မြန်မာ့ရုပ်ရှင်နှစ်ရာပြည့်ပွဲတော်တွင် အာရှမှ ရုပ်ရှင်သရုပ်ဆောင်များနှင့် ဒါရိုက်တာများပါဝင်ခြင်းဖြင့် ပိုမိုစည်ကားသော ပွဲတော်ကြီးတစ်ခုအဖြစ် မျှော်လင့်ထား

ရန်ကုန် ၁၅ စက်တင်ဘာ

၂၀၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်နှစ်ရာပြည့်ပွဲ၊ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲနှင့် အမျိုးသားနေ့ ရာပြည့်ပွဲတော် သုံးခု တစ်နှစ်ထဲတွင် ထူးခြားစွာတိုက်ဆိုင်လျက်ရှိရာ နှစ်ပေါင်းတစ်ရာပြည့်သော အချိန်နှင့် ကြုံကြိုက်သော ပြည်သူအပေါင်းနှင့် နိုင်ငံတော်အတွက် ထူးခြားသောအခမ်းအနားများဖြစ်၍ ထိုပွဲတော်၌ မြန်မာ့ရုပ်ရှင်နှစ်ရာပြည့်ပွဲတော်တွင် စိန်ရတုကာလထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန် အာရှနိုင်ငံများမှ အနုပညာရှင်များနှင့် ဒါရိုက်တာများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာ့ရုပ်ရှင်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေသောကြောင့် ဖိတ်ကြားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်မှာ ပြန်ကြားရေးဝန်ကြီးအပါအဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အခြားဝန်ကြီးဌာနတွေ ကျင်းပတဲ့အစည်းအဝေးမှာ နှစ်ရာပြည့်ပွဲတော်ကျင်းပရာမှာ နိုင်ငံတော်ကပါဝင်ပြီး ပံ့ပိုးမှုနဲ့လိုအပ်တာတွေ ဖြည့်စွက်ပေးမယ်ဆိုတဲ့သဘော သိခဲ့ရပါတယ်။ အင်မတန်ကောင်းပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတစ်ခုတည်းသာ လုပ်ဆောင်မယ်ဆိုရင် ငွေရေးကြေးရေး ခက်ခက်ခဲခဲနဲ့ ရုန်းကန်ရမှာပါ။ အဲ့ဒိလောက် ဘတ်ဂျက်လည်း ရုပ်ရှင်အစည်းအရုံးမှာ မရှိပါဘူး။ နိုင်ငံတော်ကဝင်ပြီး ပံ့ပိုးမယ်ဆိုတာ၊ ဒါလေးဟာတော်တော်လေး အဆင်ပြေတဲ့အတွက် ဝမ်းသာပါတယ်။ ပွဲတော်ကျင်းပတဲ့အခါမှာ ရုပ်ရှင်ကြည့်ပရိတ်သတ်အတွက် စိတ်ဝင်စားစရာတွေများပါတယ်။ ပြိုင်ပွဲတွေ၊ သီချင်းတွေ၊ ခေတ်ဟောင်း/ခေတ်သစ် ရုပ်ရှင်တွေ အပါအဝင် အခြားကဏ္ဍတွေလည်း ပါဝင်လာမှာပါ။ ကျွန်တော် ဘာတင်ပြထားလည်းဆိုတော့ အာဆီယံနိုင်ငံသာမက အာရှနိုင်ငံတွေက ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတွေကို ဖိတ်ကြားဖို့၊ ပွဲတော်ကို ပိုပြီးစည်ကားအောင် ဆောင်ရွက်နိုင်ဖို့ အကြံပြုထားပါတယ်။ လူကြီးတွေလည်း ဒါကိုနှစ်ခြိုက်ပါတယ်။ နိုင်ငံတော်လည်းပါမယ်၊ အာရှတိုက်က အနုပညာရှင်တွေလည်းပါဝင်မယ်ဆိုရင် နှစ်တစ်ရာနဲ့ ထိုက်ထိုက်တန်တန် သမိုင်းကျန်ရစ်မယ့် စည်စည်ကားကား ပွဲတော်ကြီးတစ်ခု ဖြစ်လိမ့်မယ်လို့ယုံကြည့်ပါတယ်။
မြန်မာ့ရုပ်ရှင်ကို အာရှတိုက်နိုင်ငံတွေက စိတ်ဝင်စားကြတယ်။ အချို့တိုင်းပြည်တွေမှာ သူတို့နိုင်ငံက ရုပ်ရှင်ကိုမကြည့်ဘူးလို့ သိရပေမယ့် မြန်မာပြည်က ချစ်စရာကောင်းတဲ့ ပြည်သူတွေက မြန်မာ့ရုပ်ရှင်ကို ယနေ့ထိအားပေးကြတယ်။ ပွဲတော်မှာ ဖိတ်ကြားရင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်ကအစ လာကြမှာပါ။ ပညာရှင်တွေလည်း ပါလာနိုင်တယ်။ ဒီရာပြည့်ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ အားတက်သရောရှိတာကိုက ကျွန်တော်တို့အစည်းအရုံးအတွက် ခွန်အားတွေတိုးစေပါတယ်။ နိုင်ငံတော်ပါဝင်တဲ့အတွက် ရာပြည့်ပွဲသုံးခုဟာ အောင်မြင်မယ့်ပွဲလို့ မြင်ထားတယ်။ ပြီးတော့ထူးထူးခြားခြား ရာပြည့်သုံးခုတိုက်ဆိုင်တာကိုလည်း ပြောလိုပါတယ်။ တက္ကသိုလ်ရာပြည့်ဆိုရင်လည်း ယနေ့နိုင်ငံတော်အကြီးအကဲတွေဟာ တစ်ချိန်က တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ခဲ့ကြတာပါ။ ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေ၊ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေ၊ တပ်မတော်ကအကြီးအကဲ၊ အရာရှိတွေဆိုရင်လည်း ရန်ကုန်တက္ကသိုလ်နဲ့ ကင်းတဲ့သူရှားပါတယ်။ ဒီတက္ကသိုလ်ကြီး နှစ်တစ်ရာပြည့်တဲ့အချိန်မှာ သူတို့တွေရှိနေတာဟာ ဂုဏ်ယူဝမ်းမြောက်ဖွယ်လည်း ဖြစ်ပါတယ်။

အားလုံးသက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပံ့ပိုးပြီး နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်လိုက်မယ်ဆိုရင် နှစ်ရာပြည့်ပွဲတော်သုံးခုကို အာရှကအသိအမှတ်ပြုသွားမှာပါ။ ငယ်ပေါင်းကြီးဖော်တွေ ပြန်တွေ့ကြမယ့် ပွဲတော်တွေဖြစ်တဲ့အတွက် သမိုင်းမှတ်တမ်းတစ်ခုအဖြစ်လည်း ကျန်ရစ်ခဲ့စေမှာပါ”ဟု အင်္လကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာပန်းချီစိုးမိုးက ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဥက္ကဋ္ဌ တာဝန်ထမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးတွင် ဆောင်ရွက်နေသော ဦးလူမင်းကလည်း “ကျွန်တော် ရုပ်ရှင်အနုပညာသမားတစ်ဦးဆိုတော့ ရုပ်ရှင်အစည်းအရုံးမှာ ဥက္ကဋ္ဌတာဝန် လေးနှစ်ထမ်းဆောင်ခဲ့တဲ့အတွက် မြန်မာ့ရုပ်ရှင်ရာပြည့်ပွဲတော်ကို ခမ်းခမ်းနားနား ဖြစ်စေချင်ပါတယ်။ 

ကျွန်တော်တာဝန်ယူစဉ်က ပြောခဲ့တာရှိပါတယ်။ အနဲဆုံးတော့ အာဆီယံအဆင့် မြန်မာ့ရုပ်ရှင်ပွဲတော်ဆိုတာကို လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ၁၉၂၀-ခုနှစ်ထဲက မြန်မာ့ရုပ်ရှင်ပေါ်ထွန်းနေတယ်ဆိုတာကိုက နိုင်ငံတကာရုပ်ရှင်အသိုက်အဝန်းမှာ အသိအမှတ်ပြုစရာဖြစ်နေပါပြီ။ ဒါကိုသိအောင် ဒီပွဲတော်မှာ မြန်မာ့ရုပ်ရှင်ကို မြှင့်တင့်ဖို့ အခွင့်အခါကောင်းဖြစ်တဲ့အတွက် အမိအရ ဆုတ်ကိုင်ပြီး လုပ်ဆောင်စေဖို့အကြံပြုတာပါ။

သမိုင်းကြောင်းဆိုတာ လိမ်လို့မရပါဘူး။ မြန်မာ့ရုပ်ရှင်လည်း နှစ်တစ်ရာပြည့်ပြီ၊ ရန်ကုန်တက္ကသိုလ်လည်း နှစ်ရာပြည့်သလို အမျိုးသားနေ့လည်း နှစ်ရာပြည့်တဲ့ တိုက်ဆိုင်မှုဟာ မြန်မာနိုင်ငံကြီးရဲ့ အမွေအနှစ်တန်ဘိုးတွေကို ထုတ်ဖော်ပြသမယ့်ပွဲတော်ကြီး ဖြစ်တယ်လို့ ဂုဏ်ယူစွာထင်မြင်မိပါတယ်”ဟု ပြောသည်။

ထိုနှစ်တစ်ရာပြည့်ပွဲတော်သုံးခုသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲညီစေမည့်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီမှုများပေါ်ထွန်းလာမည့်၊ တိုင်းပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်များကို ရှင်သန်မွေးဖွားပေးမည့် နှစ်ပေါင်းတစ်ရာတွင် တစ်ကြိမ်သာကြုံကြိုက်ခွင့်ရရှိသော ပွဲတော်ကြီးများဖြစ်ရာ ထိုပွဲတော်၌ မြန်မာ့ရုပ်ရှင် နှစ်ရာပြည့်ပွဲတော်ကျင်းပရာတွင် အာရှနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်များနှင့် ဒါရိုက်တာများ၊ နည်းပညာရှင်များကို ဖိတ်ကြားပါဝင်ဆင်နွှဲခြင်းဖြင့် မြန်မာရုပ်ရှင်ကဏ္ဍ ပိုမိုတိုးတက်၍ ကမ္ဘာနှင့် ရင်ပေါင်းတန်းနိုင်မည့် နည်းပညာများကို ရရှိစေမည်ဟု မြန်မာရုပ်ရှင်အ သိုက်အဝန်းမ မျှော်လင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ - သန်းစိုး - သန်းထိုက်