နေပြည်တော်တပ်ကုန်းမြို့နယ်များမှ ထွက်ရှိလာသည့် ပဲတီစိမ်းအသစ်များ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်

မန္တလေး  ၆ ဇူလိုင်

 

ယခုရက်ပိုင်းအတွင်း နေပြည်တော် တပ်ကုန်းမြို့နယ်များနှင့် ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များမှ ပေါ်ဦးပေါ်ဖျား ထွက်ရှိလာသည့် ပဲတီစိမ်းအသစ်များ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လာကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ပဲတီစိမ်းအသစ်များကို တရုတ်ဝယ်လက်များမှ အဖွင့်ဈေးအနေဖြင့် သုံးတင်းဝင်တစ်အိတ်လျှင် မိုးလွတ်ပြီး စိမ်းရွှင်အရောင်ရှိပါက  ငွေကျပ် တစ်သိန်းလေးထောင် ပေါက်ဈေးဖြင့်လည်းကောင်း၊ မိုးထိ ပဲတီစိမ်းများကို ငွေကျပ် ၉၄၀၀၀ ပေါက်ဈေးဖြင့်လည်းကောင်း ဝယ်ယူမှုများရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြု၍ ဈေးနှိမ် ဝယ်ယူနေမှုကြောင့် ပုံမှန်ပေါက်ဈေးသို့ ရောက်ရှိမလာသေးကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

 

“လက်ရှိ မန္တလေးဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်က သွက်လက်မြန်ဆန်နေပေမယ့် ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြုပြီး တရုတ်ဝယ်လက်တွေက ဈေးနှိမ် ဝယ်ယူနေတဲ့အတွက် ပဲတီစိမ်းအပါအဝင် ပဲအားလုံးနဲ့ နှမ်းဈေးနှုန်းတွေက ကျဆင်းနေတယ်။ လက်ရှိ ဒီပဲတီစိမ်းရဲ့ ပေါက်ဈေးက တောင်သူတွေအတွက် ရောင်းပန်းတော့ မလှပေမယ့် အဆင်တော့ ပြေနေသေးတယ်။ နောက်နှစ်ပတ်လောက် လှိုင်လှိုင်ထွက်ပေါ်လာချိန်မှာ ဈေးနှုန်းက ဒီထက်ကျဆင်းမသွားဖို့ မျှော်လင့်ရမှာပဲ။ ဒါကြောင့် ဒီအချိန်မှာ ထွက်လာသမျှ ပဲတီစိမ်းတွေကို မိုးမထိအောင် ဂရုစိုက်ပြီး ဈေးကွက်ကို အမြန်ဆုံးတင်ပို့ရောင်းချဖို့ တောင်သူတွေနဲ့ ကုန်သည်တွေကို သတိပေးလိုတယ်” ဟု ၎င်းက ပြောသည်။

 

လက်ရှိကာလတွင် ထွက်ရှိလာသည့် ပဲတီစိမ်းများမှာ ရာသီဥတု မျှတသည့်အတွက် အထွက်နှုန်း ကောင်းမွန်သည့်အပြင် အပင်ဖျက်ပိုး ကျရောက်မှု နည်းပါးကြောင်းနှင့် မကြာမီ ဇူလိုင်လနောက်ဆုံးပတ်၌ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှ ထွက်ရှိလာမည့် ပဲတီစိမ်းအသစ်များ မန္တလေးဈေးကွက်သို့ ထပ်မံဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် မန္တလေးပဲဈေးကွက်၌ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေသည့် ပဲတီစိမ်း၊ နှမ်းများနှင့် အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေသည့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများမှာ ကျဆင်းလျက်ရှိသည့်အပြင် ပြည်တွင်း၌ အဓိကစားသုံးသည့် ကုလားပဲအုပ်စုဝင် ပဲများမှာလည်း ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)