နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ရောက်

၁၉ ဖေဖော်ဝါရီ

 

ယခုဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်လလျှင်အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ရောက်လျှက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ကပြောသည်။

 

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုသည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုထက် လုပ်ငန်းအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း ပိုများကြောင်း ၎င်းက ဆက်ပြောသည်။

 

"၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ လေးလအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုထက် ပျမ်းမျှအားဖြင့် အ ရည်အတွက်နဲ့ ပမာဏ ပိုများတာကို တွေ့ ရှိရမှာဖြစ်ပါတယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်းက အမေရိကန်ဒေါ်လာ အသားတင် ၁ ဒသမ ၉ ဘီလီယံကျော် ရှိပြီဖြစ်တဲ့အတွက် တစ်လလျှင်ပျမ်းမျှ ၀ ဒသမ ၅ ဘီလီယံနှုန်း (သန်း ၅၀၀ လောက်) ၀င်ရောက်တယ်လို့ သုံးသပ်ရပါတယ်"ဟု ဦးသန့်စင်လွင် ကပြောသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံမှာ ပြည့်မီနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ယခုဘဏ္ဍာနှစ်လေးလအတွင်း အစည်းအဝေး ခြောက်ကြိမ် ဆောင်ရွက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် အတည်ပြုလုပ်ငန်းထက် အဆိုပြုလုပ်ငန်း ပိုမိုတင်ပြကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

"အစည်းအဝေးမှာ အတည်ပြုလုပ်ငန်းထက် အဆိုပြုလုပ်ငန်း ပိုမိုတင်ပြတာ တွေ့ရှိရပါတယ်၊ ယေဘုယျအားဖြင့် အဆိုပြုလုပ်ငန်းများမှ ၈၂ ရာခိုင်နှုန်းသာ ခွင့်ပြုပေးခဲ့ပါတယ်။ အတည်ပြုလုပ်ငန်းများမှ ရာနှုန်းပြည့် ခွင့်ပြုပေးခဲ့ပါတယ်။ ပတ်၀န်းကျင်နဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် ဓာတုဆေးဝါးလုပ်ငန်းများကို ခွင့်ပြုမိန့်တားမြစ်တယ်။ ကျန်တဲ့လုပ်ငန်းများကို လုပ်ငန်းအမျိုးအစားအလိုက် နိုင်ငံ တော်သမ္မတရုံးရဲ့ခွင့်ပြုချက်ရယူဖို့လို့ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်ဌာနများမှ တစ်ဆင့် ပြန်လည်တင်ပြကြဖို့လို့ သက်ဆိုင်ရာ၀န်ကြီးဌာနများမှလည်း သဘောထားမှတ်ချက်တောင်းခံပြီး အများအကျိုးထိခိုက်စေမယ့် အကြောင်း အရာတွေရှိပါက ဆိုင်းငံ့ဖို့လို့ သက်ဆိုင်ရာ  ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာရန်နဲ့ ကွင်းဆင်းစစ်ဆေး ချက်များ ပြုလုပ်ပြီးမှ သာ ပြန်လည်တင်ပြရန် စသည်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကျန် တဲ့ ၁၈ ရာခိုင်နှုန်းကိုလည်း လမ်းညွှန်ချက် များ ချမှတ်ပေးပြီးတော့ ပေးခဲ့ပါတယ်။

 

ယေဘုယျအားဖြင့် အစည်းအဝေး   တစ်ကြိမ်မှာ ပျမ်းမျှလုပ်ငန်း ၁၀ခုလောက် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်"ဟု  ဦးသန့်စင်လွင် က ဆက်ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ကဏ္ဍအလိုက် ကြည့်မည်ဆိုပါက လျှပ်စစ်ဓာတ်အားကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၂ ဘီလီယံဖြင့် အများဆုံးဖြစ်ပြီး အိမ်ရာ အဆောက်အအုံကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၆၀၁ ဒသမ ၉ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၄၅ ဒသမ ၄ သန်း ဖြင့် တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း(နယူးလိုက်)