မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ဆန်းစစ်ခန့်မှန်းခြင်း

ဒေါက်တာသိန်းထွန်း (ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း)

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်နိုင်သည့် အလားအလာ ရှိမရှိ၊ ဖြစ်လာမည်ဆိုပါက မည်သည့်အချိန်တွင် စတင်ပြီး မည်မျှကြာကြာ ဖြစ်မည်ကို သိလိုကြပေမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၁-၃-၂၀၂၀ ရက်နေ့မှ စ၍ ထုတ်ပြန်သော Novel Coronavirus (2019-nCoV) Situation Report မှ စာရင်းဇယားများကို အဓိကအခြေခံပြီး နိုင်ငံအချို့၏ ဖြစ်စဉ်ကိုလေ့လာ၍ မြန်မာနိုင်ငံ၌ ဖြစ်လာနိုင်သည့် အခြေအနေကို ခန့်မှန်းတင်ပြထားခြင်းဖြစ်ပါသည်။

 

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့

 

ဝူဟန်မြို့၏ပထမဆုံးလူနာသည် ၁-၁၂-၂၀၁၉ ရက်နေ့တွင် ရောဂါလက္ခဏာများ စတင်ပြသခဲ့သည်။ လူနာများ များပြားလာသည့် ကူးစက်မှုအသွင် (outbreak) ကို သတိမပြုမိကြပါ။ ၂၇-၁၂-၂၀၁၉ ရက်နေ့တွင် ဝူဟန်ဆေးရုံက ဒေသတွင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာသို့ သတင်းပို့ခဲ့သည်။ ဒေသတွင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာက ဟွာနန် ပင်လယ်စာဈေးနှင့် ဆက်စပ်ပြီး အဆုတ်ဝေဒနာလူနာများ ဖြစ်ပွားလျက်ရှိကြောင်း ဝန်ခံခဲ့သည်။ South China Morning Post သတင်းစာက ၁၇-၁၁-၂၀၂၀ ရက်နေ့ ကတည်းက ပထမဆုံးလူနာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၇-၁-၂၀၂၀ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား အသစ်ကြောင့်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်။ ရောဂါပိုး အသစ်ဖြစ်သောကြောင့် အစပိုင်းတွင် ရောဂါကာကွယ် ထိန်းချုပ်မှုများ နှောင့်နှေးခဲ့ရသည်။ ကူးစက်မှု ဖြစ်ပွားနေသည့် အချိန်မှာပင် ဝူဟန်မိသားစု ၄၀၀၀၀ ကျော် တက်ရောက်ပြီး နှစ်ပေါင်း ၂၀ ကျော် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Kitchen God ပွဲတော်-Potluck စားသောက်ပွဲကို ၁၉-၁-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းအရ ၂၀-၁-၂၀၂၀ ရက်နေ့တွင် ဟူပေပြည်နယ် ဝူဟန်တွင် ၂၅၈ ဦး၊ ဂွမ်ဒေါင်းတွင် ၁၄ ဦး၊ ပီကင်းတွင် ငါးဦး၊ ရှန်ဟိုင်းတွင်တစ်ဦး ပိုးတွေ့ရှိထားပြီး ဖြစ်ပါသည်။ ဟူပေပြည်နယ် ဝူဟန်တွင် ၂၀-၁-၂၀၂၀ ရက်နေ့၌ ပိုးတွေ့ ၂၅၈ ဦးရှိရာမှ တစ်ရက်ပြီးတစ်ရက် များပြားလာပြီး ၅-၂-၂၀၂၀ ရက်နေ့တွင် အမြင့်ဆုံး နေ့စဉ်ပိုးတွေ့ လူနာအရေအတွက် ၃၁၅၆ ဦးသို့ ရောက်ရှိသွားပါသည်။ ၎င်းနေ့တွင် တစ်နိုင်ငံလုံးအနေဖြင့် ၃၈၉၂ ဦး ပိုးတွေ့ပါသည်။ ထို့နောက် လူနာတွေ့ရှိမှု တဖြည်းဖြည်းလျော့နည်းသွားပြီး ဝူဟန်တွင် ၁၅-၃-၂၀၂၀ ရက်နေ့၌ လူနာလေးဦးသာ ပိုးတွေ့ပါသည်။ ဝူဟန်တွင် နေ့စဉ် ပိုးတွေ့လူနာ ကျဆင်းသွားသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ၁-၄-၂၀၂၀ ရက်နေ့တွင် လူနာသစ် ၈၆ ဦး ရှိနေပါသည်။

 

mdn

 

တောင်ကိုရီးယားနိုင်ငံ

 

တောင်ကိုရီးယားနိုင်ငံ၏ လူနာနံပါတ် - ၁ သည် တရုတ်နိုင်ငံ ဝူဟန်မှလာသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ၂၀-၁-၂၀၂၀ ရက်နေ့တွင် တွေ့ရှိပါသည်။ ၂၀-၁-၂၀၂၀ မှ ၁၆-၂- ၂၀၂၀ ရက်နေ့အထိ နေ့စဉ်သို့မဟုတ် ရက်ခြား တစ်ဦး၊ နှစ်ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်း ၃၀ ပိုးတွေ့ခဲ့ရာ ၁၁ ဦးမှာ နိုင်ငံတွင်း ကူးစက်မှုကြောင့်ဖြစ်ပါသည်။ ကျန် ၁၉ ဦးမှာ ပြည်ပ (အများစုမှာဝူဟန်) မှ ရောဂါရလာသူများ ဖြစ်သည်။ ၁၈-၂-၂၀၂၀ ရက်နေ့တွင် ဒေဂူးမြို့၌ တွေ့ရသော လူနာနံပါတ်-၃၁ သည် Shincheonji ဘာသာရေးအဖွဲ့ ဝင်တစ်ဦးဖြစ်သည်။ ၁၉-၂-၂၀၂၀ ရက်နေ့တွင် နေ့စဉ်လူနာသစ် ၂၀ အထိ ရောက်ရှိလာပြီး ဆက်လက်၍ လူနာသစ်များ အဆများစွာ များပြားလာကာ ၂၉-၂-၂၀၂၀ ရက်နေ့တွင် လူနာသစ် ၈၁၃ ဦးအထိ အမြင့်ဆုံးသို့ ရောက်ရှိလာပါသည်။ ထို့နောက် တဖြည်းဖြည်း နေ့စဉ်လူနာသစ် တွေ့ရှိမှုကျဆင်းသွားပြီး ၂၃-၃-၂၀၂၀ ရက်နေ့တွင် လူနာသစ် ၆၄ ဦးဖြင့် အနည်းဆုံးအဆင့်သို့ ရောက်ရှိသွားပါသည်။ သို့သော် လူနာသစ်များ ဆက်လက်တွေ့ရှိလျက်ရှိရာ ၁-၄-၂၀၂၀ ရက်နေ့တွင် လူနာသစ် ၁၀၁ ဦးတွေ့နေဆဲဖြစ်ပါသည်။ တောင်ကိုရီးယား ပိုးတွေ့လူနာအားလုံး၏ ၇၀ ဒသမ ၅ ရာခိုင်နှုန်းသည် ဒေဂူးမှဖြစ်ပါသည်။ ၁၉-၂၂၀၂၀ ရက်နေ့မှစ၍ အစုလိုက်အပြုံလိုက် ဖြစ်ပွားမှုသည် အဓိကအားဖြင့် ၎င်းမတိုင်မီ shincheonji ဘုရားကျောင်း၌ လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ခြင်းနှင့် ဆက်နွယ်နေပါသည်။ တစ်နိုင်ငံလုံး ပိုးတွေ့မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်သည် အဆိုပါဘုရားကျောင်းနှင့် ဆက်စပ်နေပါသည်။ လူနာနံပါတ်-၁ တွေ့သည့် ၂၀-၁-၂၀၂၀ ရက် နေ့မှ ကပ်ရောဂါအသွင် စတင်ဖြစ်ပွားသည့် ၁၉-၂-၂၀၂၀ ရက်နေ့အထိ ရက်ပေါင်း ၃၀ ကြာမြင့်ပါသည်။ ကပ်ရောဂါအသွင် စတင်ဖြစ်ပွားသော ၁၉-၂-၂၀၂၀ ရက်နေ့မှ တွေ့ရှိမှု အမြင့်ဆုံးဖြစ်သည့် ၂၉-၂-၂၀၂၀ ရက်နေ့အထိ ၁၀ ရက် ကြာပါသည်။ အဆိုပါ အများဆုံးရက် ၂၉-၂-၂၀၂၀ ရက်နေ့မှ လူနာဦးရေပြန်လည် နည်းသွားပြီး လူနာအနည်းဆုံးရက် ၂၃-၃-၂၀၂၀ ရက်နေ့အထိ ၂၃ ရက် ကြာပါသည်။

 

mdn

 

ထိုင်းနိုင်ငံ

 

ထိုင်းနိုင်ငံ၏ လူနာနံပါတ်-၁ သည် ဝူဟန်မှလာသောသူ ဖြစ်သည်။ ၁၃-၁-၂၀၂၀ ရက်နေ့တွင် တွေ့ရှိပါသည်။ ထို့နောက်နိုင်ငံတွင်းသို့ ဝင်လာသူများကို စောင့်ကြပ်စစ်ဆေးရာ ဇန်နဝါရီလ တစ်လလုံး လူနာအနည်းငယ်သာ တွေ့ရသည်။ အားလုံးသည် တရုတ်ပြည်မှ လာသူများဖြစ်သည်။ ၃၁-၁၂၀၂၀ ရက်နေ့တွင် ပြည်တွင်းကူးစက်မှုကြောင့် ဖြစ်သော လူနာအနည်းငယ် တွေ့ရသည်။ ဖေဖော်ဝါရီလ တစ်လလုံး လူနာအနည်းငယ်သာ တွေ့ရသည်။ ဖေဖော်ဝါရီလအကုန် အထိ စုစုပေါင်းလူနာ ၄၀ သာရှိခဲ့သည်။ မတ်လလယ်တွင် လူနာသစ်များ တစ်ရှိန်ထိုး တိုးတက်များပြားလာပါသည်။ ၂၂-၃-၂၀၂၀ ရက်နေ့တွင် လူနာသစ် ၁၈၈ ဦးဖြင့် တွေ့ရှိမှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ ၁-၄-၂၀၂၀ ရက်နေ့အထိ အတက်အကျ အနည်းငယ်ဖြင့် အကျဘက်သို့ ဦးတည်နေပါသည်။ မတ်လလယ်တွင် လူနာများလာရခြင်းမှာ နေရာအနှံ့ အစုအဖွဲ့များတွင် ကူးစက်မှုဖြစ်ပွားသောကြောင့် ဖြစ်သည်။

 

အများဆုံးဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ ၆-၃-၂၀၂၀ ရက်နေ့တွင် ကုမ္ပဏီလက်ဝှေ့ရုံ၌ ကျင်းပသော မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှ ကူးစက်သွားခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး ပိုးတွေ့သူ စုစုပေါင်း၏ ၇၀ ရာခိုင် နှုန်းခန့်မှာ ဗန်ကောက်မှဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် လူနာနံပါတ်-၁ တွေ့သည့် ၁၃-၁-၂၀၂၀ ရက်နေ့မှ ကပ်ရောဂါအသွင် စတင်ဖြစ်ပွားသည့် ၁၁-၃-၂၀၂၀ ရက်အထိ ရက်ပေါင်း ၅၈ ရက် ကြာပါသည်။ လူနာအရေအတွက် စတင်မြင့်တက်လာသည့် ၁၁-၃-၂၀၂၀ ရက်နေ့မှလူနာသစ် တွေ့ရှိမှု အများဆုံး ၂၂-၃-၂၀၂၀ ရက်နေ့အထိ ၁၁ ရက် ကြာပါသည်။

 

မြန်မာနိုင်ငံ

 

မြန်မာနိုင်ငံတွင် ၂၃-၃-၂၀၂၀ ရက်နေ့၌ ပြည်ပမှ ပြန်လာသော အမျိုးသားနှစ်ဦး၌ ရောဂါပိုး စတင်တွေ့ရှိခဲ့ သည်။ ၂၄-၃-၂၀၂၀ ရက်နေ့ မှ ၂-၄-၂၀၂၀ ရက်နေ့အထိ စုစုပေါင်းပိုးတွေ့သူ ၂၀ ရှိပြီး ရှစ်ဦးမှအပ ကျန် ၁၂ ဦးသည် ပြည်ပမှ ရောဂါရရှိလာသူများဖြစ်သည်။ ကိုဗစ်-၁၉ သည် ကိုရိုနာဗိုင်းရပ်အမျိုးတွင် ပါဝင်သော်လည်း မျိုးရိုးဗီဇအရ ရောဂါပိုးအသစ် ဖြစ်ပါသည်။ လူတိုင်းလိုလို ရောဂါပိုးကို ခုခံနိုင်သည့် ခုခံအားမရှိကြသေးပါ။ လူထုတွင် ရောဂါပိုး ဝင်ရောက်ပြီး ကူးစက်ဖြစ်ပွားပါက ၈၀ ရာခိုင်နှုန်းသည် မပြင်းထန်သော သာမန်ရောဂါလက္ခဏာ ပြသူများနှင့် အချို့မှာ ပိုးရှိသော်လည်း ရောဂါလက္ခဏာ မပြသူများ ဖြစ်ကြပါသည်။ ၁၄ ရာခိုင်နှုန်းမှာ ရောဂါပြင်းထန်ပြီး ခြောက် ရာခိုင်နှုန်းခန့်မှာ အသည်းအသန် ရောဂါပြင်းသူများဖြစ် နိုင်ပါသည်။ အသည်းအသန် ရောဂါပြင်းသူများနှင့် သေဆုံးသူများမှာ အများအားဖြင့် အသက်ကြီးသူများ ဖြစ်ကြပါသည်။

 

တောင်ကိုရီးယားတွင် အသည်းအသန်ရောဂါပြင်းသူများ၏ ၉၀ ရာခိုင်နှုန်းသည် အသက် ၆၀ အထက် လူကြီးများဖြစ်သည်။ အီတလီနိုင်ငံတွင် ၁၉-၃-၂၀၂၀ ရက်နေ့အထိ စာရင်းအရ သေဆုံးသူပေါင်း၏ ၉၆ ရာခိုင်နှုန်းသည်လည်းကောင်း၊ စပိန်နိုင်ငံတွင် ၂၆-၃-၂၀၂၀ ရက်နေ့ အထိစာရင်းအရ သေဆုံးသူပေါင်း၏ ၉၅ ရာခိုင်နှုန်းသည်လည်းကောင်း အသက် ၆၀ အထက် လူကြီးများဖြစ်သည်။ ပိုးတွေ့သူ ၁၀၀ လျှင် သေဆုံးမှု အရေအတွက်မှာ တောင်ကိုရီးယားတွင် အနည်းဆုံး တွေ့ရသည်။ တောင်ကိုရီးယား ၁ ဒသမ ၆ ရာခိုင်နှုန်း၊ ဟူပေပြည်နယ် ဝူဟန် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ အီတလီ ၁၁ ရာခိုင်နှုန်းဖြစ်ပါသည်။ တစ်ချိန်တည်း တစ်ပြိုင်တည်း လူနာအစုအပြုံလိုက် ကူးစက်များပြားလာလေ သေဆုံးမှုနှုန်း များလေဖြစ်ပါသည်။ ဟူပေပြည်နယ်တွင် လူနာအများဆုံးတွေ့ရသည့် ၅-၂-၂၀၂၀ ရက်နေ့တွင်လူနာ သစ် ၃၁၅၆ ဦးရှိပြီး တောင်ကိုရီးယားတွင် လူနာအများဆုံး တွေ့ရသည့် ၂၉-၂-၂၀၂၀ ရက်နေ့တွင် လူနာသစ် ၈၁၃ ဦး ရှိပါသည်။ အီတလီတွင် သေဆုံးမှုနှုန်း များပြားရခြင်းမှာ လူဦးရေအချိုးအရ သက်ကြီးရွယ်အို များပြားခြင်းနှင့် လူနာများ တစ်ဟုန်ထိုး များပြားလာခြင်းတို့ကြောင့် ဖြစ်ပါသည်။ မိမိနိုင်ငံကျန်းမာရေးစနစ်၏ ရောဂါပြင်းလူနာများအား နိုင်နိုင်နင်းနင်း ကိုင်တွယ်ကုသနိုင်သည့် အရေအတွက် ပမာဏထက် လူနာများလာလေ၊ သေဆုံးမှုများလေ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် တစ်ချိန်တည်း လူနာအများအပြား အဆမတန် မဖြစ်ပွားစေရန် ကာကွယ်ထိန်းချုပ်ရေးသည် အလွန်အရေးကြီးပါသည်။

 

တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့သည် ပထမဆုံး လူနာတွေ့ရှိသည့် အချိန်မှစ၍ ကာကွယ်ထိန်းချုပ်မှုများ လုပ်ကိုင်ခဲ့ကြသည်။ တောင်ကိုရီးယားနိုင်ငံ ဒေဂူးတွင် လူစုလူဝေးဖြင့် ဘုရားကျောင်းဝတ်ပြုမှုကို မကန့်သတ်နိုင်ခြင်းနှင့် ထိုင်းနိုင်ငံတွင် မွေထိုင်းလက်ဝှေ့ပွဲကဲ့သို့ ပွဲများ ခွင့်ပြုခြင်းတို့သည် အစုအပြုံလိုက် များပြားလာရသည့် အကြောင်းအချက်အချို့ ဖြစ်ပါသည်။ သတိထား ဆင်ခြင်သင့်သည့် သာဓကများ ဖြစ်သည်။ တောင်ကိုရီးယား၏ အားသာချက်တစ်ခုမှာ လူနာဓာတ်ခွဲ စစ်ဆေးမှုအများဆုံး လုပ်နိုင်သည့် နိုင်ငံတစ်ခု ဖြစ်ပါသည်။ ပိုးရှိလူနာများကို စောစီးစွာ မြန်မြန်ဆန်ဆန် တွေ့ရပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို များစွာအထောက်အကူ ဖြစ်စေပါသည်။

 

မြန်မာနိုင်ငံတွင် မည်သည့်အချိန်၌ အဓိကကူးစက်မှုအသွင် ရောက်ရှိလာမည်ကို အခြားနိုင်ငံများ၏ ဖြစ်စဉ်အရ ခန့်မှန်းရပါက လူနာနံပါတ် - ၁ တွေ့ရသည့်အချိန်မှ ကပ်ရောဂါအသွင် စတင်များပြားလာသည့် အချိန်အထိ တောင်ကိုရီးယားတွင် ရက်ပေါင်း ၃၀၊ ထိုင်းနိုင်ငံတွင် ၅၈ ရက်ကြာပါသည်။ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံကဲ့သို့ ရက်ပေါင်း ၆၀ ခန့် ကြာကောင်းနိုင်ပါသည်။ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပြည့်ပြည့်ဝဝ  ဆောင်ရွက်နိုင်မှုအပေါ်တွင်လည်း မူတည်ပါသည်။ ကိုဗစ်-၁၉သည် ကူးစက်မြန် ရောဂါဖြစ်သော်လည်း ဝက်သက်ရောဂါလောက် မမြန်ဆန်ပါ။ ဝက်သက် ရောဂါပိုး၏ အခြေခံ ကူးစက်ပြန့်ပွားနှုန်းမှာ ၁၈ အထိ မြင့်မားပါသည်။ ဆိုလိုသည်မှာ ရောဂါပိုးကိုခုခံနိုင်သည့် ခုခံအားမရှိသည့် လူစုတွင် ပိုးရှိသူတစ်ဦးမှ အခြားလူ ၁၈ ဦးသို့ ကူးစက်နိုင်ခြင်း ဖြစ်ပါသည်။ ကိုဗစ်- ၁၉ ဦး၏ အခြေခံကူးစက်ပြန့်ပွားနှုန်းမှာ ၂ - ၃ ခန့်ရှိပါသည်။ လူနာတစ်ဦးမှ အခြားလူ နှစ်ဦးမှ သုံးဦးခန့်သို့သာ ကူးစက်နိုင်ပါသည်။ ယခုဆောင်ရွက်နေသော ထိတွေ့ဆက်ဆံမှု ကန့်သတ်သော နည်းလမ်းများအား ပြည့်ပြည့်ဝဝ ဆောင်ရွက်ပါက ကူးစက်မှုကို များစွာ မမြင့်တက်စေဘဲ ဖြစ်ပွားမှုကာလကို အနည်းငယ် ဆွဲဆန့်ခြင်းဖြင့် ထိမ်းချုပ်ထားနိုင်မည်ဟု ယူဆရပါသည်။ လအနည်းငယ်ကြာကောင်း ကြာနိုင်ပါသည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော် သတိပေးချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဤကပ်ဘေးအား ကျော်လွှား နိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။