နှာခေါင်းစည်း… တပ်ပါ… ဆိုကြရာဝယ်

၆  ဇူလိုင်

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုသည် အရှိန်မြင့်မားနေဆဲဖြစ်ပြီး ယင်းရောဂါ၏ အကျိုးသက် ရောက်မှုများကို လာမည့်ဆယ်စုနှစ်များအထိ ခံစားရလိမ့် မည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု ပျက်ပြားလျှင် အောင်နိုင်မည်မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ‘တက်ဒ်ရိုစ် အက်ဒ်ဟာနွမ် ဂီဘရီယီဆပ်စ်’ က ပြောကြားခဲ့ပါတယ်။

ကူးစက်မှုပြန့်ပွားနေတဲ့ကာလမှာ အများပြည်သူ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ ဈေးဆိုင်တွေနဲ့ ဈေးတွေမှာ၊ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ဖို့ ခက်ခဲတဲ့နေရာ မျိုးတွေမှာ ပြည်သူလူထုအားလုံး နှာခေါင်းစည်းဝတ်ဆင် ကြဖို့ကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေကို အကြံပြုချက်ပေးပို့ခဲ့ပါတယ်။ နှာခေါင်းစည်းဝတ်ဆင်ခြင်း တစ်ခုတည်းနဲ့တော့ လူအများကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ ရာနှုန်းပြည့်မကာကွယ်နိုင်ကြောင်းနဲ့ လက်ကို သေချာဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတွေကလည်း အရေးကြီးလှပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

သိသင့်သိထိုက်တာ သိရှိထားဖို့

ဒီ ‘ကိုဗစ်’ ရောဂါကြီးက ဘယ်ကာလအထိ ဆက်ရှိ နေဦးမှာလဲ။ ဘယ်အချိန်ထိ ကာကွယ်စောင့်ရှောက် နေရဦးမှာလဲဆိုတာ တိတိပပမသိနိုင်ပေမယ့် နှာခေါင်းစည်း တပ်တဲ့ အလေ့အထကတော့ ဆက်ပြီး ကျင့်သုံးနေရဦးမှာကတော့ သေချာနေပါတယ်။ ဒါ့ကြောင့် နှာခေါင်းစည်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက် တာတွေကို ပြည်သူအားလုံး သိရှိထားဖို့ အရေးကြီးလှပါတယ်။

နှာခေါင်းစည်းအမျိုးအစားတွေအကြောင်း၊ နှာခေါင်း စည်းတွေရဲ့ ဆေးပညာဆိုင်ရာ စိတ်ချရတဲ့ စံချိန်စံညွှန်း တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ ဆင်ခြင်သတိပြုစရာ ဆောင်ရန် ရှောင်ရန်များနဲ့ အန္တရာယ်ဖြစ်စေနိုင်မယ့် အကြောင်း တရားတွေကို သိရှိဖို့လိုပါတယ်။ အလုပ်အကိုင်အပေါ် မူတည်ပြီး တစ်နေ့တာမှာ အချိန်ဘယ်လောက်ကြာကြာ နှာခေါင်းစည်းကို ဝတ်ဆင်ထားရသလဲဆိုတာကိုလည်း ထည့်တွက်ရပါတယ်။

နှာခေါင်းစည်းအမျိုးအစားတွေကို အကြမ်းအားဖြင့် (၃)ပိုင်း ခွဲခြားနိုင်ပါတယ်။ (၁) N95 လို့ခေါ်တဲ့ အဆင့်မြင့် နှာခေါင်းစည်း၊ (၂) ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းနဲ့ (၃) အိမ်တွင်းဖြစ် ချည်ထည်အဝတ်နဲ့ ပြုလုပ်ထားတဲ့ နှာခေါင်းစည်းတို့ပဲ ဖြစ်ပါတယ်။

N95 ဆိုတာကတော့ ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတဲ့သူတွေ ဝတ်ဆင်ဖို့ သင့်လျော်တဲ့ နှာခေါင်းစည်းဖြစ်တယ်။ ဈေးကြီးတယ်။ လုံလောက်တဲ့ ပမာဏကို မထုတ်လုပ်နိုင်ဘူး။ အကန့်အသတ် ရှိတယ်၊ နှာခေါင်းနဲ့ပါးစပ်ကို တင်းကျပ်စွာ အုပ်ပေးထားနိုင်လို့ လေထုရေငွေ့ကို ကာကွယ်တယ်။ ဗိုင်းရပ်စ်ပိုးကို ရာနှုန်းပြည့် ကာကွယ်ပေးတယ်။ N95 လို့ခေါ်ဝေါ်ရတဲ့ အဓိပ္ပာယ်က N ဆိုတာ (Not resistant to oil) ဆီကို ခံနိုင်ရည်မရှိ၊ ဆီနှင့်ထိတွေ့လို့မရ ဖြစ်ပါတယ်။ လေထုထဲမှာ ရှိတဲ့ သုည ဒသမ ၃ မိုက်ခရွန်အရွယ်ထက် သေးငယ်တဲ့ ရောဂါပိုးမွှားတွေကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်လို့ “N 95 3M 8210” လို့ခေါ်တယ်။ ၂ ဒသမ ၅ မိုက်ခရိုမီတာ ထက်သေးငယ်တဲ့ အမှုန်အမွှားတွေကို ၉၅ ရာခိုင်နှုန်း အထက်ကျော်လွန်ပြီး ကာကွယ်ပေးနိုင်လို့ “N95 PM 2.5” စသဖြင့် ခေါ်ဝေါ်ကြတယ်။ ရှစ်နာရီဆက်တိုက် ကောင်းမွန်စွာ အသုံးပြုနိုင်တယ်။ N95 တွေရဲ့ အားသာ ချက်က အကယ်၍ ရောဂါပိုးကပ်ရောဂါအသွင် ပျံ့နှံ့မှုများ တဲ့ နေရာတွေမှာ ပစ္စည်းမလုံလောက်ခဲ့ရင် (UVGI) လို့ ခေါ်တဲ့ ‘ခရမ်းလွန် ဂျာမီဆိုက်ဒ် ရောင်ခြည်’နဲ့ ပိုးသတ်ပြီး ပြန်သုံးလို့ရတယ်။ ရေနဲ့လျှော်ဖွတ်ပြီး ပြန်လည်အသုံး ပြုလို့တော့ မရပါဘူး။

N95 အပြင် N100 နဲ့ P100 ဆိုတာလည်း ရှိပါသေး တယ်။ N100 က လေထုထဲမှာရှိတဲ့ ရောဂါပိုးမွှားတွေကို ၉၉ ဒသမ ၉၇ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်။ ဆပ်ပြာ၊ ရေနွေးတို့နဲ့ လျှော်ဖွပ် အခြောက်ခံပြီး ပြန်သုံးနိုင်တယ်။ ပလတ်စတစ်အိတ်နဲ့ သေချာထည့်သိမ်းထားရင် လေးလကနေခြောက်လအထိ ပြန်သုံးနိုင်တယ်လို့ ဆိုပါတယ်။ P100 ကတော့ ဆီနဲ့ ထိတွေ့ ခြင်းကို ခံနိုင်ရည်ရှိပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပိုးမွှားတွေကို ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ အပြည့်အဝ အကာအကွယ်ပေးနိုင်တယ်။

ဒုတိယအမျိုးအစားကတော့ “ခွဲစိတ်ခန်းသုံးနှာခေါင်း စည်း” ဖြစ်တယ်။ တစ်ခါသုံး နှာခေါင်းစည်းဖြစ်ပြီး အစိတ် အပိုင်းငါးခုနဲ့ ဖွဲ့စည်းထားပါတယ်။ (၁) အပြင်လွှာ၊ (၂) အလယ်လွှာ၊ (၃) အတွင်းလွှာ၊ (၄) နှာဒေါက်၊ (၅) နားသိုင်း ကြိုးတို့ဖြစ်ပါတယ်။ အပြင်လွှာကို ချည်မျှင်မဟုတ်တဲ့ (Non woven material) ပိုလီအက်စတာနဲ့ ပြုလုပ်ထားတယ်။ ‘ရေ’ကို ကာပေးတယ်၊ လေထုထဲမှာ ပျံ့လွင့်နေတဲ့ အရည် စက်တွေ၊ အမှုန်အမွှားတွေနဲ့ ရောဂါပိုးတွေကို ဆွဲကပ်ထိန်းချုပ် ပေးတယ်။ အပြင်လွှာရဲ့ အထူက (28 GSM) ၂၈ ဂရမ်စတုရန်း မီတာပတ်လည်ရှိရပါတယ်။

အလယ်လွှာကိုတော့ (Melt-blown microfilter) လို့ ခေါ်တဲ့ ပိုလီပရိုပိုင်လင်းနဲ့ ပြုလုပ်ထားတယ်။ ဆန်ခါစစ်ပါတဲ့ ဖိုက်ဘာမျှင်အပြားဖြစ်တယ်။ စက်နဲ့ချည်သားလို ရက်လုပ် ထားတာမျိုးမဟုတ်ဘဲ အရည်ဖျော်ထားတဲ့ ပိုလီပရိုပိုင်လင်း ကို ရေပူနဲ့ မှုတ်ထုတ်ပြီး အပြားလိုက်အခြောက်ခံထားတဲ့ မိုက်ခရိုဖေလ်တာ ဆန်ခါအလွှာဖြစ်တယ်။ ရောဂါပိုးမွှား တွေကို ဖမ်းယူထိန်းချုပ်ပေးတဲ့ အဓိကအလွှာဖြစ်တယ်။ ဖေလ်တာ အပေါက်ကလေးတွက သုည ဒသမ ၃ မိုက်ခရွန် ကနေ ၃ ဒသမ သုည မိုက်ခရွန်အထိရှိတဲ့ ပိုးမွှားမှန်သမျှကို စစ်ထုတ်ပေးနိုင်တယ်။ အလယ်လွှာရဲ့ ‘ဒု’ ကလည်း (25 GSM) ၂၅ ဂရမ်စတုရန်းမီတာ ပတ်လည်ရှိရပါတယ်။

ရှူထုတ်မိစေခြင်းမှကာကွယ်

အတွင်းလွှာကတော့ ရေကိုစုပ်ယူပေးတယ်။ ပိုလီပရို ပိုင်လင်းနဲ့ ပြုလုပ်ထားတယ်။ ဝတ်ဆင်သူရဲ့ အသက်ရှူလမ်း ကြောင်းမှာရှိတဲ့ အရည်စက်တွေနဲ့ အမှုန်တွေကို ဆွဲကပ် ထိန်းချုပ်ပေးတယ်။ ဝတ်ဆင်သူထံမှာ အမှုန်အမွှားတွေကို ရှူထုတ်မိစေခြင်းမှ ကာကွယ်ပေးတယ်။ အထူက (20 GSM) ၂၀ ဂရမ်စတုရန်းမီတာ ပတ်လည်ရှိရမယ်။

နှာဒေါက်ခေါ်တဲ့ ‘နှာခေါင်းဝါယာ’ ပါရမယ်။ ပလတ်စတစ် လောင်းထားတဲ့ အချောင်းထဲမှာ သတ္တုချောင်းလေး ထည့် သွင်းထားတယ်။ နှာခေါင်းနေရာကို ဖိလိုက်ရင် ကပ်နေရ မယ်။ သတ္တုချောင်းမပါဘဲ ပလတ်စတစ်ပြားပဲ ထည့်ထားရင် ဝတ်ဆင်ပြီး တစ်ခဏနဲ့ ပြန်ကွာသွားနိုင်တယ်။ ပိုးမွှား ကာကွယ်ဖို့ အားနည်းသွားပါမယ်။

နားသိုင်းကြိုးကို ပိုလီအက်စတာချည်မျှင် သေးသေး လေးတွေနဲ့ ကြိုးကျစ်ပြီး စီမံထားလို့ ကျုံ့နိုင်၊ ဆန့်နိုင်အား ရှိတယ်။ နားမှာ ကြာရှည်ချိတ်ထားခြင်းဖြင့် နာကျင်မှု မရှိဘူးစသဖြင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ခုဟာ သူ့ရဲ့ အစိတ်အပိုင်း ငါးခုလုံးမှာ ရှိသင့်ရှိထိုက်တဲ့ စံချိန် စံညွှန်းနဲ့ကိုက်ညီရမှာဖြစ်တယ်။ တစ်လွှာချင်းစီရဲ့ အရည် အသွေးတွေကို ဝိတ်လျှော့လို့မရပါဘူး။

ဈေးကွက်ထဲမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေက တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးနဲ့ တွေ့နေရပါတယ်။ “ပါး” တိုင်းလည်း စိတ်မချရသလို “ထူ”တိုင်းလည်း မသေချာနိုင်ပါဘူး။ မိမိဝတ်ဆင်မယ့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ကို အထက်ကပြောခဲ့တဲ့ အပိုင်း ငါးပိုင်းလုံး၊ စံချိန်မီ၊ မမီ စစ်ဆေးကြည့်ပြီးမှ ဝယ်ယူကြရပါမယ်။

ကိုဗစ်ရောဂါ စတင်ဝင်ရောက်စကာလတွေကတော့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကို ဈေးကြီးပေးပြီး ဝယ်ယူကြ ရပါတယ်။ အခုအချိန်မှာတော့ တဖြည်းဖြည်းနဲ့ ဈေးကျ လာခဲ့ပါပြီ။ ဒါကလည်း အိမ်တွင်းဖြစ် ချည်ထည်နှာခေါင်း စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့တဲ့ အကျိုး ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံး အတိုင်း အတာအရ တစ်ခါသုံးနှာခေါင်းစည်းတွေကို နေ့စဉ်ဝယ်ယူ သုံးစွဲဖို့ မတတ်နိုင်တဲ့ ကာလတစ်ခုမှာတုန်းကတော့ အိမ်တွင်းဖြစ်နှာခေါင်းစည်းကို ကိုယ်တိုင်ချုပ်လုပ် ဝတ်ဆင် ကြခြင်းဖြင့် အချိန်ကာလခန့်မှန်းလို့မရတဲ့ အနေအထားမှာ ကိုယ်တိုင်ချုပ်နှာခေါင်းစည်း သုံး၊လေး ခုရှိနေရင် အဆင် ပြေနိုင်မယ်။ နှာခေါင်းစည်းတပ်ခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ကြဖို့ ရည်ရွယ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ပြိုင်ပွဲကျင်းပပေးခဲ့တယ်၊ ဆုချီးမြှင့်ပေးခဲ့တယ်။

အောင်မြင်တဲ့ပြယုဂ်

ဒီပြိုင်ပွဲကြောင့် ဒီဇိုင်းအမျိုးမျိုး၊ ဖက်ရှင်ကျကျ လှပတဲ့ အဝတ်နှာခေါင်းစည်းတွေ ပေါ်ထွက်လာခဲ့တယ်၊ တစ်ပြိုင် နက်တည်းမှာပဲ အဲဒီအကျိုးဆက်ကြောင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ ဈေးကျသွားခဲ့တယ်၊ အောင်မြင်တဲ့ ပြယုဂ်ဖြစ်ခဲ့တယ်။

အမှန်တော့ အဝတ်နှာခေါင်းစည်းတွေက ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အသုံးများတယ်၊ ဖက်ရှင်အတွက်၊ သာမန်အမှုန် အမွှားတွေကို ကာကွယ်ဖို့နဲ့ သာမန်နှာစေး၊ ချောင်းဆိုးရောဂါ ကာကွယ်ဖို့အတွက်သုံးကြတယ်။ တစ်ခါသုံးနှာခေါင်း စည်းတွေ မထုတ်လုပ်နိုင်ခင်က သုံးစွဲခဲ့ကြတယ်။

အိမ်တွင်းဖြစ် နှာခေါင်းစည်းတွေကို ၁၀၀ ရာခိုင်နှုန်း ချည်သား၊ လီနင်သား၊ စွပ်ကျယ်သား၊ ပိုက်ဆံလျှော်၊ ကြာ ချည်စသဖြင့် ချုပ်လုပ်ကြတယ်။ ဘယ်လိုအသားနဲ့ပဲ ချုပ် ချုပ်၊ အသက်ရှူကောင်းဖို့၊ ကြာရှည်ဝတ်ဆင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချုပ်ကြတယ်။ တစ်နေ့တာသုံးပြီး ပြန်လည် လျှော်ဖွတ်ပြီး ပြန်သုံးကြတယ်။ အတွင်းနဲ့အပြင် အရောင် ခွဲခြားထားတယ်၊ အနည်းဆုံး နှစ်လွှာဖြစ်ရမယ်၊ အလယ်မှာ ကြားခံ (Filter)ထည့်ပြီး ချုပ်တဲ့သူလည်းရှိသလို၊ မပါဘဲ ချုပ်ထားတာလည်းရှိတယ်။ ဒါ့အပြင် လေရှူပေါက်ထည့်ပြီး ချုပ်ထားတဲ့ ဖက်ရှင်နှာခေါင်းစည်းတွေလည်း ရှိတယ်။ အပြင် လွှာနဲ့ အတွင်းလွှာကိုတော့ ချည်သားနဲ့ ချုပ်ထားပြီး အလယ်လွှာနေရာမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းရဲ့ အလယ်လွှာမှာသုံးတဲ့ ပိုလီပရိုပိုင်လင်းအပြား ကုန်ကြမ်းကို ဝယ်ပြီး ထည့်သွင်းချုပ်ထားတဲ့ နှာခေါင်းစည်းတွေကိုလည်း ယနေ့ဈေးကွက်ထဲမှာ တွေ့နေရပါတယ်။

အမှန်စင်စစ်အားဖြင့် အဝတ်ချည်ထည်သားဆိုတာ ရေကိုစုပ်ယူတယ်၊ ရောဂါပိုး ပြန့်ပွားဖို့လွယ်ကူတယ်၊ အဝတ် သားချည်သားမှန်သမျှဟာ ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယား ပိုးတွေကို စစ်ထုတ်ပေးနိုင်တဲ့ ပါဝါမရှိဘူး၊ လုံးဝမဝတ်ဆင် တာနဲ့စာရင် ဝတ်ဆင်ထားခြင်းဖြင့် ပြင်ပက အမှုန်အမွှား တွေ မဝင်အောင်ကာကွယ်ပေးနိုင်ရုံ၊ နှာစေးချောင်းဆိုး ဖျားနာနေသူထံမှ နှာချေရာမှ လွင့်စင်လာတဲ့ အရည်တွေ၊ အမှုန်အမွှားတွေ တစ်ဦးမှတစ်ဦးထံကို ပျံ့လွင့်ကူးစက်မှု မရှိအောင် ကာကွယ်ရုံမျှသာဖြစ်တယ်။

မျိုးရိုးဗီဇသိပ္ပံပညာရှင် ဒေါက်တာဟိုဒကာဒိုးရိ (Dr. Hoda Kardoori ) ရဲ့ လေ့လာတွေ့ရှိချက်အရ ပြင်ပလေထု ထဲက ဒြပ်မှုန်တွေဟာ အဝတ်နှာခေါင်းစည်းမှတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲကို ၄၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ဝင်ရောက်လာနိုင်တယ်။ ကိုရိုနာဗိုင်းရပ်စ် ပိုးဟာ သုည ဒသမ ၀၆ ကနေ သုည ဒသမ ၁၄ မိုက်ခရွန် အရွယ်အစားရှိပြီး ဗိုင်းရပ်စ်အရွယ်ထက်ကြီးတဲ့ အမှုန်တွေ မှာ ကပ်ညှိနေတတ်တာ ဖြစ်ပါတယ်။ N95 နဲ့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေကတော့ သုည ဒသမ ၃ မိုက်ခရွန် အရွယ် ထက်သေးငယ်တဲ့ ရောဂါပိုးမွှားတွေကို ၉၅ ရာခိုင်နှုန်း ထက်ကျော်လွန်ပြီး ကာကွယ်ပေးနိုင်ပေမယ့် အဝတ်ချည် သားတွေကတော့ ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားတွေကို စစ်ထုတ်ပေးနိုင်စွမ်းမရှိပါဘူး။ မိုက်ခရိုစကုပ်အောက်မှာ ကြည့်တဲ့အခါ ချည်သားတွေရဲ့ ချည်တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးက N95 ထက် အဆပေါင်း ၁၀၀၀ ခန့်အထိ ပိုပြီးကြီးမား ကွာဝေးနေတာကို တွေ့ရပါတယ်။

အသုံးပြုကြမှ စိတ်ချရမှာ

အဝတ်သားရဲ့ မျက်နှာပြင်မှာ ဗိုင်းရပ်စ်ပိုးရှင်သန်နိုင်မှု မြင့်မားတယ်။ အဝတ်ကို လက်နဲ့ ထိတွေ့ကိုင်တွယ်မိရာက ရောဂါပိုးပျံ့နှံ့နှုန်း ပိုမိုများပြားနိုင်တဲ့အတွက် အဝတ်နှာခေါင်းစည်းဟာ ရောဂါကာကွယ်ထိန်းချုပ်မှုအတွက် အသုံးမဝင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ N95 နဲ့ ခွဲစိတ်ခန်းသုံး နှာခေါင်း စည်းကိုသာ အသုံးပြုကြရမှာဖြစ်သလို မိဘပြည်သူတို့ အနေနဲ့လည်း ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (Surgical Mask) ကိုသာ အသုံးပြုကြမှ စိတ်ချရမှာဖြစ်ကြောင်း အကြံပေးထားပါတယ်။

ကျန်းမာရေးအန္တရာယ်နဲ့ ပတ်သက်ရင်လည်း အရည်အသွေးမြင့်တဲ့ နှာခေါင်းစည်းတွေက အသက်ရှူစနစ် ကောင်းမွန်စေဖို့ နည်းစနစ်မှန်မှန်၊ စံနှုန်းမီမီ၊ တိတိကျကျ ထုတ်လုပ်ထားတဲ့အတွက် ဦးနှောက်၊ နှလုံးနဲ့ သွေးကြော တွေကို မထိခိုက်နိုင်ဘူးလို့လည်း ဆိုပါတယ်။ အမှန် တကယ်အားဖြင့် ဘယ်လိုနှာခေါင်းစည်းဖြစ်ပါစေ နှာခေါင်းနဲ့ပါးစပ်ကို အချိန်ကြာကြာ ဖုံးအုပ်ထားရတဲ့အခါ ခန္ဓာကိုယ်ထဲက မှုတ်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့တွေက အထွက်မရှိတော့ဘဲ မိမိဘာသာပြန်လည် ရှူရှိုက်မိရာက ဦးနှောက်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ များသွားနိုင်ပါတယ်။

တစ်ဆက်တည်းမှာပဲ သဘာဝလေထုထဲက ရှူရှိုက်ရာ မှရတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ဟာ အပြည့်အဝမရနိုင်တဲ့ အခါ ဦးနှောက်ထဲမှာ အောက်ဆီဂျင်နည်းပါးလာတဲ့ လက္ခဏာတွေဖြစ်တဲ့ မူးဝေလာခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ ခွန်အားဆုတ်ယုတ်လာခြင်း၊ အားအင် ကုန်ခန်းသလို ခံစားရခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း ဆိုရှယ်မီဒီယာစာမျက်နှာတွေထဲမှာ တော့ နှာခေါင်းစည်းတပ်ခြင်းကြောင့် ဦးနှောက်ထဲမှာ အောက်ဆီဂျင်နည်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်များခြင်း ဆိုတဲ့ ဖော်ပြချက်တွေဟာ မှားယွင်းနေကြောင်း ရေးသား ကြပါတယ်။

ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ ‘CDC’ အနေနဲ့ သူနာပြု ၁၀ ဦးကို N95 နှာခေါင်းစည်း ၁၂ နာရီကြာ တပ်ဆင်ပြီး စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်ခံတွေရဲ့ ဦးနှောက်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်နေတာကို တွေ့ရပေမယ့် အန္တရာယ်ဖြစ်လောက်တဲ့ ပမာဏမဟုတ် ဘူး။ နှာခေါင်းစည်း အတွင်းမှာ ရှိနေတဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ပမာဏဟာ လူတို့အတွက် ခံနိုင်ရည်အဆင့်တစ်ခုဖြစ် ပါတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

လေ့လာတွေ့ရှိချက်တိုင်း ရေးသားဖော်ပြ

ဒါပေမယ့် ဒေါက်တာ ဒင်းနစ်-အေ-ကက်စထရို-ဘီ ကတော့ နှာခေါင်းစည်းကြာရှည်စွာ ဝတ်ဆင်ရင် ဦးနှောက် နဲ့ သွေးထဲမှာ အောက်ဆီဂျင်ဓာတ် အရောက်နည်းသွား စေနိုင်တာ အမှန်ဖြစ်ကြောင်း (Nigerion) နီဂီရီယန် သတင်းစာထဲမှာ အကိုးအကားတွေနဲ့အတူ ချေပရေးသား ထားပြန်ပါတယ်။ လေ့လာတွေ့ရှိချက်တိုင်းဟာ အခြေ အမြစ် ခိုင်ခိုင်မာမာ၊ သက်သေပြချက်၊ သုတေသနပြုချက် တွေနဲ့ ရေးသားဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ နှာခေါင်းစည်းတပ်ခြင်းရဲ့ နောက်ကွယ်က ဖြစ်နိုင်ခြေများနဲ့အတူ ဘယ်လိုနှာခေါင်းစည်းကိုတပ်မှသာ စိတ်ချလုံခြုံစေမယ်ရယ်လို့ အငြင်းပွားနေကြပါစေ လက် တွေ့ဘဝမှာတော့ နှာခေါင်းစည်းဟာ မရှိမဖြစ်၊ မဖြစ်မနေ တပ်ကိုတပ်ရမယ့် အနေအထား ဖြစ်နေပါပြီ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ပါ ဆိုကြရာဝယ် ဆင်ခြင်သတိပြုစရာအချက်တွေကိုတော့ အလေးထား လိုက်နာကြဖို့ အရေးကြီးလှပါတယ်။ အသက်ကြီးသူတွေ အနေနဲ့ မဖြစ်မနေ ဝေဒနာမျိုးခံစားရမှသာ ဆေးရုံ၊ ဆေးခန်းကို သွားကြပါ၊ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့၊ ထွက်ခဲ့ရင်လည်း ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကိုသာ ဝယ်ယူသုံးစွဲပါ။ အခုဆိုဈေးမကြီးတော့ပါ။

• အပြင်ထွက်ပြီး အိမ်ပြန်ရောက်တာနဲ့ နှာခေါင်း စည်းကို ချွတ်ပစ်ပါ။

• တစ်ယောက်တည်းရှိနေစဉ် နှာခေါင်းစည်းကို ဖြုတ်ထားပါ။

• လူတစ်ဦးထက်ပိုပြီး အလုံပိတ်အခန်းထဲမှာ အလုပ်လုပ်သူများ မဖြစ်မနေတပ်ပါ။

• နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ၊ လေပြွန်ရောဂါ၊ ပန်းနာရင်ကျပ်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ အထူးသတိထား၍ ဝတ်ဆင်ပါ။ (အသက် ၇၀ ကျော် ဆီးချို၊ နှလုံး အခံရှိတဲ့ လူနာတစ်ဦး နှာခေါင်းစည်းတပ်ပြီး ၃ နာရီအကြာမှာ ငုတ်တုတ်ထိုင်နေရင်းနဲ့ သတိလစ်သွားပါတယ်။ ချက်ချင်း အရေးပေါ်ကုသမှုတွေ ပြုလုပ်လိုက်ရပါတယ်။)

• နှစ်နှစ်အောက်ကလေး နှာခေါင်းစည်းမတပ်ရပါ။

• လေဖြတ်နေသူများ၊ သတိလစ်နေသူများ၊ နှာခေါင်း စည်းကို မိမိဘာသာ ဖြုတ်နိုင် တပ်နိုင်ခြင်း မရှိသူများ နှာခေါင်းစည်း မဝတ်ဆင်ရပါ။

• နှာခေါင်းစည်း မဝတ်မီ လက်ကိုသေချာဆေးကြောပါ။ ဝတ်ဆင်ထားချိန် လက်ဖြင့် မကြာခဏ ကိုင်တွယ်ခြင်းမပြုရပါ။ ကိုင်မိလျှင် ချက်ချင်းလက် ဆေးပါ။ ချွတ်တော့မည်ဆိုလျှင် နားသိုင်းကြိုးမှ ကိုင်၍ဖြုတ်ပါ။ နှာခေါင်းစည်းကို ချွတ်ပြီးနောက် အလုံပိတ်ထားသော အမှိုက်ပုံးထဲသို့ ချက်ချင်းလွှင့် ပစ်ပါ။

• ဝတ်ဆင်ထားသော နှာခေါင်းစည်းမှာ နှာရည်၊ တံတွေးတို့ဖြင့် စိုစွတ်လာလျှင် ချက်ချင်းလဲပစ်ပါ။

• တစ်ခါသုံးဆိုသည့်အတိုင်း တစ်နေ့တစ်ခါသာသုံးစွဲပါ။ စနစ်တကျစွန့်ပစ်ပါ။

မျက်စိကျန်းမာရေးနဲ့ပတ်သက်ပြီး ကွန်ပျူတာမျက်စိ ရောဂါစုမှာ “စည်းမျဉ်း ၂၀”ဆိုတဲ့ ဥပဒေသရှိပါတယ်။ ကွန်ပျူတာကို မိနစ် ၂၀ ကြည့်ပြီးရင် စက္ကန့် ၂၀ နားရမယ်။ ပေ ၂၀ အကွာက အရာဝတ္ထုကို လှမ်းကြည့်ရပါတယ်။ ဒါမှ ကွန်ပျူတာကြည့်လို့ဖြစ်တဲ့ မျက်စိရောဂါတွေကို ကာကွယ် နိုင်မှာဖြစ်ပါတယ်။ အခုလည်း ကျွန်မအနေနဲ့ “စည်းမျဉ်း ၃၀” ဆိုတဲ့ နှာခေါင်းစည်း ဥပဒေသတစ်ခုကို ထုတ်လိုက်ချင် ပါတယ်။ အသက်ငယ်ရွယ်သူတွေအတွက် ဆက်တိုက် အချိန်ကြာကြာ နှာခေါင်းစည်းတပ်ခြင်းက မသိသာလှ ပေမယ့် အသက်ကြီးသူတွေနဲ့၊ အချိန်ကြာကြာ ဝတ်ဆင်ထား ရတဲ့ ကျန်းမာရေးဝန်ထမ်းအနေနဲ့တော့၊ ဦးနှောက်ထဲမှာ အောက်ဆီဂျင်နည်းတဲ့ ဝေဒနာတွေကို ခံစားရတာကတော့ ကိုယ်တွေ့ဖြစ်ပါတယ်။ ဒါကြောင့် မိနစ် ၃၀ ၊ ၁ နာရီ လောက် လူနာကြည့်ပြီးရင် ခဏနား၊ လူရှင်းတဲ့တစ်နေ ရာမှာ စက္ကန့် ၃၀ ခန့် နားသိုင်းကြိုးကိုဖြုတ်ပြီး လေတစ်ဝ ရှူပေးဖို့ လိုပါတယ်။ မိမိရဲ့ မူလအခံကျန်းမာရေးအခြေ အနေပေါ်မူတည်ပြီး ဉာဏ်ရှိသလို မိမိကိုယ်ကို စောင့်ရှောက်ကြပါလို့ အကြံပေးချင်မိပါတယ်။

အဲဒီလိုပဲ ပြည်သူတွေအနေနဲ့လည်း မိမိကျန်းမာရေး အတွက် ရေရှည်သင့်လျော်မယ့်၊ နှာခေါင်းစည်းများကိုသာ ဉာဏ်ရှိသလို ရွေးချယ်အသုံးပြုနိုင်ကြပါစေ။

အတတ်နိုင်ဆုံး အိမ်ထဲမှာ နေထိုင်ခြင်းဖြင့် နှာခေါင်း စည်းတပ်ရတဲ့ အချိန်ကာလကို နည်းနိုင်သမျှ နည်းအောင် လျှော့ချနိုင်ကြခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်စောင့် ရှောက်နိုင်ကြပါစေလို့သာ တိုက်တွန်းနှိုးဆော်လိုက်ရပါ တော့တယ်။

ဒေါက်တာနီလာသိန်း (လင်းရောင်သစ်)