မတ္တရာမြို့နယ်၌ ဘက်ဟိုးယာဉ်တစ်စီး အိတ်ဇောပိုက်အပူလွန်ကဲရာမှ  မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၆  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကဘဲ့ကျေးရွာ၏ အနောက်တောင်ဘက် ပေ(၄၀ဝ) ခန့်အကွာ၌ ဇူလိုင် ၅ ရက် ည ၇ နာရီ ၃၅ မိနစ်က ဘက်ဟိုးယာဉ်(၁)စီး အိတ်ဇောပိုက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ ဝင်းအောင်(၅၁)နှစ် မောင်းနှင်သော LISHIDE-360 ဘက်ဟိုးယာဉ်သည် ကဘဲ့ကျေးရွာမှ သဲကုန်းကျေးရွာဘက်သို့ မောင်းနှင်လာစဉ် အိတ်ဇောပိုက် အပူလွန်ကဲပြီး ပြုတ်ထွက်ကာ ဆီတိုင်ကီနှင့် ကပ်လျက်ရှိသည့် မီးခံပြားမှတစ်ဆင့် မီးကူးစက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

 

မီးလောင်ရာသို့  မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၅၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်