မြန်မာတို့၏ ယဉ်ကျေးမှု သုခုမအနုပညာတွင် ခံစားမှုများစွာ ပေးစွမ်းနိုင်သည့် ပန်းချီပညာ

ဇေယျာထက်(မင်းဘူး)

 

ပန်းချီဆိုသည်မှာ မြင်သမျှ၊ တွေ့သမျှ၊ စဉ်းစား တွေးခေါ်ရသမျှကိုဘာမှမရှိသော နံရံ၊ ပိတ်ကား၊ စက္ကူလွတ်များပေါ်တွင် ပုံပန်းသဏ္ဌာန် သရုပ်ဖော်ရေးဆွဲ ဆေးခြယ်ခြင်းကို ပန်းချီဟုခေါ်သည်။ ပန်းချီသည် လူတို့၏စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှုရသများစွာ ပေးစွမ်းနိုင်သောကြောင့် ယင်းသုခုမပညာရပ်ကို ဘုရင်ဟုတင်စား၍ ခေါ်ကြသည်။

 

မြေနီ မြေဝါ မြေဖြူများဖြင့် အရုပ်များဆွဲ

 

ပန်းချီအတတ်သည် စာရေးခြင်းအတတ်ထက် ဦးစွာပေါ်ပေါက်ခဲ့သည်။ ရှေးလူတို့သည် စကားလုံး မကြွယ်ဝသေးသဖြင့် မိမိဆိုလိုချက်ကို အရုပ်ရေးပြကြရသည်။ ထို့ကြောင့် ရုပ်ပုံတစ်ပုံသည် စကားလုံး တစ်ထောင်ခန့် တာသွားသည်ဟု တရုတ်စကားပုံတစ်ခုက ဆိုလေသည်။ ရှေးခေတ်လူတို့က ဂူနံရံများ အနီးအပါး၌ အလွယ်တကူ ရရှိနိုင်သော မြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးခွက်မှိုင်းမင်၊ မီးသွေးခဲများဖြင့် အရုပ်များရေးဆွဲကြသည်။ နောင်အခါ ခဲတံ၊ မင်တံ၊ စုတ်တံများကို အသုံးပြုလာကြသည်။ ရုပ်ပုံပန်းချီရေးဆွဲရာတွင် ရေဆေးနှင့် ဆီဆေးဟူ၍ နှစ်မျိုးရှိသည်။ ဆီဆေးသည် ရေဆေးထက်ပို၍ အဆွဲရခက်သည်။ သို့သော် ဆီဆေး ပန်းချီကားသည် ရေဆေးပန်းချီကားထက် ပို၍အရောင်ဆိုပြီး အေးမြသော ရာသီဥတုရှိသည့် နိုင်ငံများနှင့် သင့်တော်သည်။ ရေဆေးကို လွယ်ကူပြီး အမြန်ပြီးနိုင်သော ပန်းချီကားများအတွက် အသုံးများလေသည်။

 

သိန်းသန်းချီ၍ အဖိုးတန်

 

ပန်းချီပညာသည် ဓာတ်ပုံပညာမပေါ်မီ ရှေးပဝေသဏီကပင် ထွန်းကားခဲ့သည်။ လက်ရာကောင်းသော ပန်းချီကားများသည် နှစ်ပရိစ္ဆေဒ ကြာမြင့်သည့်တိုင်အောင် သိန်းသန်းချီ၍ အဖိုးတန်လျက်ရှိသည်။ ဓာတ်ပုံရိုက်၍မရသော အရာများကို ပန်းချီကားက ပုံဖော်နိုင်သဖြင့် ပန်းချီအတတ်သည် မတိမ်ကောခြင်းဖြစ်သည်။ ပန်းချီကားတစ်ချပ်ကို လေ့လာသုံးသပ်ပြီး နားလည်သဘောပေါက်ပါက စိတ်တည်ငြိမ်ချမ်းမြေ့မှု အရသာကို ခံစားရသော သုခုမပညာရပ်ဖြစ်သည်။ သို့သော် ပန်းချီကားတစ်ချပ်၏ အရသာကို ခံစားတတ်ရန်မှာ မလွယ်ကူချေ။

 

စာပေကျမ်းဂန်တို့တွင်ဖော်ပြ

 

ကမ္ဘာဦးလူတို့၏ ကောက်ကြောင်းပန်းချီသည် သဘာဝကျခြင်း၊ ဟန်ပန်အမူအရာနှင့် ပြည့်စုံခြင်းတို့ကြောင့် ယခုခေတ် ပန်းချီအကျော်အမော်များပင် အံ့သြချီးကျူးရသည်။ သဘာဝနှင့် ရင်းရင်းနှီးနှီး လေ့လာဆက်ဆံနေရသော ဂူအောင်းပန်းချီဆရာများသည် မျက်မြင်ကိုယ်တွေ့ ဗဟုသုတကိုမှီ၍ ဖော်ပြထားခြင်း ဖြစ်သည်။ ခေတ်ဦးအခါက ပန်းချီလက်ရာများသည် ကာလစား၍ ကွယ်ပျောက်ကုန်သော်လည်း ရှေးဟောင်းစာပေကျမ်းဂန်တို့တွင် ဖော်ပြချက်များအရ ရာဇဝင်ဒဏ္ဍာရီ၊ ရွှေဘုံ နိဒါန်း၊ မင်းခမ်းမင်းနား၊ အဆို၊ အက၊ အတီး၊ အမှုတ်စသော ကြောင်းခြင်းရာများကိုရေးခြယ် ကြသည်ဟု သိရသည်။

 

ထီးသုံး နန်းသုံး ပန်းချီများ

 

ပုဂံခေတ်တွင် ပန်းချီရေးသောကြောင်းခြင်းရာများသည် ဗုဒ္ဓဝင်နိပါတ်နှင့် စပ်သည်သာများသည်။ နှောင်းခေတ်ကာလများတွင် ဗုဒ္ဓဝင် နိပါတ်တို့သာမက မင်းနှင့်စပ်သော အကြောင်းခြင်းရာတို့လည်း ပါဝင်လာသည်။ အတွင်းတော် အမိန့်နှင့်ဖြစ်စေ၊ လွှတ်တော် အမိန့်နှင့်ဖြစ်စေ ရေးဆွဲခိုင်းသော စီးတော်၊ ဆင်တော်၊ မင်းခမ်းမင်းနားစသော ထီးသုံး၊ နန်းသုံးပန်းချီများကို ရေးဆွဲလာကြပြီး မြန်မာတို့၏ ဓလေ့သဘာဝ ပျော်ရွှင်မှုဆိုင်ရာ ပန်းချီကားများကိုလည်း ရေးဆွဲလာကြသည်။ ယခု ခေတ် ပန်းချီဆရာများသည် အနောက်တိုင်းမှ မျက်မြင်ရုပ်သွင်ဖြင့် တင်စားရေးဆွဲခြင်းမပြုသော စိတ္တဇပန်းချီကို မြန်မာပရိသတ်က လက်မခံသေးချေ။ သို့သော် စိတ္တဇပန်းချီ လမ်းစဉ်သစ်ကို ကြားမြင်နေကြသော လူငယ် ပန်းချီဆရာတချို့ကမူ လက်တည့်စမ်းလျက် ရှိလေသည်။