ငွေကျုံ့ခြင်း သို့မဟုတ် ဒီဖလေးရှင်း

စောနိုင် (အသုံးချဘောဂဗေဒ)

ဒီဖလေးရှင်းသတိအင်ဖလေးရှင်း (inflation) ခေါ် ငွေကြေးဖောင်းပွခြင်း ဟူသည် အထွေထွေစျေးနှုန်း အဆင့်မြင့်တက်နေခြင်း ဖြစ်ပြီး ဒီဖလေးရှင်း (deflation ) ခေါ် ငွေကျုံ့ခြင်းသည် အထွေထွေစျေးနှုန်းအဆင့် ကျဆင်းခြင်းဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရလျှင် စီးပွားရေးအဆောက်အအုံ တစ်ခုအတွက် ထိုအခြေအနေ နှစ်ရပ်လုံးသည် ကောင်းမွန် သည့် အခြေအနေများ မဟုတ်ပေ။ သို့သော် ထိုအခြေအနေ နှစ်မျိုးတွင် မည်သည်က စီးပွားရေးအဆောက်အအုံကို ဆိုးရွားမှု ပိုမိုဖြစ်စေသနည်းဟု မေးလာပါက ဒီဖလေးရှင်း ကို လက်ညှိုးထိုးကြလိမ့်မည်။ ပညာရှင်များ၊ သုတေသီ များက အနည်းငယ်ငွေကြေးဖောင်းပွခြင်း (သို့မဟုတ်) အနည်းငယ်သော အင်ဖလေးရှင်း ဖြစ်ပေါ်နေခြင်းသည် စီးပွားရေးအဆောက်အအုံတစ်ခုအတွက် အထောက်အကူ များစွာဖြစ်စေ၍ အဆက်မပြတ်ငွေကျုံ့ခြင်း (သို့မဟုတ်) ဒီဖလေးရှင်းဖြစ်နေခြင်းသည် မည်သို့မျှ ကောင်းကျိုး သက်ရောက်မှု မပေးကြောင်း သုံးသပ်ထားကြပြီး ဖြစ်သည်။

ဒီဖလေးရှင်းဖြစ်စေသည့် အဓိကအကြောင်းရင်း သည် စီးပွားရေးအဆောက်အအုံအတွင်း လည်ပတ် စီးဆင်းနေသော ငွေကြေးပမာဏ နည်းပါးလာခြင်း၊ ငွေကြေးပြတ်လပ်ခြင်းတို့ဖြစ်သဖြင့် စီးပွားရေးပညာရှင် အများစုသည် စီးပွားရေးအဆောက်အအုံအတွင်း ငွေကြေးလည်ပတ်စီးဆင်းမှုကိုလည်းကောင်း၊ စီးပွားရေး အဆောက်အအုံအတွင်းသို့ ငွေကြေးထည့်သွင်းရေးကို လည်းကောင်း နည်းလမ်းများ ရှာဖွေခဲ့ကြသည်။ နိုဗယ်ဆုရ ဘောဂဗေဒပညာရှင် မီလ်တန်ဖရီမန်း (Milton Friedman: ၁၉၁၂-၂၀၀၆) သည် ဒီဖလေးရှင်းကာလအတွင်း လေးလံထိုင်းမှိုင်းနေသော စီးပွားရေးကို နှိုးဆွတွန်းအားပေးနိုင်ရန်အတွက် ငွေကြေးပမာဏ အမြောက်အမြားကို စီးပွားရေးအဆောက်အအုံထဲသို့ ထည့်သွင်းသည့် သမားရိုးကျမဟုတ်သော အိုင်ဒီယာတစ်ရပ်ကို ဖော်ထုတ် ခဲ့ဖူးသည်။ ထိုအိုင်ဒီယာကို ဟယ်လီကော်ပတာပေါ်မှ ကြဲချသည့်ငွေ (helicopter drop of money )ဟု တင်စား ခေါ်ဝေါ်ခဲ့သည်။ helicopter drop of money ဆိုသည်မှာ အစိုးရအနေဖြင့် ဒီဖလေးရှင်းကာလတွင် ငွေကြေး အမြောက်အမြားကို နိုင်ငံသား စားသုံးသူများထံသို့ ဖြန့်ဝေ ပေးခြင်းဟု ဆိုလိုသည်။ ထိုဝေါဟာရကို အမေရိကန်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် (George W. Bush)၏ စီးပွားရေး အကြံပေးဖြစ်ခဲ့သူ ဘန်ဘာနန်ကီ (Ben Bernanke ) က အမေရိကန်ဗဟိုဘဏ်တွင် တာဝန်ယူစဉ်အခါက ဒီဖလေးရှင်းတိုက်ဖျက်ရန် နည်းလမ်းများနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတစ်ခုထဲ၌ ထည့်သွင်း၍ ကိုးကားပြောခဲ့ရာမှ တစ်ဖန်ပြန်၍ လူသိများလာခဲ့သည်။ ဘောဂဗေဒပညာရှင်များအနေဖြင့် ဈေးနှုန်းများမြင့်တက် သည့် အင်ဖလေးရှင်းထက် ငွေကြေးရှားပါးသည့် ဒီဖလေးရှင်းကို စိုးရိမ်ကဲခဲ့ကြသည်ကို ထိုအယူအဆက သက်သေပြနေသည်။

 

လက်တွေ့ ဒီဖလေးရှင်း

ဆိုးဆိုးရွားရွား ဒီဖလေးရှင်းအခြေအနေတစ်ရပ်သည် အမေရိကန် စီးပွားရေးအဆောက်အအုံအတွင်း၌ ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ အိမ်မြေစျေးနှုန်းများ ကျဆင်းမှု မှစတင်၍ ဈေးကွက်ပြိုလဲမှုများမှ ကူးစက်ခဲ့သည့် ဘဏ္ဍာရေးအကျပ်အတည်းကို ပြန်လည်သတိရကြလိမ့် မည်။ အကျပ်အတည်းဖြစ်ခါစ အိမ်ခြံမြေကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍကို တိုက်ရိုက်ထိခိုက်မှုများ ဖြစ်စေခဲ့သော် လည်း နောက်ပိုင်းတွင် ကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် အခြားသော စီးပွားရေးကဏ္ဍများကိုပါ ပျံ့နှံ့သွားခဲ့၏။ ဆက်လက်ဖြစ်ပေါ်ခဲ့သော သက်ရောက်မှုများသည် အမေရိကန်စီးပွားရေးမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ကူးစက် သွားခဲ့သည်။ ထိုအခြေအနေများ၌ အမေရိကန်ဗဟိုဘဏ် သည် အတိုးနှုန်းလျှော့ချခြင်း၊ ယခင် ငွေထုတ်မချေးခဲ့သော ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးများ ငွေကြေးအမြောက်အမြား ထုတ်ချေးခြင်းတို့ဖြင့် အပူတပြင်းကြိုးစားအားထုတ်ခဲ့သည်။ သို့သော် စီးပွားရေးကို ပြန်လည်ကျားကန်နိုင်ရေးအတွက် မစွမ်းဆောင်နိုင်ခဲ့ပေ။ အခြေအနေများသည် နောက်ပိုင်း ကာလများ၌ အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်း စျေးနှုန်းများ၊ ထုတ်လုပ်မှုနှုန်းနှင့် ထုတ်လုပ်မှုတို့ ကျဆင်း သည့် အခြေအနေများဆီသို့ ဦးတည်သွားခဲ့သည်။

 

အဆိုပါ အမေရိကန်ဘဏ္ဍာရေး အကျပ်အတည်းတွင် အမေရိကန်ဗဟိုဘဏ်အနေဖြင့် စီးပွားရေးအဆောက်အအုံ အတွင်း လုံလောက်သော ငွေကြေးပမာဏ တိုးမြှင့်ထည့်သွင်းမှု မလုပ်နိုင်ခဲ့ဟု ဆိုကြသည်။ အကျိုးဆက်ကား ၂၀၀၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလ၌ ရင်ဆိုင်နေရဆဲ ဘဏ္ဍာရေး အကျပ်အတည်း ပို၍ဆိုးရွားလာခြင်းဖြစ်သည်။ ဒေါ်လာ ငွေတန်ဖိုးကျဆင်းမှုကြောင့် ငွေကြေးချေးငှားထားသူတို့ အကြွေးပြန်လည်ပေးဆပ်ရန် ယခင်ကထက် ပိုမိုခက်ခဲ လာစေခဲ့၏။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုမ္ပဏီများသည် ထုတ်ကုန်များ ဈေးလျှော့ရောင်းချခြင်း၊ လုပ်သားများ လုပ်ခလစာများ လျှော့ချရခြင်းနှင့် အလုပ်သမားများ ထုတ်ပစ်ရခြင်းတို့ကို ပြုလုပ်လာခဲ့ကြသည်။ ဒီဖလေးရှင်း နောက်ဆက်တွဲ ကျပ်တည်းမှု၏ အကျိုးဆက်များကို တသီတတန်းကြီး ခံစားလိုက်ကြရသည်။ ၂၀၀၈ နှစ်လယ် အလွန် ကာလများတွင် စျေးနှုန်းများကျဆင်းမှုဒဏ် ပြန်လည်သက်သာလာသည်ဟုဆိုသည့်တိုင် အကျပ်အတည်း ဝေဒနာ အရှိန်မပျက် ရှိနေသေးသည်ကို တွေ့ခဲ့ကြရသည်။ အလုပ်လက်မဲ့ အခြေအနေများစွာမှာလည်း ဒီဖလေးရှင်း၏ မြင်သာသော ဒဏ်ရာများအဖြစ် ကျန်ခဲ့သည်။

 

ဒီဖလေးရှင်းကုစားမှု

ဘောဂဗေဒပညာရှင်များကြားတွင်မူ ဒီဖလေးရှင်း ဖြစ်ပေါ်မှုကို လျော့ပါးသွားစေရန် ငွေကြေးပေါ်လစီကို ကိုင်တွယ်အသုံးပြုမှုနှင့်ပတ်သက်၍ အချေအတင် ဆွေးနွေးမှု များစွာရှိခဲ့သည်။ သို့သော် ဆွေးနွေးမှုများ အားလုံး၏ နောက်ဆုံးဦးတည်ချက်မှာ စီးပွားရေးအဆောက် အအုံထဲတွင် ငွေကြေးလည်ပတ်လှုပ်ရှားမှု အားကောင်း လာစေရေးဖြစ်သည်။ ဘဏ္ဍာရေးပေါ်လစီ ကိရိယာအနေဖြင့် အခွန်အကောက်များ လျှော့ချပေးခြင်းနှင့် အစိုးရ၏ အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခြင်းတို့ဖြင့်လည်းကောင်း၊ ငွေကြေးပေါ်လစီကိရိယာအနေဖြင့် ဗဟိုဘဏ်၏ အတိုးနှုန်း လျှော့ချခြင်း၊ ဗဟိုဘဏ်ကငွေကြေးအသစ်များ ရိုက်နှိက်၍ ဈေးကွက်ထဲရှိ အာမခံဘဏ္ဍာရေး၊ ငွေကြေးစာချုပ်များ ဝင်ရောက်ဝယ်ယူခြင်းဖြင့် စီးပွားရေးအဆောက်အအုံထဲသို့ ငွေကြေးပမာဏ ထပ်မံဖြည့်သွင်းပေးခြင်းဖြင့် လည်းကောင်း ဒီဖလေးရှင်းဆိုးကျိုး သက်သာစေရေးလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို စဉ်းစားတတ်ကြသည်။ အခြားသော နိုင်ငံများ ကြုံတွေ့ဖြေရှင်းခဲ့ကြသည့် အခြေအနေများ သည်လည်း အထောက်အကူပြုနိုင်သဖြင့် လေ့လာသုံးသပ် ကြည့်ရန်လိုသည်။

သုတေသီများ၊ ပညာရှင်များ၏ ကြိုတင်သုံးသပ် အကြုံပြုချက်များအပြင် စီးပွားရေးအဆောက်အအုံထဲရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူတို့၏ ထင်ကြေးများ၊ အနာဂတ်မျှော်လင့်ချက်များကိုလည်း နားစွင့်ထားရန် လိုသည်။ အင်ဖော်မယ်ကဏ္ဍကြီးမားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၊ စီးပွားရေး အင်စတီကျူးရှင်းများ အားနည်းနေသေးသော ပြုပြင်ပြောင်းလဲရေးကာလကို ဖြတ်သန်းနေရသည့် နိုင်ငံ များတွင် ကြိုတင်ထင်မြင်ယူဆချက်များ၊ အကြောင်း အမျိုးမျိုးသော ကောလာဟလသတင်းများသည်လည်း ဒီဖလေးရှင်းအပေါ် သက်ရောက်မှုဖြစ်စေသည်ဟူသော အချက်ကို လက်ခံထားနိုင်ရမည်။

 

ငွေကြေး၊ ဘဏ္ဍာရေးနှင့် ဒီဖလေးရှင်း

ဗဟိုဘဏ်တို့သည် ဒီဖလေးရှင်းနှင့် မြင့်မားသော အင်ဖလေးရှင်းကိုရှောင်ရန် အမြဲပြင်ဆင်ကြိုးစားလေ့ ရှိကြသည်။ ၎င်းတို့၏ အဓိကကိရိယာဖြစ်သည့် ငွေကြေး ပေါ်လစီကို အသုံးပြုရာတွင် ပကတိဖြစ်ပေါ်နေသော အခြေအနေ ကိုက်ညီစေရန်၊ လက်တွေ့ဝေဒနာနှင့် သင့်လျော်သည့် ကုထုံးဖြစ်စေရန် အလေးဂရုထားကြ၏။ ခုတ်ရာတလွဲ၊ ရှရာတခြား မဖြစ်စေရန် မက်ခရိုစီးပွားရေး အခြေအနေပြကိန်းများ၊ ဈေးကွက်များ၏အခြေအနေကို အမှန်တကယ် ထင်ဟပ်စေသောသတင်းများနှင့် ဈေးကစား သူများ၏အပြုအမူများ၊ ကောလာဟလသတင်းများကိုပါ အမြဲမပြတ် ရယူသုံးသပ်အကဲဖြတ်နိုင်နေရမည်။

ဒီဖလေးရှင်းသည် စီးပွားရေးအဆောက်အအုံအတွင်း ကျဆင်းလာသော ဝယ်လိုအား ( သို့မဟုတ် ) စားသုံးမှုကြောင့် စျေးနှုန်းများကျဆင်းနေသည့် အခြေအနေဖြစ်ပေသည်။ ဝယ်လိုအားကျဆင်းခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ စားသုံးသူများဝင်ငွေ ( လုပ်ခ၊ လစာ) ကျဆင်း ခြင်း၊ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်း၊ အစိုးရအနေဖြင့် အသုံးစရိတ်‌လျှော့ချသုံးစွဲခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ဗဟိုဘဏ်က လည်ပတ်နေသည့် ငွေကြေး ပမာဏလျှော့ချခြင်း၊ ဘဏ်များက ချေးငွေပမာဏ‌လျှော့ချ ထုတ်ချေးခြင်းတို့လည်း ဖြစ်နိုင်သည်။ ထိုအခြေအနေ များ၏ သက်ရောက်မှုအကျိုးဆက်များကြောင့် စီးပွားရေး အဆောက်အအုံအတွင်း ငွေကြေးအရင်းအမြစ်များ ခန်းခြောက်လာနိုင်ခြင်း၊ ငွေကြေးစီးဆင်းမှုပမာဏ နည်းပါးလာခြင်းတို့ ဖြစ်ပေါ်လာကာ စားသုံးသူများ၏ အိတ်ကပ်များထဲ၌ ငွေကြေးနည်းပါးလာနိုင်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုအလားအလာများကို ထိခိုက်နိုင်ခြေများလည်း ရှိလာနိုင်သည်ကို ဗဟိုဘဏ်နှင့် အတူ ဘဏ္ဍာရေးအာဏာပိုင်များက ကောင်းစွာသဘော ပေါက်ရန် လိုအပ်သည်။ ထို့ကြောင့် အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌဖြစ်ခဲ့သူ ဘန်ဘာနန်ကီက ဒီဖလေးရှင်းပြဿနာ ဖြေရှင်းရေးပေါ်လစီများ၏ ထိရောက်မှုအတွက် ငွေကြေး အာဏာပိုင် (ဗဟိုဘဏ်)နှင့် ဘဏ္ဍာရေးအာဏာပိုင်များ အကြား ပူးပေါင်းလုပ်ကိုင်နိုင်မှုသည် အရေးကြီးကြောင်း ၎င်းတာဝန်ယူခဲ့စဉ် အချိန်ကာလကလည်း ထောက်ပြ ပြောဆိုခဲ့ဖူးသည်။

 

အင်ဖလေးရှင်းကို မျှော်လေသလား

ဒီဖလေးရှင်းသည်ဆိုး၏။ အင်ဖလေးရှင်းသည် ဒီဖလေးရှင်းလောက် အထိမနာဟု သာမန်အားဖြင့် ယူဆ နိုင်၏။ သို့သော် မြင့်မားသော ငွေဖောင်းပွမှုနှုန်း (အင်ဖလေး ရှင်းနှုန်း) သည်လည်း အားလုံးအတွက် အန္တရာယ်ဖြစ်စေ၍ မည်သူမျှ လက်ခံနိုင်ကြမည်မဟုတ်။ သင့်တင့်သည့် အင်ဖလေးရှင်း၊ တစ်နည်းအားဖြင့် ပျော့ပျောင်းသော အင်ဖလေးရှင်း (mild inflation) အခြေအနေမှာမူ စီးပွားရေး အဆောက်အအုံတစ်ခုအတွက် အကောင်းဆုံးအခြေအနေဟု ဆိုရမည်။ ပျော့ပျောင်းသော အင်ဖလေးရှင်းဆိုသည်မှာ အနည်းငယ်သော အင်ဖလေးရှင်းကိုဆိုလိုပြီး ငွေကြေး ဖောင်းပွမှုနှုန်း နှစ်ရာခိုင်နှုန်း (သို့မဟုတ်) သုံးရာခိုင်နှုန်း ဝန်းကျင် အခြေအနေမျိုး ဖြစ်သည်။ သင့်တင့်သော အင်ဖလေးရှင်းနှုန်းကြောင့် ဈေးနှုန်းများတက်နေခြင်း သည် စားသုံးသူတို့အတွက် အနည်းငယ်မျှနှစ်သက်စရာ မကောင်းသော်လည်း ထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်း ရှင်များအတွက် အလွန်ဆွဲဆောင်မှုကောင်းသော မက်လုံး ဖြစ်စေသည်။ ထိုအခြေအနေမျိုး၌ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှုအခြေအနေတို့ တိုးချဲ့လာနိုင်သည်။ လုပ်ငန်းများ ဖွံ့ထွားလာနိုင်သည်။ ထိုသို့ ဒီဖလေးရှင်းနှင့် အင်ဖလေးရှင်းတို့၏ အခြေအနေကို ရှုထောင့်မျိုးစုံမှ သဘောပေါက်နားလည်လွယ်မှုသည်လည်း ဒီဖလေးရှင်း စီးပွားရေးသောကကို ကုစားမည့် ပေါ်လစီသမားများ အတွက် များစွာအထောက်အကူဖြစ်စေသည်ဟု ဆိုရမည်။

 

ဒီဖလေးရှင်း၏ အကျိုးဆက်ဝေဒနာ

ဒီဖလေးရှင်းသည် စီးပွားရေးအဆောက်အအုံကို ပို၍ ဘေးအန္တရာယ်ဖြစ်စေ၏။ လူတိုင်းကို အဖိစီးဆုံး စီးပွားရေးဝေဒနာ ရလာစေ၏။ ဒီဖလေးရှင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဆုံးရှုံးနိုင်ခြေများ ပိုမိုရှိလာပြီး ရင်းနှီးမြှုပ်နှံမှုများ လျှော့ချခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းများ ကြုံတွေ့လာရနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများပါ ဖြစ်လာစေနိုင်၏။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆိုပါက စီးပွားရေးအဆောက်အမအုံထဲရှိ အဓိကစီးပွားရေး လုပ်ဆောင်ချက်များဖြစ်သည့် ထုတ်လုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံ ခြင်းတို့ကိုလည်းကောင်း၊ ထိုမှတစ်ဆင့် ကူးသန်း ရောင်းဝယ်မှု၊ စားသုံးမှုနှင့် စုဆောင်းမှုတို့ကိုလည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် ဆက်စပ်ထိခိုက်လာနိုင်ပေသည်။ ဒီဖလေးရှင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိခဲ့ပါလျှင် ပိုမိုပြင်းထန်သည့် စီးပွားရေးအကျပ်အတည်းအဖြစ် ကြုံတွေ့လာရနိုင်ပေသည်။ ။

 

km