မြန်မာ့ရုပ်ရှင် အနုပညာခရီး နှစ် ၁ဝဝ

ဇန်နဝါရီ ၂၅

 

မြန်မာ့ရုပ်ရှင်ဟူ၍ ပေါ်ထွန်းလာခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၁ဝဝ တိုင်ခဲ့ပြီတည်း။ မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက်တောင်းဆိုခဲ့သော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်) ဟူသည့် အမျိုးသားရေးတက်ကြွသူ ခေါင်းဆောင် သုံးဦးအနက်က တစ်ဦးဖြစ်သော ဦးထွန်းရှိန် ကွယ်လွန်သည့် ဈာပနအခမ်းအနားအား မှတ်တမ်းတင်ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သော ၁၉၂ဝ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင်အစခရီးအဖြစ် သတ်မှတ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ အဖြစ် မော်ကွန်းတင် ဂုဏ်ယူရပါသည်။

 

ပညာရှင်တို့ ထုတ်လုပ်လိုက်သည့် အနုပညာပစ္စည်းများအနက် ရုပ်ရှင်အနုပညာသည် လူမှုအသိုင်းအဝိုင်း အထူးသဖြင့် လူငယ်နှင့် ကလေးငယ်များအပေါ် များစွာလွှမ်းမိုးသက်ရောက်မှု ရှိပါသည်။ ရုပ်ရှင်ဇာတ်ကားတို့၏ အခြေခံဇာတ်လမ်းတို့သည် ယေဘုယျအားဖြင့် လူ့လောက၊ လူ့သဘာဝကို မူတည်ဖွဲ့စည်းခြင်း ဖြစ်သောကြောင့် လူတို့က ရုပ်ရှင်ဇာတ်ကားနှင့် ပြင်ပလူ့လောကကို တွဲယှဉ်လျက်သာ မြင်ကြလေ့ရှိ၏။

 

မင်းသား၊ မင်းသမီးတို့၏ ရုပ်ရည်တင့်တယ် ပြေပြစ်လှပခြင်းကို အားကျရ၏။ ဇာတ်လမ်းပါ အဖြစ်အပျက်တို့အတိုင်း လွမ်းစရာရှိလျှင် မျက်ရည်ဖြိုင်ဖြိုင်ကျကာ ရယ်မောစရာရှိလျှင် အားရပါးရ ရယ်မောပျော်ရွှင်ကြခြင်းဖြင့် ရုပ်ရှင်ကြည့်ပရိသတ်တို့ ကျေနပ်နှစ်သက်ခြင်းဖြစ်ကြရ၏။ ယင်းသို့ နှစ်သက်သဘောကျသည်သာမက ရုပ်ရှင်ဇာတ်ကားထဲက အပြုအမူ လှုပ်ရှားမှုများကို အတုယူကြလေ့လည်း ရှိ၏။

 

ရုပ်ရှင်ကားတစ်ကား စိတ်ဝင်စားဖွယ် ကောင်းလျှင်ကောင်းသလို၊ နှစ်သက်စွဲလမ်းဖွယ် ကောင်းလျှင်ကောင်းသလို ကိုယ်တိုင်လိုက်ပါခံစားကြလေ့ရှိ၏။ စိတ်ကူးယဉ်ကြလေ့ရှိ၏။ အိပ်မက်မက် ကြလေ့ရှိ၏။ ကိုယ်တိုင် မင်းသားအလား၊ ကိုယ်တိုင် မင်းသမီးအလားလည်း ထင်မြင်ကာ အတုခိုး၊ မိတ္တူကူးကာ လိုက်ပါ လုပ်ဆောင်ကြလေ့လည်း ရှိ၏။

 

ဆိုလိုသည်မှာ ရုပ်ရှင်တို့၏ လူတို့အပေါ် လွှမ်းမိုးနိုင်စွမ်းအား ကြီးမားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့်လည်း မည်သည့်နိုင်ငံမျိုးတွင်မဆို ရုပ်ရှင်ပြသရာမှာ လူထုအပေါ်လွှမ်းမိုးဩဇာကြီးခြင်းကို အကြောင်းပြု၍ မည်သို့သော ပြကွက်မျိုးက လူထုကိုမပြသင့်၊ မည်သည်တို့က မည်သည့်အသက်အရွယ်များ ကြည့်ရှုရန်မသင့် အစရှိသော ကန့်သတ်မှုများ၊ အတန်းအစား ခွဲခြားသတ်မှတ်မှုများ ရှိ၏။ ဆေးလိပ်သောက်သည့် ပြကွက်မျိုးကိုပင် ဒီမိုကရေစီအသားကျနေသည့် နိုင်ငံကြီးများ၌ ရုပ်မြင်သံကြားကဲ့သို့သော ဇာတ်လမ်းများတွင် ကန့်သတ်လေ့ရှိ၏။ ကလေးသူငယ်များနှင့် ကြော်ငြာရိုက်ခြင်းဆိုင်ရာ ကန့်သတ်မှုများထားခြင်း စသည်ဖြင့် ထိန်းသိမ်းကြလေ့ရှိပါသည်။

 

ထို့ပြင် ရုပ်ရှင်ဇာတ်လမ်းများတွင် လူမှုဆိုင်ရာခွဲခြားမှု၊ အချို့သောလူမှုရေးခွဲခြား သရော်လှောင်ပြောင်မှုတို့ကို သတိထား ရိုက်ကူးကြရပါသည်။ မသန်စွမ်းမှုသည် ဟာသမဟုတ်။ အသားအရောင် ကွဲပြားမှုသည် ရယ်စရာမဟုတ်။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အမျိုးသား မဟုတ် အမျိုးသမီး မဟုတ် ဖြစ်စေ သရော်လှောင်ပြောင်စရာမဟုတ်။ ထို့အတူပင် အချို့သော ခွဲခြားပုံဖော်မှုများကို သတိထား တင်ပြရသည်တို့လည်း ရှိ၏။ ဆရာဝန်၏ ပုံရိပ်၊ သင်္ဘောအရာရှိများ၏ ပုံရိပ်၊ ကဗျာဆရာ၏ ပုံရိပ်၊ သတင်းသမား၏ ပုံရိပ်၊ ရဲ၏ ပုံရိပ် အစရှိသည်...။ ။

 

လူတို့သည် မိမိတို့ တွေ့ကြုံဆုံဖူးသည်တို့အပေါ် ယေဘုယျပြုကာ မည်သည့် ဆရာဝန်မဆို၊ မည်သည့် ကဗျာဆရာမဆို သည်လိုချည်းသာပဲ စသည်ဖြင့် သတ်မှတ်လေ့ရှိသည်ဖြစ်ရာ ထိုထင်မြင် ယူဆချက်တို့ကို ရုပ်ရှင်များက ပိုမိုစွဲမြဲသွားစေအောင် လွှမ်းမိုးနိုင်သည်ကို သတိထားကြရ၏။

 

ထို့အတူ အချို့သော လူမှုရေးဆိုင်ရာတို့တွင် အသားအရောင် ခွဲခြားခြင်းမျိုး၊ လူမျိုးရေးခွဲခြားခြင်းမျိုးကို အထူးသတိထား ကြရ၏။

 

ရုပ်ရှင်ဟူသည် ရှိဖူးသော အတွေ့အကြုံခံစားချက်တို့အပေါ် မူတည်ကာ ဖွဲ့နွဲ့ရိုက်ကူးကြသည် ဖြစ်သောကြောင့် သည်လို သတ်မှတ်ပုံဖော်မှုများက ရှိနေသည်မှာ မထူးဆန်းပါ။ သို့သော်လည်း ရုပ်ရှင်လောကအတွင်းက အမျိုးမျိုးသော ပညာသည်တို့သည် လည်းကောင်း၊ ရုပ်ရှင်ဝေဖန်သူတို့သည် လည်းကောင်း၊ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတို့သည် လည်းကောင်း အထူးသတိထားကာ ဝိုင်းဝန်း ထိန်းကွပ်ကြရသည်လည်း ရှိပါသည်။

 

နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အနုပညာ အတတ်ပညာ မြင့်မားလာမှုသာမက ကျင့်ဝတ်သိက္ခာဆိုင်ရာ ရင့်ကျက်လာမှုတို့ကလည်း နှစ် ၁၀၀ ခရီးကို ဖြတ်သန်းခဲ့ပြီးဖြစ်သော မြန်မာ့ရုပ်ရှင် ပိုမိုတိုးတက်မြင့်မားလာရေးအတွက် အရေးပါသည့် လိုအပ်ချက်အဖြစ် ရှိနေလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။ ။

 

မြန်မာ့အလင်း