ငါ့သရောက်မြို့မှ လေ့လာစရာ ပုဂံဗိုလ်ချိုမျက်နှာပုံကို ပုံဖော်တည်ထားခဲ့သည့် ငါ့သရောက်မြို့မှ မြနန္ဒာကျောက်ထီးဘုရား

ငါ့သရောက် ၂၇ စက်တင်ဘာ

ပုဂံဗိုလ်ချိုဒေသ ငါ့သရောက်တွင် စိတ်ဝင်စားဖွယ်ရယ် စေတီတစ်ဆူရှိသည်။ ထိုစေတီမှာ အုတ်တံတိုင်းမှအစ စေတီပါ ကျောက်ပြားများဖြင့် တည်ထားခဲ့သော စေတီဖြစ်သည်။ ထိုစေတီမှာ မြနန္ဒာကျောက်ထီးဘုရား မြနန္ဒာကျောက်ထီစေတီပင် ဖြစ်သည်။ မြနန္ဒာကျောက်ထီးဘုရားမှာ မျိုးချစ်သူရဲကောင်း ပုဂံဗိုလ်ချို မှာကြားချက်ဖြင့် တည်ထားသော ဘုရားဖြစ်ပြီး ဘုရား၏ အရှေ့တောင်ထောင့် မုခ်ဦးအထက်တွင် ပုဂံဗိုလ်ချို မျက်နှာပုံတူကို အင်္ဂတေပန်းများကြားတွင် ပညာသားပါပါ ထည့်သွင်းပုံဖော်ထားသည်။

ပုဂံဗိုလ်ချိုမှာ ၁၈၈၆ ခုနှစ်မှ ၁၈၉၅ အထိ နယ်ချဲ့တို့ကို ဆယ်နှစ်နီးပါး တော်လှန်တိုက်ခိုက်ခဲ့သည်။ ပုဂံဗိုလ်ချိုနှင့်အတူ သားများဖြစ်သော ဗိုလ်ဖိုးဆင်၊ ဗိုလ်ဖိုးဝင်တို့အဖွဲ့မှာ အင်အားနည်းပါးချိန် ဗျုဟာပြောင်းကာ ယော-ဆောနယ်ဘက်မှ တော်လှန်ရေးအင်အားစုနှင့် ပူးပေါင်းကာ တော်လှန်ရန် ပုဂံဘက်သို့ ဆုတ်ခွာလာစဉ် အမျိုးသားသစ္စာဖောက်များကြောင့် အင်္ဂလိပ်တို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ဖမ်းမိသည့်နေရာမှာ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ကြီး၏ အနောက်ဘက်ထဲတွင် တည်ရှိသော တောင်ပူစာပေါ်ရှိဘုရား တစ်ဆူအနားတွင် ဖမ်းမိခဲ့သည်။ ယခုအခါ ထိုဘုရား ဗိုလ်ချိုမိဘုရားဟုခေါ်ပြီး ဘုရားတွင်ရေးထိုးထားသော ဘုရားဘွဲ့တော်မှာ ၉၉၅/၄၁၅-ကပုရံ သီရိပစ္စယာ ဂူပြောက်ဘုရားဟု ရေးထိုးထားသည်။ ထိုဘုရား လူတစ်ရပ် မလွတ်တစ်လွတ်နေရာတွင် ဗိုလ်ချိုမိဆိုသော စာတမ်းရှိသည်။

အင်္ဂလိပ်နယ်ချဲ့တို့က ဗိုလ်ချိုသားအဖသုံးဦးကို ဗိုလ်ချိုဇာတိ ငါ့သရောက် မြနန္ဒာကန်တော်ကြီးကုန်းတွင် ကြိုးစင်ဆောက်ကာ သုံးရက်တိတိ နေပူလှန်းထားပြီး နယ်သူနယ်သားများကို မလာမနေရဆင့်ခေါ်ကာ ကြည့်စေခဲ့သည်။ ပုဂံဗိုလ်ချိုတို့သားအဖသုံးဦးကို ကြိုးမပေးမီ နောက်ဆုံးအခွင့်အရေးအနေဖြင့် နယ်သူနယ်သားများကို အစာကျွေးခွင့်နှင့် စကားပြောခွင့်ပေးခဲ့သည်။ ထိုအထဲတွင် ပုဂံဗိုလ်ချို၏ အချစ်ဆုံးသူငယ်ချင်း ကိုဉာဏ်လှိုင်လာစဉ် ပုဂံဗိုလ်ချိုက ကြိုးစင်အနီးတွင် ဘုရားတစ်ဆူတည်ပေးရန် မှာကြားကာ သမာအာဇီဝဖြင့် ရှာထားသော အဖိုးတန်အတွင်းပစ္စည်းများ မြုပ်နှံထားရာနေရာကို ပြောပြခဲ့သည်။

ပုဂံဗိုလ်ချို သူငယ်ချင်းဖြစ်သူမှာလည်း သူ့ကတိအတိုင်း မြနန္ဒာကျောက်ထီးဘုရားကို ကျောက်ပြားများဖြင့် တည်ဆောက်ကာ ကျောက်ထီးတင်ထားခဲ့သည်။ မြနန္ဒာကျောက်ထီးဘုရား၏ အရှေ့တောင်ထောင့် မုခ်ဦးအထက်တွင် သူရဲကောင်း ပုဂံဗိုလ်ချို၏ မျက်နှာပုံတူကို အင်္ဂတေပန်းများကြားတွင် ပညာသားပါပါ ထုဆစ်ပုံဖော်ခဲ့သည်။ လက်ရှိကာလအထိ သူရဲကောင်း ပုဂံဗိုလ်ချိုမျက်နှာပုံတူကို ငါ့သရောက်မြို့ မြနန္ဒာကျောက်ထီးဘုရားတွင် လေ့လာနိုင်သကဲ့သို့ ဗိုလ်ချိုပုံတူ ကြေးသွန်းရုပ်တုကိုလည်း လေ့လာနိုင်ပြီ ဖြစ်သည်။                                                     

တိမ်တမန်