မြဝတီ၊ နမ့်စန်၊ မဘိမ်းနှင့် ပုံပါကျင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၃ ဧပြီ

 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက် ညနေ ၄ နာရီက မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အေးသာယာ(၂)လမ်းနေ ဖြိုးဝေကျော် (ခ) ကိုဖြိုး၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ အောင်ပြည့်ဖြိုး(ခ)လူစီ၊ ဇော်ဝင်းအောင် (ခ) ငပြူးလေးတို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၄ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

 

အလားတူ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊ တောင်ပေါ်ရေကန်လမ်းနေ ဇော်ဦး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၅၀ ကိုလည်းကောင်း။

 

 

ထို့အတူ နံနက် ၉ နာရီခွဲက မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စု၊ ပွေးတူးကျေးရွာနေ မအေးလွင်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အောက်ရှိ သက်ငယ်များကြားမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၉၀၀ ကိုလည်းကောင်း၊ အလားတူ ထိုနေ့ နံနက် ၃ နာရီက တပ်မတော်မှ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ ပါချီးကျေးရွာ၏ တောင်ဘက် (၃)မိုင်ခန့်အကွာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်အနီးတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၃ ကီလိုသိမ်းဆည်းရမိခဲ့ပြီး ၎င်းနေရာနှင့် ကိုက် ၁၅၀ ခန့်အကွာရှိ ဆာလာအိတ်အတွင်းမှ အိုက်စ် ၃ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 

ရဲပြန်ကြား