မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပ

၁၇ ဇန်နဝါရီ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ ရွေးကောက်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက MFF ရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အမှာစကား ပြော ကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဇော်မင်းစိန်၊ အဖွဲ့ဝင် ဦးဘန်နီတင်အောင် \တို့က ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 ၂၀၂၀-၂၀၂၄ ခုနှစ်အတွက်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ ရွေးကောက်ပွဲကို ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး အဖွဲ့ချုပ်သက်တမ်းတစ်လျှောက် ဒုတိယအကြိမ်ပြုလုပ်သည့် ရွေးကောက်ပွဲလည်းဖြစ်သည်။ 

ရွေးကောက်ပွဲဝင်လိုသူများကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ အမည်စာရင်းတင်သွင်းခွင့်ပြုခဲ့ပြီး ဥက္ကဋ္ဌအပါအဝင် စုစုပေါင်း ၁၉ နေရာတွင် ၆ နေရာ ရွေးကောက်တင်မြောက်ရမည်ဖြစ်သည်။ ဥက္ကဋ္ဌနေရာအတွက် လာရောက်လျှောက်ထားသူမရှိသောကြောင့် လက်ရှိဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ဆက်လက်ရွေးချယ်ခံကာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဒုဥက္ကဋ္ဌနှစ်ဦးအပါအဝင် အမှုဆောင်နေရာခြောက်နေရာအတွက် ရွေးကောက်တင်မြောက်ခြင်းကို ဇန်နဝါရီ ၃၀ ရက်တွင် မဲဆန္ဒဖြင့် ရွေးချယ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ MNL ပြိုင်ပွဲနှင့် MNL-2 ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် ကလပ်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၆၁ မဲပေးခွင့်ရရှိမည်ဖြစ်သည်။  
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ ရွေးကောက်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများလည်း တက်ရောက်လေ့လာ မည်ဖြစ်သည်။

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်းစိန် (ဥပဒေအကြံပေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၊ အဖွဲ့ဝင်များအဖြစ် ဦးဘန်နီတင်အောင် (နည်းစနစ်ကော်မတီ နာယက၊  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၊ ဦးခင်မောင်မြင့် ( ညွှန်ကြားရေးမှူး-ငြိမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးသန်းထွန်း (အဖွဲ့ဝင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ)၊ ဦးတင်အောင် (ဂိုး)၊ (နည်းစနစ်ကော်မတီနာယက၊  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်) တို့ ပါဝင်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်