မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် မောင်မောင်တာနှင့် ရုပ်ရှင်စကားဝိုင်း

၂၈ ဇွန်

 

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

 

ဒီတစ်ပတ် ကျွန်တော်နဲ့ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ တည်ကြည်ခံ့ညားပြီးတော့ ယုံကြည်လောက်တဲ့ ရုပ်ရည်ရူပကာကို ပိုင်ကြတဲ့ သဘာဝမင်းသားကြီးတွေထဲက တစ်ဦးဖြစ်တဲ့ မောင်မောင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းကတော့ မောင်မောင်တာ၊ မောင်မောင်တာနဲ့ပဲ ဒီလိုပဲ ကျွန်တော်တို့က ခေါ်လာကြတာပေါ့လေ။ ထွန်းဝေတို့၊ မောင်မောင်တာတို့၊ မြတ်လေးတို့၊ ကျော်ဆွေတို့ စသည်အားဖြင့် ကျွန်တော်တို့က ခေါ်လာခဲ့တဲ့အခါကျတော့ အခုလည်း မောင်မောင်တာဆိုတဲ့ အခေါ်စွဲကတော့ စွဲနေတုန်းပါပဲ။ ကျွန်တော်တို့ တစ်ချိန်တုန်းက နှစ်သက်မက်မောစွာ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်မင်းသားကြီး မောင်မောင်တာက အခုတော့ ဒေါက်တာမောင်မောင်တာ ဖြစ်နေပါပြီ။ ငြိမ်းချမ်းရေးစေတမန်ကြီး တစ်ဦးအဖြစ်လည်း ရောက်ရှိနေပါပြီ။ အခု ကျွန်တော်တို့ တစ်ချိန်တုန်းက တရှိုက်မက်မက် နှစ်နှစ်သက်သက် လက်ခံကြည့်ရှုခဲ့ဖူးကြတဲ့ ရုပ်ရှင်မင်းသားကြီး မောင်မောင်တာနဲ့ အခုရုပ်ရှင်စကားဝိုင်းကို ဖွဲ့တော့မှာဖြစ်ပါတယ်။

 

ကြည်စိုးထွန်း ။ ။ မင်္ဂလာပါ အစ်ကို။

မောင်မောင်တာ ။ ။ မင်္ဂလာပါ။

ကြည်စိုးထွန်း ။ ။ အခုလို အသက် ၈၀ ကျော်။

မောင်မောင်တာ ။ ။ ၈၄ နှစ်။

ကြည်စိုးထွန်း ။ ။ အဲ ၈၄ နှစ်မှာ

လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ကိုယ့်ဟာကို ကားမောင်း ပြီးတော့ ဒီထိအရောက်လာတာကို ကျွန်တော် အားကျပါတယ်။ ရန်ကုန်မြို့မှာ ကားမောင်း ရတယ်ဆိုတာလည်း မလွယ်ဘူး။ အစ်ကို ကတော့ အခုကိုယ့်ဟာကို ကားမောင်းပြီးတော့ ဒီစကားဝိုင်းကို လာရောက်ပါဝင် ပေးတာကို အထူးကျေးဇူးတင်ပါတယ်။ အဲဒီတော့ အစ်ကိုရေ သတိအရဆုံးဟာက စပြီးတော့ ကျွန်တော်ပြောချင်တာပါပဲ။ ဘာလဲဆိုတော့ “ လူထုအောင်သံ။ “လူထု အောင်သံ’’ ကတော့ ကျွန်တော်တို့ သက်တမ်း တွေမှာတော့ ဘယ်သူမှ မေ့လို့မရတဲ့ ဇာတ်ကားပေါ့။

မောင်မောင်တာ ။ ။ သမိုင်းဝင်ကားပါ။

ကြည်စိုးထွန်း ။ ။ သမိုင်းဝင်ကားပါပဲ

အစ်ကိုရယ်။ တကယ့် သမိုင်းဝင်ကားပါပဲ။ အဲဒီတုန်းက အစ်ကိုက ဝတ်လုံတော်ရ အေးမောင်ပေါ့။ အေးမောင်တို့၊ အောင်ဝင်းတို့၊ တက်တိုးတို့၊ ကျောင်းဆရာ ဖိုးဆိတ်တို့၊ ကျွန်တော်တို့ အလွတ်ရတာပေါ့။ စကားတွေလည်း အလွတ်ရတာပေါ့။

မောင်မောင်တာ ။ ။ အောင်ဝင်းနဲ့ အေးမောင်။

ကြည်စိုးထွန်း ။ ။ အောင်ဝင်းနဲ့ အေးမောင် သူငယ်ချင်း နှစ်ယောက်။

မောင်မောင်တာ ။ ။ အောင်ဝင်းက ဗိုလ်ဗကို။

ကြည်စိုးထွန်း ။ ။ အေးမောင်က မောင်မောင်တာ။ အဲဒီတော့ အဲဒီတုန်းက ရိုက်ခဲ့တဲ့ အဖြစ်အပျက်လေး တွေကို အစ်ကို မှတ်မိသလောက် ကြားပါ ရစေ။

မောင်မောင်တာ ။ ။ ဒီဇာတ်ကားဟာ ကွန်မြူနစ် သူပုန် သိပ်ထနေတဲ့အချိန်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဟောင်း ဦးနုက ရေးခဲ့တဲ့ဇာတ်လမ်းကို ပြဇာတ်ကို ရုပ်ရှင်ပြန်ရိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီပြဇာတ်ကို အမေရိကန်နိုင်ငံမှာ ပစက်ဒီနမ် ပလေးဟောက်စ်မှာ အမေရိကန်တွေက ဗမာလို ဝတ်ပြီးတော့ ကပြတယ်။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်လားအစ်ကို။

မောင်မောင်တာ ။ ။ အဲဒီကပြတဲ့ ပစက်ဒီနမ် အမေရိကားမှာ အောက်က ထိုင်ကြည့်နေတဲ့ သူထဲမှာ (Committee for free asia) အရှေ့တောင်အာရှ အန္တရာယ်ကင်းရေးကော်မတီဆိုပြီး ဖွဲ့ထား တဲ့ အမေရိကန်ကနေပြီးတော့ အခုကြည့်နေရတဲ့ ဇာတ်လမ်းကို The People Win Through အဲဒီဇာတ်ကားကို ဗမာပြည်မှာ ရုပ်ရှင်ရိုက်ရင် ကောင်းမယ်ဆိုပြီးတော့ အဲဒီကော်မတီကနေ ပြီးတော့ ငွေရေးကြေးရေး ပေးပြီးတော့ ကမ်းလှမ်းတာ။

မောင်မောင်တာ ။ ။ ဒီက အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်ကိုပေါ့။ သူတို့ ရောက်လာကြတော့ မင်းသားရှာတယ်ဆိုပြီး ရှာတာ။ ရပြီးသားမင်းသားက ပုလိပ်မင်း ကြီးကနေပြီးတော့ ရဲအရာရှိတစ်ယောက်ကို သူတို့က လျာထားတာ။ အဲဒီ ရဲအရာရှိက မအားတဲ့အတွက် ကျွန်တော်နဲ့ ရိုက်ဖြစ်သွား တယ်။ ကျွန်တော့်ကို တွေ့ပုံကလည်း ကျွန်တော်က အက ဝါသနာပါတယ်။

မောင်မောင်တာ ။ ။ အနောက်တိုင်း အကဝါသနာပါတော့ တစ်ညမှာ အဲဒီစိတ်ပျက်နေတဲ့အဖွဲ့ မင်းသားမရလို့ အဲဒီကလပ်မှာ သူတို့ကလည်း ရှိတယ်။ ကျွန်တော်ကလည်း အဲဒီကလပ်မှာ ရှိတယ်။ ကျွန်တော့်ရဲ့ ဝါသနာက ငယ်စဉ်ကတည်းက အနောက်တိုင်းအက ဝါသနာပါတော့ ပါတနာနဲ့ ရတနာနတ်မယ်ဆိုတဲ့ အမျိုးသမီးနဲ့ ကျွန်တော်ကနေတာ။

ကြည်စိုးထွန်း ။ ။ Ball Dance ပေါ့။ ဟုတ်ကဲ့ ဟုတ်ကဲ့။

မောင်မောင်တာ ။ ။ လက်ကချော်ပြီးတော့ လွတ်သွားတော့ ဒုန်းဆို မြည်တယ်။ အမေရိကန်တွေက ထကြည့်တယ်။ ဒုန်းမြည်တာကို အဲဒီလူကို လိုချင်တယ်ဆိုပြီး ဖြစ်လာရော။ အဲ နောက်တစ်နေ့ကျတော့ ရတနာနတ်မယ်ကပဲ အိမ်လာခေါ်ပြီးတော့ လက်ခံလိုက်တယ် ရိုက်ဖို့။

ကြည်စိုးထွန်း ။ ။ အစ်ကိုကတော့ ဝါသနာပါလို့ပေါ့။

မောင်မောင်တာ ။ ။ အဲ ဝါသနာတော့ ပါပါတယ်။ ဒါပေမယ့် သိက္ခာရှိတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ သတ်မှတ် လို့ ဖြစ်တတ်ပါတယ် ဒါကတော့။ တပ်မတော် ထဲမှာ အရာရှိလုပ်နေတဲ့အချိန်မှာပဲ သူတို့က ရွေးတာကိုး။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ် အစ်ကိုအဲဒီတုန်းက ဗိုလ်ကြီး လားမသိဘူး။

မောင်မောင်တာ ။ ။ ကျွန်တော် ဗိုလ်ကြီးအဆင့်က အဲဒီခွင့် သုံးလယူတဲ့အချိန်မှာ ဖြစ်သွားတာ။ အဲဒီ တော့ လက်ခံလိုက်တာနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးဖြစ်တဲ့ ဦးသန့်ရယ်၊ နိုင်ငံတော် ရှေ့နေချုပ်ကြီး ဦးချန်ထွန်းရယ်၊ နှစ်ယောက်က ကျွန်တော့်ကို ခြံပြီးတော့ ဝင်ဒါမီယာ ဝန်ကြီးချုပ်အိမ်ကို ခေါ်သွား တယ်။ အဲဒီကစပြီးတော့ စမ်းသပ်ပြီးတော့ မင်းသားလုပ်ခဲ့တာပဲ ကျွန်တော်။

ကြည်စိုးထွန်း ။ ။ အစ်ကိုက ရုပ်ရှင်လောက ရုပ်ရှင် မင်းသားဘဝကို တန်ဖိုးထားပါဝင်ပြီးတော့ သရုပ်ဆောင်ပေးတာ အတွက်လည်း ကျွန်တော်က အများကြီး ပီတိဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ဆိုတာကို အထင်မသေးဘဲနဲ့ တန်ဖိုးထားပြီးတော့ အစ်ကိုလုပ်ခဲ့တာတစ်ခုရယ်၊ နောက်တစ်ခုက တစ်ခါ ခုနက People Win Through မူရင်း ဇာတ်ညွှန်းကို ကျွန်တော်က ဖတ်ဖူးတယ် အစ်ကိုရဲ့၊ ကောင်းလည်းကောင်းတယ်၊ နောက်တစ်ခုက တစ်ခါ အစ်ကို ပြဇာတ်ပေါ့။ ဦးနုရဲ့ လူထုအောင်သံ ပြဇာတ် ဆိုတာက ကျွန်တော်တို့ ခုနစ်တန်းတုန်းက တစ်ခါ ပြဋ္ဌာန်းသေးတယ် အစ်ကိုရဲ့။ အဲဒီတော့ ရိုက်တဲ့အခါကျတော့ အစ်ကိုတို့က အစိမ်း သက်သက် ဖြစ်နေတော့ ရိုက်ရတာ ဘယ်လို အခက်အခဲတွေ တွေ့လဲ အစ်ကို။

မောင်မောင်တာ ။ ။ ကျွန်တော့် အတွက်တော့ တပ်မတော်ထဲမှာ အမှုထမ်း။ အင်းစိန်တိုက်ပွဲက စပြီး တော့ ပါလာတာ။ တပ်မတော်ထဲမှာ အမှု ထမ်းသလိုပဲ ဒီဘက်ပြောင်းပြီးတော့ ရုပ်ရှင်ရိုက်တဲ့အခါ ကျတော့လည်း သဘာဝကျကျပဲ ဘာမှ အခက်အခဲမရှိပါဘူး။

ကြည်စိုးထွန်း ။ ။ အခု ပြောနေသလိုပဲပေါ့။ အိုက်တင်လုပ် တာ မဟုတ်ဘူးပေါ့နော်။

မောင်မောင်တာ ။ ။ ပြောရရင် ခိုင်းတာလုပ်

ကြည်စိုးထွန်း ။ ။ သဘာဝ အတိုင်းလေးဖြစ်အောင်ပေါ့။

မောင်မောင်တာ ။ ။ ခိုင်းလို့ လုပ်တာလည်း မဖြစ်ပါဘူး။ ကြိုးစားဖို့လည်း လိုတယ်လေ။ ခိုင်းလို့လုပ် နေရတာ မဟုတ်ဘူး။

ကြည်စိုးထွန်း ။ ။ အဲဒီတုန်းက သူတို့ဘက် ကလည်း နိုင်ငံ ခြားက ဒါရိုက်တာပါတာပေါ့နော် အစ်ကို။

မောင်မောင်တာ ။ ။ ကမ္ဘာမှာ နာမည်အကြီးဆုံး ဒါရိုက် တာကြီး ခြောက်ယောက်ထဲက ဂျော့ဆက်ရှ် စီနီယာရှိတယ်။ သူ့သားဂျော့ဆက်ရှ် ဂျူနီယာဒီမေးလ်တို့၊ ဟင်နရီကင်းတို့။ အဲဒီလို အကြီးဆုံးထဲက တစ်ယောက်က လာပြီးတော့ လုပ်တာ ။

ကြည်စိုးထွန်း ။ ။ နောက် မြန်မာဘက်ကတော့ရော။

မောင်မောင်တာ ။ ။ မြန်မာဘက် ကနေဝင်ပြီးတော့ စကား နဲ့ ပတ်သက်ပြီးတော့ ဒါရိုက်တာ ဦးချန် ထွန်း။

ကြည်စိုးထွန်း ။ ။ ဗြိတိသျှဘားမား။

မောင်မောင်တာ ။ ။ ညွန့်မြန်မာ ရုပ်ရှင်အရင်ကတော့ ဗြိတိ သျှဘားမားပေါ့။

ကြည်စိုးထွန်း ။ ။ ဦးညွန့်ရဲ့ သား ဦးချန်ထွန်း၊ ဒါရိုက် တာ ဦးချန်ထွန်း နာမည်ကြီးပါပဲ သူက။ ဪ သူက ထိန်းပေးတာပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော်အဲဒီမှာ သတိထားမိတာ ဗြိတိသျှဘားမားက ပုဂ္ဂိုလ်တွေများ တယ်နော် အဲဒီမှာ။ ဗိုလ်တောက်ထွန်း လုပ်တာဆိုရင်လည်း လှမောင်လေး။

မောင်မောင်တာ ။ ။ ဘာလို့ဆိုတော့ Advisor လုပ်တာက ဦးချန်ထွန်း ဗြိတိသျှဘားမားကိုး။

ကြည်စိုးထွန်း ။ ။ ကျွန်တော်တို့နဲ့ ခင်မင်တဲ့ မိတ်ဆွေတွေက-လည်း မေးကြတယ် အဲဒီကားလေးကို။ အစ်ကို တို့လည်း တတ်နိုင်ရင်ပေါ့။ အဲဒီကားလေးကို တော့ ရှာပေးပါဦး။

မောင်မောင်တာ ။ ။ ပြန်ရှာဖို့ ကြိုးစားလျက်ပဲ မရသေးဘူး။ မြန်မာ ပြည်မှာ တစ်ရာနဲ့ ခြောက်ဆယ့်ငါး ကော်ပီ ရောက်တယ်။

ကြည်စိုးထွန်း ။ ။ နည်းတာ မဟုတ်ဘူးနော်။

မောင်မောင်တာ ။ ။ တစ်ရာ့ခြောက်ဆယ် ငါးကော်ပီဆိုတာက တစ်တိုင်းပြည်လုံး ရွာတိုင်းရွာတိုင်းမှာ ပြနိုင်ဖို့ လုပ်ထားတာ။

ကြည်စိုးထွန်း ။ ။ ဟာ ပြတာပဲ။

မောင်မောင်တာ ။ ။ ပြလည်း ပြတယ်။

ထူးခြားချက်က ရန်ကုန် မြို့မှာ ဖွင့်ပွဲမှာ အဲဒီတုန်းက နိုင်ငံတော် သမ္မတ ကြီး ဦးဝင်းမောင် သူလည်း ရှိတယ်၊ ဦးနုလည်း ရှိတယ်၊ ဦးသန့်လည်း ရှိတယ်။ ဖွင့်ပွဲမှာ အပေါ်က လေယာဉ်ပျံနဲ့ ကြော်ငြာကြဲနေ တယ်။ ပြည်ရယ်၊ ပဲခူးရယ်၊ ရန်ကုန်ရယ် ကြော်ငြာကို လေယာဉ်ပျံနဲ့ ကြဲတဲ့ကားက အဲဒီကားပဲရှိတယ်။

 

(ဆက်လက်ဖော်ပြပါမည်)