးလမ်းမများ၊ ဆိပ်ကမ်းမြို့များ၏ သမိုင်းကြောင်းကို ဖော်ထုတ်နိုင်ရန်အတွက် များစွာ အထောက်အကူ ပြုပေလိမ့်မည်။

တနင်္သာရီတိုင်းဒေသကြီးသည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ထားဝယ်-ထီးခီး နယ်စပ် ဂိတ်မှ လည်းကောင်း၊ တနင်္သာရီ-မောတောင်နယ်စပ်ဂိတ်မှ လည်းကောင်း၊ ကော့သောင်းရနောင်းနယ်စပ်ဂိတ်မှ လည်းကောင်း ကုန်သွယ်စီးဆင်းနေသော တိုင်းဒေသကြီး တစ်ခုဖြစ်ပါသည်။

ထိုသို့ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုအတွက် များစွာအကျိုးကျေးဇူးများသကဲ့သို့ နောက်ဆက်တွဲအနေဖြင့် အမွေအနှစ်ထိခိုက်မှု (Heritage impact) အတွက် စိုးရိမ်ရသောအနေအထားတွင် ရှိနေပါသည်။

ယဉ်ကျေးမှုအမွေအနှစ်၏ တန်ဖိုးနှင့်ပတ်သက်၍ ဒေသခံတိုင်းရင်းသားများအနေဖြင့် သိရှိနားလည် တန်ဖိုး ထားတတ်ရန် များစွာလိုအပ်နေသကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ရန် လိုအပ်နေပါသည်။

သက်ဆိုင်ရာအာဏာပိုင်များက တားမြစ်ထားသော် လည်း ယခုလက်ရှိအချိန်ထိပင် မလိဝမ်းနှင့် ဩကြီး ဒေသတွင် တရားမဝင်တူးဖော်မှုများကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေကြပြီး ရရှိလာသော ရှေးဟောင်းဝတ္ထု ပစ္စည်းများအပေါ်မူတည်၍ တစ်ဖက်နိုင်ငံသို့လည်း ကောင်း၊ မြန်မာပြည်တွင်းတွင်လည်ကောင်း ရောင်းဝယ် ဖောက်ကားနေကြကြောင်း သိရှိရသည်။ ထိုသို့သော အခြေအနေများမှ ကင်းဝေးနိုင်စေရန် ဥပဒေကြောင်းအရ တားမြစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက် ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ် ပါသည်။

ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးဟူသည် ငွေကြေးနှင့် တိုင်းတာ၍ မရစကောင်းသော အရာဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကပင် ဖြစ်တည်လျက် တည်ရှိလာ သော ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများကို ထိန်းသိမ်း စောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်းတွင် ရှိသင့် ရှိထိုက်သော အမျိုးသားရေး တာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ ။

မောင်ကနန်း