ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန်  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ တွေ့ဆုံမည်

ရန်ကုန် ၁၀ ဧပြီ

 

ဆွေးနွေးပွဲများ စတင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည် ဖော်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး(KNU) သည် ဧပြီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  ၌ အလွတ်သဘော တွေ့ဆုံကြမည်ဖြစ်သည်။

 

အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် KNU အဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ပါဝင်ပြီး ပဒိုစောလှထွန်း (တွဲဖက်အတွင်းရေးမှူး-၂)၊ ပဒိုစောဆဲဂေ (ဗဟိုအမြဲတမ်းကော်မတီဝင်)၊ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးချုပ် စောတာမလာသော နှင့်  ဗိုလ်မှူး စောတာမူလာတို့ ပါဝင်တက်ရောက်သွားကြမည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

အလွတ်သဘောတွေ့ဆုံဆွေးနွေးရာတွင် အစိုးရကိုယ်စားလှယ်အဖြစ် NRPC ကိုယ်စားလှယ်များနှင့်  ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ ထံမှ သိရသည်။

 

ဦးလှမောင်ရွှေက “KNU က ဆွေးနွေးမယ့် ကိုယ်စားလှယ်စာရင်း မနေ့ညနေပိုင်းကမှ လက်ခံရရှိတယ်။ ကိုယ်စားလှယ်စာရင်း လက်ခံရရှိပြီးမှ ဆွေးနွေးဖို့အတွက် အစိုးရကိုယ်စားလှယ်ကို ကျွန်တော်တို့က ပြန်ပြီး စုဖွဲ့ဆွေးနွေးခဲ့တာရှိတယ်။ NRPC အဖွဲ့ဝင် လူကြီးတွေ အဓိကပါပါမယ်။ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ အချို့ပုဂ္ဂိုလ်တွေ ပါမယ်။ NRPC အဖွဲ့ဝင်ထဲမှာ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးလည်းပါတော့ သူတို့လည်း တက်မှာပါ” ဟု ပြောသည်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ၂၀၁၈ အောက်တိုဘာ ၁၅ ရက်နှင့်  ၁၆  ရက်က နေပြည်တော်တွင်ကျင်းပခဲ့သည့်  အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၏ သီးသန်းအစည်းအဝေးအပြီးတွင်  တွေ့ ဆုံဆွေးနွေးသည့် အစည်းအဝေးများကို တက်ရောက်ရန် အတွက် ယာယီရပ်ဆိုင်းခဲ့သည်။

 

ဧပြီ ၁၁ ရက်နေ့တွင် အစိုးရနှင့်တွေ့ဆုံမည့် အလွတ်သဘောဆွေးနွေးမှု၌  KNU အနေဖြင့် တရားဝင်ဆွေးနွေးပွဲတွေမှာ ပါဝင်ခြင်းကို ယာယီရပ်ဆိုင်းထားရသည့် အခြေခံအကြောင်းတရားများအပြင် ရှေ့ဆက်လုပ်ဆောင်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို မည်သည့် ပုံစံဖြင့် သွားလိုသည် ဆိုသည့် သဘောထားများအား  ချပြဆွေးနွေးသွားမည်ကြောင်း Karen National Union Headquarters ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဦးလှမောင်ရွှေက “ကျွန်တော်တို့ နှစ်ဖက်လုံးအနေနဲ့ ကတော့ NCA လက်မှတ်ရေးထိုး ထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးတဲ့အထဲမှာလည်း NCA ပြဌာန်းချက်တွေကို အောင်မြင်တဲ့ အထိ ဆောင်ရွက်ဖို့ ကတိပြုထားတာရှိတယ်။ အဲ့ဒီမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကနေပြီးတော့ ပြည်ထောင်စု သဘောတူစာချုပ် (Union Accord)  ရအောင် ဆောင်ရွက်ဖို့ပါတဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ သဘောထားပါမှပဲ စုစည်းလို့ရမယ်။

 

အဲ့ဒီမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) အစည်းအဝေးတွေ ပြဌာန်းတာ ပါတယ်။ ပြီးရင် ကျွန်တော်တို့ နှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးတော့ မပြေလည်ဘူးဆိုရင် တစ်နိ်ုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM ) လိုမျိုး ပြဌာန်းတာ တွေပါတယ်။ အခုတော့ ကျွန်တော်တို့ ဒီအရှည်အတိုင်းဆက်ပြီးဆောင်ရွက်နိုင်ဖို့ဆိုရင် တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်ဖို့လိုတယ်။ ဒါကြောင့် လိုအပ်တဲ့ဆွေးနွေးမှုတွေကို မနက်ဖြန်မှာ ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ဘက်က အဓိကတော့ တရားဝင်ဆွေးနွေးပွဲတွေမှာ ပါဝင်ပြီးတော့ NCA ပြဌာန်းချက် နဲ့အညီ နိုင်ငံရေးသဘော တူညီချက်တွေ ရအောင် ပြဌာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ပါပဲ” ဟုပြောသည်။

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ဦးဆောင်သော တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် လက်ရှိမြေပြင်တွင် ဖြစ်ပွားနေသည့် တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများ၏ အခြေခံအကြောင်းတရားများကို အဖြေရှာ၍ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေးကိုရည်ရွယ်ကာ  တပ်မတော်ဘက်မှ တပ်ပိုင်းဆိုင်ရာညှိနှိုင်းရေးအဖွဲ့နှင့် ဧပြီ ၁၂ ရက်တွင် တွေ့ဆုံသွားရန် အဆိုပြုထားကြောင်းသိရသည်။

 

အမျိုးသားပြန်လည်သင်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော မူဝါဒများချမှတ်ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ် ၅၀/၂၀၁၆ ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

ရဲခေါင်ညွန့်