မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကျောဒဏ်ရာကြောင့် ဖေဖော်ဝါရီလအထိ အနားယူရမည်

၂၁  ဇန်နဝါရီ

မန်ယူအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကျောဒဏ်ရာရရှိခဲ့တာကြောင့် ဖေဖော်ဝါရီလအထိ အသင်းနဲ့အတူ ပါဝင်လာနိုင်မှာမဟုတ်ဘဲ အနားယူရဦးမယ်လို့ မန်ယူအသင်းနည်းပြ ဆိုးရှားက ဇန်နဝါရီ ၁၉  ရက်တွင် ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းက ဝုလ်ဗာဟမ်တန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်မှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကို ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားစေခဲ့တာ ဖြစ်ပေမယ့်ဝင်လာပြီး ၁၆ မိနစ်အကြာမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သလို လက်ရှိမှာ သွင်းဂိုး ၁၄ ဂိုးသွင်းယူထားတာကြောင့် အခုနှစ် ဘောလုံးရာသီရဲ့ ပရီမီယာလိဂ်ပြိုင်ပွဲမှာ တတိယဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အခုနှစ် ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၁၉ ဂိုးအထိ သွင်းယူပေးထားတာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းဟာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ဒဏ်ရာပြဿနာကြုံတွေ့နေတာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယားမှာ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ငါးမှတ်အကွာမှာ ရှိနေတာဖြစ်ပါတယ်။

ငွေကြယ်

 

NINTCHDBPICT000554492218-e1579127151212