နိုင်ငံနှင့် ပြည်သူအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ရွေးချယ်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ခင်ရတနာ၊ ဓာတ်ပုံ - မေဦးမိုး

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ဌာနအဖွဲ့အစည်းပေါင်း ၂၄ ခုရှိပြီး နိုင်ငံတော်၏စီးပွားရေးမူဝါဒ၊ ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများကို လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းမှစ၍ ဆောင်ရွက်ခဲ့သည်ကိုလည်း မြင်တွေ့ရသည်ဖြစ်ရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာအတွင်း ဆောင်ရွက်ချက်များကို သိရှိနိုင်ရန်အတွက် ပြည်ထောင်စု၀န်ကြီးနှင့် ဒုတိယ၀န်ကြီးများ၏ ဖြေကြားချက်များကို ကောက်နုတ်တင်ပြလိုက် ရပါသည် -

ဦးစိုးဝင်း (ပြည်ထောင်စု၀န်ကြီး)

မေး ။ ။ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာအတွင်း ပြည်သူ့အကျိုးစီးပွားဆောင် ရွက်မှုတွေကို သိပါရစေရှင့်။

ဖြေ ။ ။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေနဲ့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း စဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (PPP center) ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိတဲ့အပြင် ပိုမိုထိရောက်အောင် ဆောင်ရွက်ဖို့ ဂျာမနီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (GIZ) နှင့် ပူးပေါင်းပြီး စီမံကိန်းဘဏ် Project Bank Website ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှာ လွှင့်တင်နိုင်ခဲ့ပါတယ်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ပထမ အကြိမ်ချေးငွေ ယန်း ၅ ဒသမ ၀၃၃ ဘီလီယံနဲ့ ဒုတိယအကြိမ် ချေးငွေ ယန်း ၁၅ ဘီလီယံ ရယူပြီး မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိက ဘဏ် ၁၀ ဘဏ်ကတစ်ဆင့် MSMEs လုပ်ငန်း ရှင်တွေကို ချေးငွေတွေ ထုတ်ချေးပေးလျက် ရှိပါတယ်။

ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KfW) မှ ပထမ အကြိမ် ထောက်ပံ့ငွေ ယူရို ၄ ဒသမ ၄၅ သန်းနဲ့ ဒုတိယအကြိမ် ထောက်ပံ့ငွေ ယူရို ၁၀ ဒသမ ၈၅ သန်းကို ပုဂ္ဂလိကဘဏ် (၂) ဘဏ်က တစ်ဆင့် MSMEs လုပ်ငန်းရှင်တွေထံကို ထုတ်ချေးပေးလျက်ရှိပါတယ်။ မြန်မာ့စီးပွား ရေးဘဏ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ထုတ် ချေးဖို့အတွက် အများပြည်သူအပ်နှံငွေမှ လျာထားခဲ့တဲ့ ငွေကျပ်ဘီလီယံ ၂၅၀ အနက် လုပ်ငန်းရှင် ၃၀ ကို ချေးငွေ ကျပ် ၁၀၆၁ သန်း ထုတ်ချေးခဲ့ပါတယ်။

လယ်ယာသုံးစက်ကိရိယာတွေ၀ယ်ယူရန် ချေးငွေရယူ

JICA Two Step Loan ချေးငွေ ကျပ် ဘီလီယံ ၂၀၀ ရယူပြီး လယ်ယာသုံးစက် ကိရိယာတွေ ဝယ်ယူဖို့နဲ့ လယ်ယာကဏ္ဍကို အခြေခံတဲ့ အဆောက်အအုံနဲ့ စက်တွေအတွက် တောင်သူလယ်သမားတွေကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးလျက်ရှိပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ဆီက ငွေကျပ် ဘီလီယံ ၂၀၀ ချေးယူပြီး စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေကျပ် ၁၄ ဒသမ ၈၅ ဘီလီယံကို တောင်သူလယ်သမား လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးလျက်ရှိပါတယ်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSMEs တွေကို ချေးငွေပံ့ပိုး ပေးနိုင်ဖို့နဲ့ ဘဏ်တွေရဲ့ ဆုံးရှုံးနိုင်ခြေကို မျှဝေနိုင်ဖို့ ချေးငွေအာမခံအဖွဲ့အစည်း (Credit Guarantee Corporation – CGC) ကို အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေအမေရိကန် ဒေါ်လာ သန်း ၆၀ ရယူပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသုံးငွေအပ်နှံမှုအပေါ်မှာ ကောက်ခံခဲ့တဲ့ ဘဏ်ဝန်ဆောင်စရိတ် (Deposit Fees) ၀ ဒသမ ၃ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ပြီး ကောက်ခံခြင်းမပြုတော့ဘဲ ဖြေလျှော့ပေးခဲ့ပါတယ်။

မေး ။ ။ တောင်သူလယ်သမားတွေအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ဆောင်ရွက်နေမှုတွေကို သိပါရစေ။

ဖြေ ။ ။ စိုက်ပျိုးစရိတ်ချေးငွေတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၈-

၂၀၁၉ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၁၆၈၄ ဘီလီယံ ထုတ်ချေးခဲ့ရာကနေ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် မှာ ငွေကျပ် ၁၇၄၇ ဘီလီယံအထိ ထုတ်ချေး ပေးမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမား တွေရဲ့ စပါးတစ်ဧက စိုက်ပျိုးချေးငွေကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် တစ်သိန်းမှ တစ်သိန်းခွဲအထိ၊ အခြားသီးနှံတွေအတွက် တစ်ဧကချေးငွေနှုန်းကို ယခုဘဏ္ဍာရေးနှစ်မှာ ငွေကျပ် ၅၀၀၀၀ မှ တစ်သိန်းအထိ တိုးမြှင့်ပေး ခဲ့ပြီးဖြစ်ပါတယ်။

မေး ။ ။ အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုကို သိရှိလိုပါတယ်ရှင့်။

ဖြေ ။ ။ အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပုဂ္ဂလိက အသက်အာမခံ ကုမ္ပဏီ ၁၁ ခုနဲ့ ပြည်တွင်း ပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ ရှစ်ခုတို့က အာမခံဝန်ဆောင်မှုတွေ ပေးအပ်နေရာ ကနေ ၂၀၁၉ ခုနှစ်အတွင်း ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ငါးခု၊ ပြည်တွင်းအာမခံကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံခြားဖက်စပ် အသက်အာမခံကုမ္ပဏီ သုံးခုနဲ့ အထွေထွေ အာမခံကုမ္ပဏီ သုံးခုတို့ကို လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်တွေ ထုတ်ပေးခဲ့ပါတယ်။

မြန်မာ့အာမခံလုပ်ငန်းနဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး တောင်သူ လယ်သမားတွေ အကျိုးစီးပွားအတွက် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံ လုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တို့မှာ ရှေ့ပြေးစီမံကိန်း (Pilot Project) ကို ပရောဂျက်ကာလ တစ်နှစ်အဖြစ် ဆောင်ရွက် လျက်ရှိပါတယ်။

မော်တော်ယာဉ်ပိုင်ရှင် လုပ်သားပြည်သူတွေရဲ့ သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံ ပေးသွင်းခြင်းလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာ မှုမရှိစေဖို့အတွက် Online စနစ်နဲ့ ပရီမီယံကြေး ပေးဆောင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက် လျက်ရှိပါတယ်။

မေး ။ ။ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘ၀တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ၀န်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြပေးပါဦးရှင့်။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး တို့ကို အထောက်အကူဖြစ်စေဖို့ အားလုံးပါဝင် နိုင်တဲ့ ငွေရေးကြေးရေးကဏ္ဍ တည်ဆောက် ရေး လမ်းပြမြေပုံ Financial Inclusion Road-map (2014 - 2020) ကို ရေးဆွဲအကောင်အထည် ဖော်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး Finan-cial Inclusion Roadmap (2019 - 2023) ကို ရေးဆွဲခဲ့ပြီး ဝင်ငွေနည်းပါးသူတွေအတွက် ငွေကြေးဝန်ဆောင်မှုပေးခြင်း၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေနဲ့ လုပ်ကွက်ကြီးမားတဲ့ လယ်သမားတွေအတွက် ငွေကြေးဝန်ဆောင်မှုပေးခြင်း၊ စုဆောင်းငွေကို လည်ပတ်သုံးစွဲမှု ပိုမိုမြင့်မား အောင် ဆောင်ရွက်ခြင်း၊ Digital ငွေကြေးဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန် ဆောင်ရွက်ခြင်းနဲ့ ငွေကြေးဝန်ဆောင်မှု ရယူသုံးစွဲသူတွေရဲ့ စွမ်းဆောင်မှုမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျေးလက်နေပြည်သူတို့ရဲ့ လူမှုဘဝ တိုးတက်မြင့်မားရေးကို အထောက်အကူဖြစ်စေဖို့ အသေးစားငွေရေးကြေးရေး (Micro Finance) အဖွဲ့အစည်း ၁၉၃ ဖွဲ့ကို လုပ်ငန်း လုပ်ကိုင်ခွင့်ပြုစုထားပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေးနှစ်မှာ ကျေးရွာပေါင်း ၂၅၁၉၅ ရွာနဲ့ လူဦးရေ ၄ ဒသမ ၅ သန်းကို ငွေကျပ် ၂၀၁၅ ဒသမ ၉၄ ဘီလီယံ ထုတ်ချေးခဲ့ပြီး သူတို့ရဲ့ စုဆောင်းငွေက ငွေကျပ် ၂၇၇ ဒသမ ၂၀၇ ဘီလီယံအထိ ရှိခဲ့ပါတယ်။

မေး ။ ။ ၀န်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်နိုင်ဖို့ ဆောင်ရွက်နေမှုကို သိလိုပါတယ်ရှင့်။

ဖြေ ။ ။ နိုင်ငံတော်ဘတ်ဂျက်မှာ ပင်စင်ရဲ့ကြီးလေးတဲ့တာဝန်ကို လျော့ကျစေဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပင်စင်စနစ် ဖြစ် ပေါ်လာစေဖို့ ထည့်ဝင်ကြေးစနစ်နဲ့ အကျိုး ခံစားခွင့်ပြုတဲ့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund - CPF) ထူထောင် ရေးကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေ (မူကြမ်း)ကို ရေးဆွဲလျက်ရှိပြီး ဒီဥပဒေပြဋ္ဌာန်း ပြီးရင် ခန့်အပ်တဲ့ ဝန်ထမ်းသစ်တွေ၊ အမှုထမ်း သက် ၁၀ နှစ်အောက် ဝန်ထမ်းတွေက ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ(CPF)တွင် ပါဝင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ပင်စင်ခံစားနေသူတွေနဲ့ အမှုထမ်းသက် ၁၀ နှစ် ပြည့်ပြီးသူတွေကို လက်ရှိ ပင်စင်စနစ်အတိုင်း ဆက်လက်ခံစား ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

မေး။ ။ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေအကြောင်းကို ပြော ကြားပေးပါဦးရှင့်။

ဖြေ ။ ။ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအနေနဲ့ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်ကို ကူးပြောင်းရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ ကုမ္ပဏီတွေ အပေါ် အခွန်စည်းကြပ်မှုလုပ်ငန်းတွေကို ပိုမို ထိရောက်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့ ရည်ရွယ်ပြီး အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး (၄) နဲ့ (၅) ကို တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါတယ်။

MPU Debit Card အသုံးပြုပြီး Online မှ အခွန်ပေးဆောင်ခြင်းကို ပထမအဆင့်အနေ နဲ့ သီလဝါအထူးစီးပွားရေးဇုန်၊ ဒုတိယအဆင့် အနေနဲ့ CBM-Net နဲ့ချိတ်ဆက်ပြီး နိုင်ငံပိုင် ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာပါ အခွန် ပေးသွင်းနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အခွန် ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အတွက် အရေးကြီးသည့် အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေ (Tax Administration Law - TAL)ကို ပြဋ္ဌာန်းခဲ့ပါတယ်။

၀င်ငွေခွန်ဥပဒေအသစ်‌ရေးဆွဲ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေ အပေါ်ကျသင့်တဲ့ အခွန်နှုန်းထား ၃၀ ရာခိုင်နှုန်း ကို ၂၀၁၉ ခုနှစ် ပြည်ထောင်စုရဲ့ အခွန် အကောက်ဥပဒေတွင် ဝင်ငွေအလွှာ ငါးခု သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအရ ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေ/ထောက်ပံ့ငွေတွေနဲ့ Integrated Tax Administration System (ITAS) စနစ် အသုံး ပြုနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ ဝင်ငွေခွန်ဥပဒေအသစ်ကို နိုင်ငံတကာ သတ်မှတ်ချက်တွေနဲ့အညီ ရေးဆွဲလျက်ရှိပါတယ်။

အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်တွေကို Manual စနစ်မှ အလိုအလျောက် ကုန်စည် ရှင်းလင်းရေးစနစ်ဖြစ်တဲ့ MACCS (Myanmar Automated Cargo Clearance System) နဲ့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်ဧရိယာအတွင်း စတင် ကျင့်သုံးနိုင်ခဲ့ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး ဇုန်တွင် ၂၀၁၈ ခုနှစ် ဇွန်လက အသုံးပြုခဲ့ပါ တယ်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း MACCS စနစ် တပ်ဆင် ခြင်းလုပ်ငန်းကို အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်က ကုန်သွယ်မှုအတွက် ဘယ်လောက် အရေးပါသလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ မြန်မာနိုင်ငံအနေနဲ့ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် e-Form D လဲလှယ်ခြင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး ASEAN Single Window Live Op-eration သို့ ဝင်ရောက်ဆက်သွယ် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကဏ္ဍနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု တွေကို ဖိတ်ခေါ်ရာမှာ အများကြီးအထောက် အကူဖြစ်လာမှာ ဖြစ်ပါတယ်။

မေး ။ ။ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ချက်တွေကို သိပါရစေ။

ဖြေ ။ ။ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာတွေ ချမှတ်ခြင်း၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပြီး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဓာတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက် လျက်ရှိပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနအနေနဲ့ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒကို သတ်မှတ်ထုတ်ပြန်ခဲ့ပြီး စက်မှုဇုန် ဥပဒေနဲ့ အမျိုးသားအဆင့် အထည်အလိပ် မူဝါဒတွေ သတ်မှတ်ထုတ်ပြန်နိုင်ရေး ဆောင် ရွက်လျက်ရှိပါတယ်။

လျှပ်စစ်နဲ့ အီလက်ထရွန်နစ် ထုတ်ကုန် ပစ္စည်းအမျိုးအစား ၅၀ ကို မြန်မာစံချိန်စံညွှန်း အဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေနဲ့ သံနှင့် သံမဏိပစ္စည်းများဆိုင်ရာ အရည်အသွေးနဲ့ စံချိန်စံညွှန်းတွေ သတ်မှတ်ထုတ်ပြန်နိုင်ရေး အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ စက်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက်ချက်တွေကို သိပါရစေရှင့်။

ဖြေ ။ ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးရာမှာ အဓိက မောင်းနှင်အားအဖြစ် ရပ်တည်နေတဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကိုတိုးမြှင့် ဆောင်ရွက်နိုင် ဖို့ ရည်ရွယ်ပြီး ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေအတွက် “နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ အသွင်ကူးပြောင်းရေးဗဟို အဖွဲ့” (Central Transformation Unit - CTU) ကို ဖွဲ့စည်းခဲ့ပြီး လိုအပ်တဲ့လေ့လာမှုတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းက ကျွမ်းကျင်လုပ်သားတွေ စနစ်တကျ လေ့ကျင့် မွေးထုတ်ခြင်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လိုအပ်ချက်အရ ရွေ့လျားအသက် မွေးပညာသင်တန်းတွေကို ဒေသအရောက် သွားရောက်ဖွင့်လှစ်လျက်ရှိပါတယ်။

ဆေးဝါးစက်ရုံတွေက အခြေခံဆေးဝါးများ (Essential Drugs) အပါအဝင် ဆေးဝါးအမျိုး မျိုးကို အမျိုးသားဆေးဝါးဥပဒေနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့ရဲ့ ကောင်းမွန်တဲ့ ထုတ် လုပ်မှုကျင့်စဉ် (WHO GMP Guideline) နဲ့အညီ အကျိုးအာနိသင်ထက်မြက်မှု (Efficacy)၊ ဘေးကင်းလုံခြုံမှု (Safety)၊ အရည်အသွေး ပြည့်မီမှု (Quality)နဲ့ သုံးစွဲသူစိတ်ကျေနပ်မှု (Customer Satisfaction) အပေါ် အထူး အလေးထားပြီး ဆေးပြား၊ ဆေးရည်၊ လိမ်း ဆေး၊ ဆေးမှုန့်၊ ထိုးဆေး၊ မြွေဆိပ်ဖြေဆေးနဲ့ ကာကွယ်ဆေး စုစုပေါင်း ၁၉၃ မျိုးကို အဆင့် မြင့်ဆေးဝါးကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ပြီး သင့်တင့်တဲ့စျေးနှုန်းတွေနဲ့ ဖြန့်ဖြူးလျက်ရှိ ပါတယ်။

စက်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းကျဆင်းစေရေးတို့ကို ရှေးရှုပြီး အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဝန်ကြီးဌာနရှိ မြေနေရာ၊ အဆောက်အဦနဲ့ စက်ပစ္စည်းတွေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းတွေကို ပွင့်လင်းမြင်သာစွာ ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဦးမောင်မောင်၀င်း (ဒုတိယ၀န်ကြီး)

မေး ။ ။ နိုင်ငံတော်ဘဏ်တွေရဲ့ ဆောင်ရွက်ချက်တွေကို သိလိုပါတယ်ရှင့်။

ဖြေ ။ ။ ၀န်ကြီးဌာနမှာ ဌာနအဖွဲ့အစည်းပေါင်း ၂၄ ခုရှိတဲ့အနက် ဘဏ္ဍာရေးအပိုင်းမှာ ဌာနအဖွဲ့အစည်းပေါင်း ၁၃ ခုရှိပါတယ်။ ဌာနအဖွဲ့အစည်းတွေရဲ့အကြောင်းကို အကျဉ်းချုပ်ပြီး ရှင်းပြလိုပါတယ်။

ဘဏ်တွေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်း တွေအနေနဲ့ နိုင်ငံတော်ပိုင်ဘဏ်ကြီး လေးခုရှိပါတယ်။ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ်နဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အသေးစား၊ အငယ်စားနဲ့ အလတ် စားစီးပွားရေးလုပ်ငန်းတွေအတွက် အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ ထုတ်ချေးပေးနိုင်ခဲ့ပါ တယ်။ ဂျပန်နိုင်ငံကရရှိတဲ့ အဆင့်နှစ်ဆင့် ချေးငွေ (Two Step Lone)ကို နိုင်ငံအတွင်းက အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွား ရေးလုပ်ငန်းတွေအတွက် အတိုးနှုန်းသက်သာ ပြီး ချေးငွေသက်တမ်း ကြာရှည်တဲ့ချေးငွေတွေကို အရှိန်အဟုန်တိုးမြှင့်ပြီး ထုတ်ချေးပေးလျက် ရှိပါတယ်။

မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ချေး မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် MSMEs Two Step Lone ချေးငွေတွေကို အတိုးနှုန်း ၈ ရာခိုင်နှုန်းနှင့် ချေးငွေသက်တမ်း သုံးနှစ်မှ ငါးနှစ် ချေးငွေပမာဏ ငွေကျပ်သိန်း ၅၀၀၀ အထိ ရရှိနိုင်တဲ့ ချေးငွေတွေကို တိုးမြှင့်ထုတ် ချေးပေးခဲ့ပါတယ်။ အလားတူ အများပြည်သူ အပ်ငွေမှ ငွေကျပ်ဘီလီယံ ၂၀၀ ကို သီးသန့် ခွဲပြီး MSMEs လုပ်ငန်းတွေအတွက် အတိုးနှုန်း ၉ ရာခိုင်နှုန်း၊ ချေးငွေသက်တမ်း သုံးနှစ်မှ ငါးနှစ်အထိ ချေးငွေပမာဏ ငွေကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးလျက်ရှိပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စပါး သီးနှံ တစ်ဧကကို ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံတွေကို တစ်ဧက ငွေကျပ် ၅၀၀၀၀ နှုန်း တိုးမြှင့်ထုတ်ချေးပေးခဲ့ပါတယ်။ ဒါ့ပြင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးချေးငွေဖြစ်တဲ့ ဂျပန်နိုင်ငံမှ ချေးငွေရယူပြီး ထုတ်ချေးပေးနိုင် ခဲ့ပါတယ်။ ထွန်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက် တွေနဲ့ စပါးအခြောက်ခံစက်တွေစတဲ့ စက်မှု လယ်ယာစနစ်ကို ကူးပြောင်းနိုင်မယ့် အခြေခံ တွေကို ဂျပန်နိုင်ငံက ချေးငွေစနစ်နဲ့ ဝယ်ယူ နိုင်ဖို့ ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ အလားတူ မြန်မာ့စီးပွားရေးဘဏ်က သီးခြား ချေးငွေရယူပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍတွေအတွက် အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေကို ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ အာမခံလုပ်ငန်းအတွက် တိုးတက်ဆောင်ရွက်ထားရှိမှုကို သိလိုပါတယ်။

ဖြေ ။ ။ အာမခံလုပ်ငန်းနှင့် ပတ်သက်၍အာမခံ အမျိုးအစားသစ်ဖြစ်တဲ့ တောင်သူလယ်သမား အသက်အာမခံအသစ်တွေ တိုးမြှင့်‌ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ အာမခံလုပ်ငန်းကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို ပြည်တွင်းမှာ လာရောက်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီ ငါးခုကို ခွင့်ပြုနိုင်ခဲ့ပါတယ်။ ဒါ့ပြင် အာမခံဖက်စပ် ကုမ္ပဏီ သုံးခုနဲ့ အထွေထွေအာမခံဖက်စပ် ကုမ္ပဏီ သုံးခုကို ခွင့်ပြုခဲ့ပါတယ်။

ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက အာမခံလုပ်ငန်းတွေကို ကြီးကြပ် ကွပ်ကဲသူအဖြစ် တာ၀န်ယူပြီး လိုအပ်တဲ့ ဥပဒေပြင်ဆင်ခြင်း၊ စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက် ထုတ်ပြန်တာ တွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး ။ ။ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍကနေ ၀န်ဆောင်မှုပေးအပ်နေတဲ့ လုပ်ငန်းတွေ အကြောင်းကို ရှင်းပြပေး ပါဦးရှင့်။

ဖြေ ။ ။ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကနေ အသေးစား ငွေရေးကြေးရေးလုပ်ငန်းတွေ (Micro Fin-ance)ကို ကြီးကြပ်ကွပ်ကဲလျက်ရှိပါတယ်။ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းပေါင်း ၁၉၃ ဖွဲ့အထိရှိလာပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့အပြားမှာ လူဦးရေ ၄ သန်းခွဲ လောက်ကို အသေးစား‌ငွေရေးကြေးရေး ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။

မေး ။ ။ နိုင်ငံအတွက် ဘဏ္ဍာရေးမူဝါဒတွေကိုဖော်ဆောင်ပေးနေမှုကို သိပါရစေ။

ဖြေ ။ ။ ဘဏ္ဍာရေးမူဝါဒကို ဖော်ဆောင်ပေးတဲ့ ဌာနကြီးတွေ ရှိပါတယ်။ ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာနတို့ ဖြစ်ပါတယ်။ ဒီဌာန တွေဟာ နိုင်ငံတော်အတွက် ရငွေတွေကို ရှာဖွေ ပေးပြီး ၀န်ကြီးဌာနအသီးသီးက အသုံးစရိတ် တွေကို ခွဲ‌ဝေပေးရတဲ့ ဌာနတွေ ဖြစ်ပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဘဏ္ဍာရေး မူဝါဒ နှင့်အညီ နိုင်ငံတော်ရဲ့ အရအသုံးတွေကို စီမံ ခန့်ခွဲပေးရတဲ့ ဌာနတွေဖြစ်ပါတယ်။

အထူးသဖြင့် ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာနမှာ ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး စတဲ့ အသုံးစရိတ်တွေကို တိုးမြှင့်ပေးလျက်ရှိပြီး နိုင်ငံတော်မှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်၊ လမ်း၊ တံတား၊ ရေနဲ့ မီးကဏ္ဍတို့မှာ အသုံးစရိတ်တွေကို တိုးမြှင့်ပြီး သုံးစွဲပေးလျက်ရှိပါတယ်။ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်သူ့ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုသင်တန်းကျောင်း PFM Academy ကို ၂၀၁၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒီသင်တန်းကျောင်းမှာ ပြည်သူ့ဘဏ္ဍာရေး နဲ့ဆိုင်တဲ့ ဘတ်ဂျက်သင်တန်း၊ စီမံကိန်း သင်တန်းနဲ့ ကြွေးမြီစီမံခန့်ခွဲမှုသင်တန်း စတဲ့ သင်တန်းတို့ကို ပြည်တွင်း ပြည်ပနည်းပြတွေ နဲ့ သင်ကြားပို့ချပေးဖို့ စီစဉ်ထားပါတယ်။ အနာဂတ်ကာလမှာ နိုင်ငံတော်ရဲ့ ၀န်ထမ်းတွေ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစွမ်းရည်တွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ အခွန်ထမ်းသူကိုယ်တိုင် အခွန်စည်းကြပ်ခံယူတဲ့ စနစ်အဖြစ် ကူးပြောင်းနိုင်ရေး ဆောင်ရွက်နေမှုတွေကို သိလိုပါတယ်ရှင့်။

ဖြေ ။ ။ ပြည်တွင်းအခွန်များ ဦးစီးဌာနကလက်ရှိကျင့်သုံးနေတဲ့ အခွန်ရုံးက စည်းကြပ်သည့်စနစ် (Official Assessment System) မှ အခွန်ထမ်းကိုယ်တိုင် အခွန်ကျသင့်မှုကို စည်းကြပ် ခံယူသည့်စနစ် (Self-Assessment System) ကို ကူးပြောင်းရန်အတွက် ရုံးသစ်တွေကို တိုးချဲ့ဆောင်ရွက်လျက် ရှိပါတယ်။ ယခု အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး Last Taxpayer Office (LTO) ရုံးတစ်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး Medium Taxpayer Office (MTO) ရုံး ငါးရုံးအထိ ဖွင့်လှစ်ခဲ့ပြီး ရုံးအမှတ် (၅) ကို မန္တလေးမြို့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ လာမည့်ကာလတွင် အခွန်ပေးဆောင်သော စနစ်ကို Self-Assessment System အဖြစ် ကူးပြောင်းနိုင်အောင် ICT နည်းပညာနဲ့ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်တွေကို သိပါရစေ။

ဖြေ ။ ။ အကောက်ခွန်ဦးစီးဌာနက မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS)စနစ်ကို ၂၀၁၆- ၂၀၁၇ ခုနှစ် ကတည်းက ရန်ကုန်တွင် တပ်ဆင်ခဲ့ပြီး ဆိပ်ကမ်းတွေနဲ့ လေဆိပ်တို့၌ အကောက် ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်တွေကို လျင်မြန်သွက်လက်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ထောက်ခံအားပေးမှုတွေ ရရှိခဲ့ပါတယ်။ သူတို့အတွက် အချိန်ကုန် သက်သာစေတဲ့အပြင် စရိတ်ကုန်ကျမှု သက်သာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီစနစ်ကို ထိုင်း - မြန်မာ နယ်စပ် မြဝတီတွင် သွားရောက်တပ်ဆင်ခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ တရုတ် - မြန်မာနယ်စပ် မူဆယ်တွင် သွားရောက်တပ်ဆင်ဖို့ရှိပါတယ်။

မေး ။ ။ အခွန်အယူခံ ကိစ္စရပ်တွေအတွက်ပိုမို အားဖြည့်ဆောင်ရွက်နေတာကို ရှင်းပြပေးပါဦးရှင့်။

ဖြေ ။ ။ အခွန်အယူခံခုံအဖွဲ့ရုံးအနေနဲ့ ဒီနှစ်အတွင်းမှာ အခွန်အယူခံခုံအဖွဲ့ ဥပဒေအသစ်ကို လွှတ်တော်ကနေ ပြဋ္ဌာန်းပေး နိုင်ခဲ့ပါတယ်။ ဥပဒေအသစ်နဲ့အတူ ပေါ်ပေါက်လာမယ့် အခွန်အယူခံခုံအဖွဲ့ရုံးအတွက် တိုးချဲ့ ဖွဲ့စည်းထားတဲ့ ရုံးအသစ်ကို နေပြည်တော်မှာ ရုံးမြေနေရာရရှိပြီး တည်ဆောက်လျက်ရှိပါတယ်။ ပြီးစီးပါက အခွန်အယူခံကိစ္စရပ်တွေ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေက တင်ပြလာတဲ့ အခွန်အယူခံမှုတွေကို ကြားနာ စီရင်ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

မေး ။ ။ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် ထိခိုက်နိုင်မှုတွေအတွက် တုံ့ပြန် ဆောင်ရွက်နေမှုတွေကို သိပါရစေရှင့်။

ဖြေ ။ ။ လက်ရှိဆောင်ရွက်မှုအနေနဲ့ ကိုဗစ်-၁၉ ဂယက်ကြောင့် နိုင်ငံ့စီးပွားရေး အပေါ်မှာ သက်ရောက်မှုတွေ ရှိပါတယ်။ စီးပွားရေးသက်ရောက်မှုအပေါ် တုံ့ပြန်ဆောင် ရွက်မှုတွေ ဆောင်ရွက်နေပါတယ်။ နိုင်ငံတော် အနေနဲ့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကနေ ငွေကျပ်ဘီလီယံ ၅၀ နဲ့ လူမှုဖူလုံရေးရန်ပုံငွေ ငွေကျပ်ဘီလီယံ ၅၀ စုစုပေါင်း ငွေကျပ်ဘီလီယံ ၁၀၀ မတည်ပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှု အများဆုံးခံစားရတဲ့ အထည်ချုပ်လုပ်ငန်းတွေ (CMP)၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ MSMEs လုပ်ငန်းတွေကို အတိုးနှုန်းသက်သာ တဲ့ တစ်နှစ်ကို ၁ ရာခိုင်နှုန်းနဲ့ ချေးငွေ သက်တမ်း တစ်နှစ်ပေးအပ်မယ့် ကုစားရေး ချေးငွေတွေကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး မကြာခင်ထုတ်ပေးဖို့ စီစဉ်နေပါတယ်။

ပို့ကုန်အတွက် ကြိုတင်ခွန်ကို ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးထားပါတယ်။ အခွန်ပေး ဆောင်တဲ့ကာလကို သုံးလတစ်ကြိမ် ပေးဆောင်ရမည့်အစား နှစ်ကုန် စက်တင်ဘာလ အထိ ရွှေ့ဆိုင်းပေးဆောင်ရန် ခွင့်ပြုပေးထားပါတယ်။ အကောက်ခွန်အနေနဲ့ ဆိပ်ကမ်းတွေ၊ လေ ဆိပ်တွေ၊ ကျန်းမာရေးနဲ့သက်ဆိုင်သော ပစ္စည်းတွေ တင်သွင်းရင် အချိန်နဲ့တစ်ပြေးညီ မြန်ဆန်စွာရရှိအောင် ကူညီ‌ဆောင်ရွက်ပေး လျက်ရှိပါတယ်။ နိုင်ငံခြားအကူအညီရရှိဖို့ ကမ္ဘာ့ဘဏ်၊ ADB နဲ့ IMF စတဲ့ အဖွဲ့အစည်း တွေနဲ့ ဆွေး‌နွေးညှိနှိုင်းဆောင်ရွက် ပေးနေပါတယ်။ ရှေ့အနာဂတ်မှာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတို့ကို အကောင်းဆုံးတုံ့ပြန်နိုင် အောင်၊ စီးပွားရေးကဏ္ဍမှာ သက်ရောက်မှု အနည်းဆုံးဖြစ်အောင် ကိုဗစ်-၁၉ အလွန် ကာလမှာ စီးပွားရေးကဏ္ဍ အရှိန်အဟုန်နဲ့ ပြန်လည်ဖွံ့ဖြိုးလာအောင် ဘဏ္ဍာရေးမူဝါဒတွေနဲ့ ပေါင်းစပ်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

ဦးဆက်အောင် (ဒုတိယ၀န်ကြီး)

မေး ။ ။ အမျိုးသားစီမံကိန်းဆိုင်ရာ ချိတ်ဆက်မှုအပိုင်းတွေကို သိပါရစေရှင့်။

ဖြေ ။ ။ National Planning က ဌာနပေါင်းများစွာနဲ့ ချိတ်ဆက်ရပါတယ်။ ပထမ ဆုံးက National Planning ဆောင်ရွက်တဲ့အခါ Budget နဲ့ ချိတ်ဆက်ရသလို Treasury အပိုင်းနဲ့လည်း ချိတ်ဆက်ရပါတယ်။ National Pl-anning မှာ အဓိက Economic Development စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်တဲ့အတွက် အရေးပါသော Industrial Development အပိုင်းနဲ့ ချိတ်ဆက်ရပါတယ်။ ဒါ့ပြင် Finance၊ Industry နဲ့ Agriculture Development အပိုင်းတွေနဲ့ ချိတ်ဆက်ရပါတယ်။ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ပြီး အရေးပါသော Infrastructure Development အပိုင်းကို ချိတ်ဆက်ရပါတယ်။ Economic Development ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ မှာပါ၀င်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ် စားစီးပွားရေးလုပ်ငန်းတွေ (MSMEs) နဲ့ သက်ဆိုင်တဲ့ဌာနတွေကို ချိတ်ဆက်ရပါတယ်။ Economic Development သာမက တည်ငြိမ် မှုကို လိုအပ်တဲ့ Economic Stability နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေနဲ့လည်း ချိတ်ဆက်ရပါ တယ်။ ဥပမာ - Economic Stability မှာ အရေးပါတဲ့ Fiscal Policy အပိုင်းကို အထူးပြု ဆောင်ရွက်နေတဲ့ အခွန်ဌာနနဲ့ ချိတ်ဆက်ရသလို Monetary Policy အပိုင်းအတွက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နဲ့လည်း ချိတ်ဆက်ရပါတယ်။

မေး ။ ။ နိုင်ငံတော် ၀င်ငွေတိုးတက်စေဖို့ဌာနရဲ့ ကြိုးပမ်းမှုတွေဖြစ်တဲ့ အမျိုးသားစီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင် ရွက်မှုအပိုင်းကို ပြောပြပေးပါဦးရှင့်။

ဖြေ ။ ။ National Planning ရဲ့ အဓိကဆောင်ရွက်တဲ့ကိစ္စက နိုင်ငံတော်ရဲ့ ၀င်ငွေတိုးတက်စေဖို့ ဘယ်ပုံစံမျိုးနဲ့ တိုးတက်အောင် ဆောင်ရွက်မှာလဲ၊ နိုင်ငံတော်အသုံး စရိတ်တွေ ထိထိရောက်ရောက်ဖြစ်စေဖို့ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်ရမလဲဆိုတာကို ဖော်ထုတ်ပြီး National Planning မှာ အဓိက ရေးဆွဲရပါတယ်။

Myanmar Sustainable Development Plan ကို ထိရောက်စွာ အကောင်အထည်ဖော် နိုင်ဖို့အတွက် National Planning ပိုင်းက ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဥပမာ- စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်း မဟုတ်ဘဲ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှု၊ သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းမှုနဲ့ ငြိမ်းချမ်းရေး စတဲ့ အားလုံးဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စေဖို့ National Strategy ကို အဓိက ရေးဆွဲရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Planning နဲ့ Budget ချိတ် ဆက်မှုကို အားကောင်းအောင် ဆောင်ရွက်ရပါ တယ်။ အဓိက နိုင်ငံတော်ကသွားချင်တဲ့ Plan-ning Direction နဲ့အညီ Government Exp-enditure တွေသုံးတဲ့အခါမှာ တစ်ခါတလေ Ad-hoc solution တွေကို မသုံးမိစေရန်၊ နိုင်ငံတော်ရဲ့ Strategic Direction အတိုင်းကို ဆောင်ရွက်နိုင်စေရန်၊ Budgeting, Government expenditure နဲ့ Strategic Direction ပိုင်းကို ထိမိစေဖို့ အဓိက ဆောင်ရွက်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ Myanmar Sustainable Development နဲ့ ကိုက်ညီတဲ့ မဟာဗျူဟာမြောက်တဲ့ စီမံကိန်းတွေကို ပိုမို အကောင်အထည်ဖော်စေဖို့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

မေး ။ ။ Project Data Bank ဆောင်ရွက်နေမှုကို သိပါရစေ။

ဖြေ ။ ။ လက်ရှိအောင်မြင်မှုတွေမှာ Project Data Bank ၀က်ဘ်ဆိုက်တစ်ခုကို

တည်ထောင်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အဓိက ဆောင်ရွက်ဖို့လျာထားတဲ့ Strategic Project အားလုံးကို One Stop Information Center အဖြစ် Web Portal မှာ တင်ထားပြီး ဖြစ်ပါတယ်။ အဓိက စီမံချက်တွေကို အကောင် အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာတဲ့ Gov-ernment Procurement System တွေနဲ့ ဆောင်ရွက်နိုင်ဖို့ အဓိက ဖြစ်ပါတယ်။ ဒါကြောင့် National Planning ရဲ့ ဆောင်ရွက် ရတဲ့အချက်က Transparent ဖြစ်ပြီး Predic-table ဖြစ်တဲ့ ၀န်းကျင်တွေကို ဖန်တီးပေးရခြင်း ဖြစ်ပါတယ်။

မေး ။ ။ နိုင်ငံတော်အတွက် စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ဆုံးဖြတ်ပြီး နည်းလမ်းဖွေရှာပေးနေလဲဆိုတာ သိလိုပါတယ်ရှင့်။

ဖြေ ။ ။ နိုင်ငံတော်ရဲ့ Policy Direction ဖြစ်တဲ့ MSDP ကို အကောင်အထည်ဖော်တဲ့အခါ အဓိက အရေးကြီးဆုံး နှစ်ချက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ အ‌ရေးကြီးတဲ့ ဗျူဟာ မြောက်စီမံကိန်းတွေကို အကောင်အထည်ဖော်ရာတွင် Public Investment (Government Budget) နဲ့ အကောင်အထည်ဖော်မှာလား၊ နိုင်ငံတကာအကူအညီ Development Assis-tant တွေနဲ့ အကောင်အထည်ဖော်မှာလား၊ Private Sector နဲ့ပူးပေါင်းပြီး Private Public Partnership ပုံစံမျိုးနဲ့ အကောင်အထည်ဖော် မှာလားဆိုတဲ့ကိစ္စတွေကို အဓိက ဆောင်ရွက်ရပါတယ်။

ဘယ်လိုစီမံကိန်းတွေကို ဘတ်ဂျက်နဲ့ ဆောင်ရွက်သင့်သလဲ၊ ဘယ်လိုစီမံကိန်းကို ဖြတ်သင့်သလဲ စတဲ့ အဓိက Criteria တွေကို National Planning အပိုင်းကပေးရတာ ဖြစ်ပါတယ်။ National Planning အပိုင်းက ပေးတဲ့ Criteria တွေက National Strategic Direction အပေါ် အခြေခံတဲ့ Criteria တွေဖြစ် တဲ့အတွက် ဘယ်လိုစီမံကိန်းမျိုးကို နိုင်ငံတော် အနေနဲ့ Public Investment လုပ်သင့်တယ်၊ ဘယ်လိုစီမံကိန်းမျိုးကို မလုပ်သင့်ဘူး။ ဥပမာ- Commercially Viable ဖြစ်တဲ့ စီမံကိန်းတွေ ဆိုရင် Private Sector နဲ့ သွားသင့်တယ် (သို့မဟုတ်) Commercially Viable မဖြစ်တဲ့ စီမံကိန်းတွေဆိုရင် Development Assistance နဲ့ သွားသင့် တယ်ဆိုတာကို National Plan-ning အပိုင်းက သက်ဆိုင်တဲ့ Analysis တွေ ဆောင်ရွက်ဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။

Implementation ပိုင်းမှာ ဘယ်၀န်ကြီး ဌာနက ဘယ်လောက်အထိ National Strat-egic Direction အတိုင်း ဆောင်ရွက်နေသလဲ၊ မဆောင်ရွက်ဘူးလဲဆိုတာ Monitor လုပ်နိုင် ဖို့ကို ၀န်ကြီးဌာနတွေ သုံးစွဲတဲ့ Budget Spending နဲ့ချိတ်ပါတယ်။ ဥပမာ - ၀န်ကြီး ဌာနတစ်ခုအနေနဲ့ သူ့ရဲ့ Budget Spending က Ad-hoc solution တွေအတွက် များနေမယ် ဆိုရင် National Strategic Project တွေမှာ သုံးတဲ့ Budget Spending ရာခိုင်နှုန်းတစ်ခုကို တွက်ချက်ပြီး ၀န်ကြီးဌာနတစ်ခုချင်း ဘယ်လောက်ရာခိုင်နှုန်း Strategic Direction တွေကို အကောင်အထည်ဖော်နေတယ်ဆိုတာ သိနိုင်ပါတယ်။ ၀န်ကြီးဌာန တစ်ခုချင်းစီ အတွက် Strategic Project တွေကို အကောင် အထည်မဖော်နိုင်တဲ့ ရာခိုင်နှုန်းတွေကို တွက်ချက်ပြီး မြန်မာနိုင်ငံရဲ့ Strategic Direction တွေကို အကောင်အထည်ဖော်ရာမှာ အားနည်းတဲ့ ၀န်ကြီးဌာနတွေနဲ့ အားကောင်းတဲ့ ၀န်ကြီး ဌာနတွေဆိုတာကို ဖော်ထုတ်ပြီး MSDP ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

ဒါ့ပြင် MSDP မှာပါတဲ့ အဓိက စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါ Monitoring System အရေးကြီးပါတယ်။ ဒါကို ဆောင်ရွက်နိုင်ဖို့ National Indicator Framework တွေကို ဖော်ထုတ်ပြီးဖြစ်ပါတယ်။ MSDP မှာ Action Plan ၂၅၁ ခုရှိပါတယ်။ ဒီ Action Plan တွေ ဆောင်ရွက်မှုကို တိုင်းတာနိုင်ဖို့ Indicator ၂၈၆ ခုဖော်ထုတ်ပြီးဖြစ်ပါတယ်။ Indicators တွေ ကြည့်ပြီး ဘယ်ဌာနတွေက ဘယ်လောက်အထိ National Strategic Direction ကို အောင်မြင် အောင် အကောင်အထည်ဖော်နိုင်လဲဆိုတဲ့ Monitoring တွေကို ဆောင်ရွက်ရ ပါတယ်။

ဒေါက်တာမင်းရဲပိုင်ဟိန်း (ဒုတိယ၀န်ကြီး)

မေး ။ ။ နိုင်ငံပိုင် စက်ရုံနဲ့ အလုပ်ရုံတွေကို အသွင်ကူးပြောင်းရေးအတွက် ဆောင်ရွက်နေမှုတွေကို သိရှိလိုပါတယ်။

ဖြေ ။ ။ စက်မှုကဏ္ဍအနေနဲ့ နိုင်ငံပိုင်စက်ရုံနဲ့ အလုပ်ရုံတွေကို စျေးကွက်စီးပွားရေးအရ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံပိုင်စက်ရုံနဲ့ အလုပ်ရုံ များ အသွင်ကူးပြောင်းရေးဗဟိုအဖွဲ့ (Central Transformation Unit – CTU) ကို ဖွဲ့စည်းထား ပါတယ်။ CTU က မူဝါဒတွေ ရေးဆွဲပြုစုတာ၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အလေ့အကျင့် ကောင်းတွေနဲ့အညီ နိုင်ငံပိုင်စက်ရုံတွေကို အသွင်ကူးပြောင်းနိုင်ရေးအတွက် လိုအပ်တဲ့ လေ့လာဆန်းစစ်မှုတွေကို စနစ်တကျဆောင် ရွက်နေပါတယ်။

ပုဂ္ဂလိကကဏ္ဍ တိုးမြှင့်ဆောင်ရွက်ဖို့ အတွက် အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ)ကို EOI ခေါ်ယူထားပြီး ဦးစားပေးရွေးချယ်ထားတဲ့ နိုင်ငံပိုင်စက်ရုံနဲ့ အလုပ်ရုံတွေကို ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ စက်မှုကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ မဟာဗျူဟာတွေ ဘယ်လို ရေးဆွဲအကောင်အထည်ဖော်နေတယ်ဆိုတာကို ရှင်းပြပေးပါဦးရှင့်။

ဖြေ ။ ။ မူဝါဒအနေနဲ့ UNIDO ရဲ့ အထောက်အပံ့နဲ့ ၂၀၁၇ ခုနှစ်မှာ ရေးဆွဲထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မဟာဗျူဟာကို Myanmar Sustainable Development Plan (MSDP) နဲ့ Myanmar Investment Promotion Plan (MIPP) စတဲ့ မဟာဗျူဟာမြောက် အစီအစဉ် တွေနဲ့ ချိတ်ဆက်ပြီး လက်ရှိစီးပွားရေး၊ လူမှု ရေးနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထင်ဟပ်စေနိုင်ဖို့ ပြန်လည်ပြင်ဆင်ရေးသား လျက်ရှိပါတယ်။

ဆန်းသစ်တီထွင်မှုကိုအားပေး

တီထွင်စွန့်စားမှုကို အခြေခံတဲ့ စက်မှု ကဏ္ဍဖွံ့ဖြိုးရေးအတွက် Myanmar Sustain-able Development Plan (MSDP) ရဲ့ ခေတ်မီ တိုးတက်တဲ့ နိုင်ငံဖြစ်လာရေးကို အထောက် အပံ့ဖြစ်စေမည့် ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုကို ပိုမိုတွန်းအားပေးရေးဆိုတဲ့ မဟာဗျူဟာနဲ့ အညီ National Innovation Policy ကို ရေးဆွဲ လျက်ရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်တဲ့နေရာမှာ MSMEs Master Plan ကို မကြာမီမှာ ထုတ်ပြန်နိုင်ဖို့ စီစဉ်ထားပြီး မဟာဗျူဟာရေးဆွဲရေးနဲ့ လုပ်ငန်းစဉ်တွေချမှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျင်းပပြီး လုပ်ငန်းစဉ်တွေ ရေးဆွဲလျက်ရှိပါတယ်။

မော်တော်ယာဉ် စက်မှုကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့ ၂၀၁၉ ခုနှစ် မေလမှာ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒကို သတ်မှတ်ထုတ်ပြန်နိုင်ခဲ့ပါတယ်။ စက်မှု လုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ စက်မှုဇုန်တွေ အောင်မြင်စွာအကောင်အထည် ဖော်ဖို့အတွက် စက်မှုဇုန်ဥပဒေကို လွှတ်တော် ကို တင်ပြခဲ့ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင် ရွက်နေပါတယ်။

မော်တော်ယာဉ်သုံးပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းတွေ ထုတ်ပြန်သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်း ပြည့်၀တဲ့ လျှပ်စစ်နဲ့ အီလက်ထရွန်နစ်ထုတ်ကုန်ပစ္စည်း တွေကို အသုံးပြုနိုင်စေဖို့ စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေအရ မြန်မာစံချိန် စံညွှန်း ၅၀ ခုကို အတည်ပြုပြဋ္ဌာန်းထားပြီး ၆၈ ခုကို ထပ်မံပြဋ္ဌာန်းနိုင်ဖို့အတွက် ပြုစုနေပြီ ဖြစ်ပါတယ်။

သံနဲ့ သံမဏိပစ္စည်းများဆိုင်ရာ စံချိန် စံညွှန်းတွေအတွက် မြန်မာနိုင်ငံ အမျိုးသားအဆင့် သံနဲ့ သံမဏိဆိုင်ရာ အရည်အသွေးနဲ့ စံချိန်စံညွှန်းများ သတ်မှတ်ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ စွမ်းအင်အကျိုးရှိအောင် သုံးစွဲနိုင်ဖို့အတွက် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးဥပဒေ (မူကြမ်း)နဲ့ Energy Conservation Guideline တွေ ပြဋ္ဌာန်းနိုင်ဖို့ ရေးဆွဲလျက်ရှိပါတယ်။ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ Minimum Energy Performance Standard (MEPS) နဲ့ Labeling စနစ် အကောင်အထည်ဖော်ရေး အတွက် ဆောင်ရွက်နေပါတယ်။

မေး ။ ။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ စက်မှုနည်းပညာ တိုးတက်လာစေဖို့ ဆောင်ရွက်မှုတွေကို သိပါရစေ။

ဖြေ ။ ။ စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းကို နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ဖွင့်လှစ်ထားသလို တစ်နိုင်ငံလုံး လွှမ်းခြုံမှုရစေဖို့ သထုံမြို့နဲ့ မုံရွာမြို့တွေမှာ ထပ်မံဖွင့်လှစ်သွားဖို့ ရှိပါတယ်။ စက်မှု သင်တန်းကျောင်းတွေကနေ စက်မှုကျွမ်းကျင် လုပ်သား ၁၀၀၀ ခန့်ကို နှစ်စဉ်မွေးထုတ် ပေးနေပြီး စတုတ္ထ (၁) နှစ်တာအတွင်း တိုင်း ဒေသကြီးနဲ့ ပြည်နယ်အလိုက် Mobile Vocational သင်တန်းအကြိမ် ၂၀ အထိဖွင့်လှစ် ခဲ့ပြီး သင်တန်းသား ၉၂၂ ဦးကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါတယ်။

Industrial Revolution 4.0 ကို သွားနိုင် ဖို့အတွက် လိုအပ်တဲ့ Artificial Intelligence (AI) and Machine Learning ဆိုင်ရာ နည်းပညာတွေ ဖွံ့ဖြိုးလာဖို့ သင်တန်းတွေ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ စက်မှုကဏ္ဍ အသွင်ကူးပြောင်းဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက် ဆောင်ရွက်ပေးနေမှုတွေကို ပြောပြပေး ပါဦးရှင့်။

ဖြေ ။ ။ MSMEs လုပ်ငန်းရှင်တွေကို SME Member Card Online Registration နဲ့ e-Payment System တွေကို အွန်လိုင်းကနေ ၀င်ရောက်လျှောက်ထားနိုင်ဖို့ စီစဉ်ထားသလို MSMEs တွေ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်အောင် ချေးငွေရရှိရေးကို ကူညီပေးလျက်ရှိပါတယ်။

စက်မှုကဏ္ဍကို ပုဂ္ဂလိက အသွင်ကူးပြောင်းဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းတွေကို ပွင့်လင်းမြင်သာစွာနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို ၀န်ကြီးဌာနက မူဝါဒ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကြပ်မတ် ထိန်းကျောင်းပေးတဲ့ Regulatory တာ၀န်ကို ထိထိရောက်ရောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ် ခင်ဗျာ။ ။