မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကားတာဝါ တည်ဆောက်နေမှု ၆၉ ရာခိုင်နှုန်းကျော်ပြီးစီး

မင်းဘူး အောက်တိုဘာ  ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓာတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) ဆောက်လုပ်နေမှုမှာ ၆၉ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ဓာတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။

 

အဆိုပါ မန်းရွှေစက်တော်ဘုရားကြီးရှိ ဓာတ်လှေကားတည်ဆောက်နေမှုများနှင့် ရွှေစက်တော်မန်းချောင်း ဆင်စခန်းတို့ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ခံများမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

 

 

မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါ တည်ဆောက်ရေးအပိုင်းအနေဖြင့် “ယခုအခါ Lift Tower Emergency Level အထက် Lift Wall အတွက် သံစင်နှင့် ပုံစံရိုက်ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်နေကြောင်း၊ Walk Way Bridge လျောက်လမ်းအတွက် Portion(1) ကွန်ကရစ် လောင်းပြီးဖြစ်တာကြောင့် Portion(2) အတွက် ကွန်ရစ်လောင်းရန်ပြင်ဆင်နေကြောင်း၊ လုပ်ငန်းကာလမှာ (၂၉-၆-၂၀၂၁) ရက်နေ့မှ (၉-၁-၂၀၂၂) ရက်နေ့အထိဖြစ်ပြီး ၆၉ ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ဓာတ်လှေကားတစ်စင်းလျှင် လူ(၂၀)ဦးနှုန်းဖြင့် စုစုပေါင်း လူ(၄၀)ဦးလိုက်ပါစီးနင်းနိုင်မည် ဖြစ်ကြောင်း” Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောသည်။

 

မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါကို နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ  x အကျယ် ၁၂ ပေ)ဖြင့် အတက်နှင့်အဆင်းဟူ၍ Lift Tower နှစ်စင်းကို ဘုရားရန်ပုံငွေမှ ခွင့်ပြု‌ငွေကျပ် သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဓာတ်လှေကားတစ်စင်းလျှင် လူ(၂၀)ဦးနှုန်းဖြင့် စုစုပေါင်း လူ(၄၀)ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ဘုရားပွဲတော်ချိန်မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)