မြဝတီမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုအပေါ် မှားယွင်းမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြဝတီ ၅  ဩဂုတ်

 

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ သိရှိ နားလည်စေရန် မြဝတီမြို့နယ်အတွင်းရှိ အမည်စာရင်း ကပ်ထားကြေညာထားရှိမှုအပေါ် မှားယွင်းမှု မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက   မြဝတီခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ ဦးခင်မောင်ဦး က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်မြတ်သန္တာထက် က မဲစာရင်းကပ် ထားကြေညာ ထားရှိမှုနှင့်ပတ်သက်၍ အခက်အခဲရှိပါက တင်ပြရန်၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင် စာရင်းကပ်ထားခြင်း ပထမအကြိမ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများတွင် မပါဝင်ခြင်း၊ ကန့်ကွက်ခြင်း၊ အမည်မှားယွင်းစွာဖော်ပြခြင်း၊ စာလုံးပေါင်းသတ်ပုံမှားယွင်းခြင်း စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ပုံစံစာရင်းတွင် ပြည့်စုံစွာဖော်ပြ၍   ပြန်လည်ပြင် ဆင်နိုင်ရေးအတွက် စနစ်တကျဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဒေါက်တာမြင့်အောင်ကျော်က မဲဆန္ဒရှင် စာရင်းများမကျန်ရှိစေရေးနှင့်ပတ်သတ်၍  တင်ပြဆွေးနွေးခဲ့ပြီး  အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)