နေ၏ လျှို့ဝှက်ချက်များကို စူးစမ်းရန် နေကိုလေ့လာသည့် ဂြိုဟ်တု လွှတ်တင်

ဖလော်ရီဒါ   ၁၁  ဖေဖော်ဝါရီ

 အမေရိကန် - ဥရောပ နေကိုလေ့လာသည့်ဂြိုဟ်တုကို ဖေဖော်ဝါရီ ၉ ရက် နှောင်းပိုင်းတွင် ဖလော်ရီဒါမှ လွှတ်တင်လိုက်ကြောင်း သိရသည်။ နေ၏လုပ်ဆောင်မှုများ၊ ကမ္ဘာမြေပေါ် ပြန်ရောက်သည့်အခါ နည်းပညာပိုင်း ဆိုင်ရာ အထောက်အကူပြုမည့် အာကာသအတွင်း အနေအထားများ အစရှိသည်တို့ကို စူးစမ်းရန် ရည်ရွယ်၍ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဥရောပ အာကာသအေဂျင်စီ (ESA) နှင့် နာဆာတို့ကြား ပူးပေါင်းကာ ကနေဒီအာကာသစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အချိန် ကိုးနှစ်ကြာမြင့်မည်ဖြစ်သည်။ ဖေဖော်ဝါရီ  ၁၀ ရက် ၁၂ နာရီ ၂၄ မိနစ်တွင် ဂျာမနီနိုင်ငံ ဒမ်းစတက်မြို့ရှိ ဥရောပအာကာသ ထိန်းချုပ်ရေးစင်တာသို့ ဆိုလာပြားများ အောင်မြင်စွာ ချထားနိုင်ပြီဖြစ်ကြောင်း အချက်ပြမှု ဝင်ရောက်လာခဲ့သည်။ ဂြိုဟ်တုပေါ်တွင် ပါလာသည့် ကိရိယာများသည် သိပ္ပံပညာရှင်များကို အကူအညီပေးနိုင်မည့် လေ့လာစရာ အချက်ပေါင်းများစွာကို မှတ်တမ်းတင်ပေးမည် ဖြစ်သည်။

အလင်းတန်းများ၊ ဆိုလာမုန်တိုင်းများ ဖြစ်ပေါ်လာသည့် သဲလွန်စများကို သိပ္ပံပညာရှင်များ လေ့လာရာ၌ အကူအညီဖြစ်စေ မည်ဖြစ်သည်။ ၁၈၅၉ ခုနှစ် စက်တင်ဘာလအတွင်း အမေရိက မြောက်ပိုင်းသို့ ကြီးမားသော ဆိုလာမုန်တိုင်းကျရောက်ခဲ့ပြီး ကြေးနန်း ကွန်ရက်များ ထိခိုက်ခဲ့ရသည်။ အကယ်၍ လွှတ်တင်ထားသည့် ဂြိုဟ်တု ထက်ဝက်ခန့် ပျက်စီးသွားခဲ့လျှင် လူသားမျိုးနွယ်အတွက် ဘေးအန္တရာယ် ကျရောက်လာနိုင်ကြောင်း သုတေသီတစ်ဦးဖြစ်သူ မက်သရူး ဘာညိုမီယာက ပြောသည်။

အဆိုပါ ဂြိုဟ်တုသည် နေနှင့်ကီလိုမီတာပေါင်း ၄၂ သန်း အကွာအဝေးသို့ ချဉ်းကပ်သွားမည်ဖြစ်ပြီး ယင်းအကွာအဝေးသည် နေနှင့် အနီးကပ်ဆုံး ပမာဏလည်း ဖြစ်သည်။ တိုက်တေနီယမ်သတ္တု အသုံးပြု ထားသည့် အပူဒဏ်ခံနိုင်သည့် အကာအကွယ်လည်း ပါဝင်မည်ဖြစ်သည်။ ။

ယင်း အကာအကွယ်များက ဆိုလာပေါက်ကွဲမှုမှတစ်ဆင့် ထွက်လာသည့် ရေဒီယိုသတ္တိကြွအမှုန် များကို ကာကွယ်တားဆီးပေးသွား မည်ဖြစ်သည်။ အာကာသယာဉ်သုံး အဝေးကြည့်မှန်ပြောင်းဖြင့်လည်း စူးစမ်းလေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အေအက်ဖ်ပီ