မတ္တရာမြို့နယ်တွင် ငွေသားသိန်း(၆၅)သိန်းနှင့် နားကပ်တစ်ရံ ခိုးယူခံရမှုဖြစ်ပွား

မတ္တရာ   ၁၈   ဇန်နဝါရီ

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဇန်နဝါရီ ၁၆ ရက်နေ့က နေအိမ်သံသေတ္တာအတွင်း သိမ်းဆည်းထားခဲ့သော ငွေသား ၆၅ သိန်းနှင့် ရွှေနားကပ်တစ်ရံပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ္တရာမြို့ အမှတ်(၄)ရပ်ကွက်တွင် ဒေါ်နွဲ့နွဲ့ဝင်းနှင့် သားဖြစ်သူ စတုတ္ထတန်းကျောင်းသားတို့သည် ရေနား(အမက)ရှိ ပညာရေးစုံညီပွဲသို့ သွားရောက်စဉ် ခင်ပွန်းဖြစ်သူ ဦးသန်းလင်းမှာ တစ်ရပ်ကွက်တည်းနေသူတစ်ဦးအား နေအိမ်အား ကြည့်ရှုပေးထားရန် တံခါးသော့မပိတ်ဘဲထားရှိခဲ့ပြီး အမှတ်(၉) ကားဂိတ်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့သည်။ ယင်းနေ့ ၁၁ နာရီခန့်တွင် ဒေါ်နွဲ့နွဲ့ဝင်းနှင့် သားဖြစ်သူတို့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး သံသေတ္တာမှာ အနေအထားပျက်ယွင်းနေသည့်အတွက် ခင်ပွန်းဖြစ်သူအား ခေါ်ယူပြသပြီး စစ်ဆေးရာ ငွေစက္ကူရောရာ ငွေကျပ် သိန်း(၄၀)ကျပ်တိတိ၊ ရွှေနားကပ်တစ်ရံ တန်ဖိုး ၉ သောင်းကျပ်နှင့် ရွှေဘောင်ချာတို့မှာ ပျောက်ဆုံးနေပြီး သံသေတ္တာတစ်လုံးအား ဆက်လက်စစ်ဆေးရာ ငွေကျပ်(၂၅)သိန်းတိတိမှာ ပျောက်ဆုံးနေသည်ကို ထပ်မံတွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အသိပေး၍ ရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်မှ ငွေကျပ်(၆၅)သိန်းနှင့် ရွှေနားကပ်တစ်ရံတို့အား ခိုးယူသွားသူအား မတ္တရာမြို့မစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)