နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ရောဂါပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာရေးနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

articles_advs

နေပြည်တော်  ၁၀ စက်တင်ဘာ

 

ကျွန်မတို့ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ စတင်ပြီးတော့ ဆုတောင်းမေတ္တာပို့ပါတယ်။ အခုအချိန်မှာ ကျန်းမာဖို့ အထူးအရေးကြီးတယ်ဆိုတာလည်း အားလုံးနားလည်ပြီးသားလို့ ထင်ပါတယ်။ အခု ကိုဗစ်ရောဂါဟာဆိုရင် ဩဂုတ်လဝက်လောက်ကနေစပြီးတော့ တစ်ကျော့ပြန်ပြီး ထလာတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းမှာ အထူးပြန့်ပွားနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ အခုပြောတဲ့အချိန်မှာ ရန်ကုန်က ပြည်သူပြည်သားတွေကို အဓိကထားပြီး ကျွန်မပြောသွားမှာပါ။ ရခိုင်မှာ စစ်တွေဘက်ကနေစတဲ့ ရောဂါကို အခုအတော်အတန်ထိန်းနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ပြီးတော့ ပြည်သူလူထုက လိုက်နာလို့ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း ကျွန်မအနေနဲ့ ရခိုင် ဝန်ကြီးချုပ် ဦးညီပုနဲ့တကွ ရခိုင်အစိုးရအဖွဲ့ရော ပြည်သူပြည်သားတွေအားလုံးရော ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုစည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ်လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို မထိန်းနိုင်စရာအကြောင်း မရှိပါဘူး။ 

 

အခု ရန်ကုန်တိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မတို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားပါတယ်။ ဒါကို တင်းကြပ်တယ်လို့ တချို့က ထင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီလိုတင်းတင်းကြပ်ကြပ်နဲ့ ကျွန်မတို့ နှစ်ပတ်၊ သုံးပတ်လောက် လိုက်နာလိုက်မယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို ထိန်းချုပ်နိုင်မယ့်အခြေအနေကို ရောက်လာမှာပါ။ အဲဒါကြောင့် အားလုံးကနေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါ။ စည်းဆိုကတည်းက စည်းဆိုတာ ဘာလဲဆိုတာစဉ်းစားပါ။ စည်းဆိုတာ နံပါတ်(၁)က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ အပြင်ကလူတွေကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်။ ကိုယ်စည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်းအားဖြင့် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာရောက်ပါလိမ့်မယ်။ 

 

အခု ရန်ကုန်တိုင်းမှာ ပြန့်ပွားမှုဟာ အရင်မတ်လ၊ ဧပြီလတုန်းက ပြန့်ပွားမှုနဲ့စာရင် အများကြီးပိုပြီးတော့ မြန်တယ်ဆိုတာပြည်သူတွေ သိပြီးသား ဖြစ်ပါလိမ့်မယ်။ မြန်ရုံတင်မကဘူး။ အခုနောက်ပိုင်းမှာဆိုရင် ကွယ်လွန် အနိစ္စရောက်တဲ့သူတွေလည်း အရင်နဲ့စာရင် မြန်လာတယ်လို့ ပြောရပါလိမ့်မယ်။ အရင်တုန်းက (၆)ယောက်ပေါ့။ အခု(၈)ယောက်ဆိုတော့ (၁၄) ယောက်ရှိသွားပါပြီ။ နောက်ဖြစ်တဲ့ (၈)ယောက်ထဲမှာဆိုရင် (၂)ယောက်က အသက်လည်း မကြီးသေးပါဘူး။ အရွယ်ကောင်းတွေလို့ ပြောလို့ရတယ်။ တခြားဘာရောဂါအခံမှလည်း မရှိပါဘူး။ အဲဒါကြောင့် ကိုဗစ်ကြောင့်ပဲ အသက်ဆုံးရှုံးသွားရတယ်လို့ ကျွန်မတို့ ဒီလိုပဲယူဆရပါတယ်။ ဒါကြောင့် ကိုဗစ်ကဖြစ်တာဖြစ်ပါစေ။ အသက်မှမထိခိုက်တာလို့ ဒီလိုပေါ့ပေါ့နဲ့ မစဉ်းစားပါနဲ့။ ရောဂါအခံရှိတဲ့သူတွေအတွက်တော့ အထူးအန္တရာယ်ရှိတယ် ဆိုတာတော့ ကျွန်မသေချာပြောချင်ပါတယ်။ အခုဆုံးပါးသွားတဲ့ သူတွေထဲမှာဆိုရင် ဆီးချိုနဲ့ သွေးတိုးအခံရှိတဲ့ ပြည်သူများ တော်တော်များပါတယ်။ ဆီးချိုနဲ့ သွေးတိုးအခံရှိပြီဆိုရင် ကိုဗစ်ရဲ့အန္တရာယ်ကို မတွန်းလှန်နိုင်သလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့် သတိထားကြပါ။ ကျန်းမာရေးအခြေခံမကောင်းတဲ့သူတွေ အထူးသတိထားကြပါ။ ကျန်တဲ့သူတွေလည်း သတိထားဖို့လိုပါတယ်။ နောက်ပြီးတော့လည်း အခုနောက်ပိုင်း ဖြစ်တဲ့သူတွေထဲမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေ ပါလာတာလည်း ကျွန်မသတိထားမိပါတယ်။ (၁၆)နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ်ပေါ့။ အရွယ်ကောင်းလေးတွေပေါ့။ အဲဒါကြောင့် အခုကိုဗစ်က အသက်အပိုင်းအခြားလည်း မရှိဘူး။ ရောဂါအခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးဆိုတာ ကျွန်မတို့ နှလုံးသွင်းဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်။ 

 

ရန်ကုန်နဲ့ပတ်သက်ရင် အဓိကကတော့ အသွားအလာကန့်သတ်ဖို့ပါပဲ။ လူစုလူဝေးတွေ မဖြစ်ဖို့ပါပဲ။ အားလုံးကနေပြီးတော့ ခပ်ခွာခွာနေမယ်။ ကျွန်မတို့ သတ်မှတ်ထားတဲ့ အင်မတန်မှ လွယ်ကူပြီးတော့ ရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ အပြင်သွားရင် နှာခေါင်းစည်းတပ်ပါ။ လက်အိတ်ဝတ်ရမယ့် နေရာတွေမှာ လက်အိတ်ဝတ်ပါ။ အနည်းဆုံး ခြောက်ပေကွာပြီးတော့ နေပါဆိုပြီးတော့ အဲဒီလိုသတ်မှတ်ချက်တွေကို  လိုက်နာမယ်ဆို ရင် လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်းတစ်ယောက်ချင်းစီက  လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို မြန်မြန် ထိန်းချုပ်သွားနိုင်မှာပါ။ နောက်တစ်ခုကလည်း ကျွန်မတို့ကနေပြီးတော့ လူစုလူဝေးမဖြစ်အောင်ဆိုပြီး စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်တယ်ဆိုတာ ကျွန်မတို့ သတိပြုမိပါတယ်။ ဒါကြောင့်လည်း အစိုးရအနေနဲ့ တတ်နိုင်သမျှ ဒီလိုထိခိုက်တဲ့ ပြည်သူတွေကို ပံ့ပိုး နိုင်အောင်လည်း စီစဉ်ပါတယ်။ လုပ်လည်းလုပ်ပါတယ်။ ဆက်ပြီးတော့လည်း လိုအပ်သလို လုပ်သွားပါမယ်။ 

 

ဒီလို ကိုဗစ်ကြောင့်၊ ကန့်သတ်ချက်တွေကြောင့် ကိုယ်ရဲ့နိစ္စဓူဝ အလုပ်တွေမှာလုပ်ရတာ ခက်ခဲလာတယ်ဆိုတာတော့ သည်းခံရမယ့် ကိစ္စတစ်ခုပါ။ ကျွန်မတို့ စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် လိုက်နာလေလေ ဒီစည်းမျဉ်းစည်းကမ်းတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင် ကျွန်မတို့ မြို့နယ်အချို့ ကို အထူးသတိထားပြီး အိမ်အပြင်မထွက်ဖို့ သတ်မှတ်ထားပါတယ်။ ကျွန်မက နာမည်နဲ့ပြောရမယ်ဆိုရင် သင်္ဃန်းကျွန်းမြို့နယ်ကို ပြောဖို့လိုပါလိမ့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဃန်းကျွန်းမြို့နယ်မှာဆိုရင် ကိုဗစ်ရောဂါ စွဲကပ်နေတဲ့ ပြည်သူတွေများလို့ပါ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းကလည်း ကာရာအိုကေနဲ့ဆိုင်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေဆိုရာကနေပြီးတော့ ပြန့်သွားတဲ့ ကိစ္စပါ။ ဒီလိုဘာဖြစ်လို့ပြန့်သွားလဲဆိုတော့ နံပါတ်(၁)က လူစုလူဝေးပေါ့။ ကာရာအိုကေဆိုင်တွေမှာဆိုရင် လူတွေများတယ်။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေကွာပြီးတော့ နေတယ်ဆိုတာမရှိဘူး။ နောက်ပြီးတော့ သီချင်းဆိုတဲ့အခါမှာဆိုရင် ဒါဟာ ပိုးမွှားတွေကို ပြန့်အောင်လို့လုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းပဲလို့တောင် ပြောရမလား မသိပါဘူး။ အားလုံးသီချင်းဆိုကြတယ်။ နောက်ပြီး Microphone တွေကို တစ်ယောက်ပြီး တစ်ယောက်သုံးကြတယ်။ အဲဒီကနေပြီးတော့ ကူးစက်တာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က အခုဒီလိုဆိုင်တွေအားလုံးကို ပိတ်လိုက်ပါ တယ်။ ပိတ်လိုက်တဲ့အခါမှာ  ကျွန်မတို့က တစ်ဖက်သတ်ကြည့်တာ မဟုတ်ပါဘူး။ တစ်ဖက်က ဒီလိုဆိုင်တွေကို ပိတ်တဲ့အခါ ဒီဆိုင်တွေကို အသက်မွေးဝမ်းကျောင်းအတွက် မှီဝဲနေရတဲ့ ပြည်သူတွေရှိတယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း ဒီပြည်သူတွေဟာ ရေတိုမှာ ဝင်ငွေမရပ်သွားဘူးဆိုပေမယ့် ရေရှည်တောင် မဟုတ်ပါဘူး။ မကြာမီကာလအတွင်းမှာပဲ ရောဂါကူးစက်ပြီးတော့ ဆက်ပြီးတော့လည်း အလုပ်မလုပ်နိုင်တဲ့ အခြေအနေ၊ ကိုယ်ကြောင့်လည်း တခြားသူတွေ၊ ကိုယ်ရဲ့မိသားစု အပါအဝင် ရောဂါကူးစက်သွားနိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က အခုဆိုရင် ကြပ်ကြပ်မတ်မတ် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတာပါ။

 

နောက်ပြီးတော့ ခရီးသွားလာတာနဲ့ ပတ်သက်လို့ ပထမဦးဆုံး ရခိုင်မှာ ရောဂါပြန့်ပွားနေပြီ၊ စစ်တွေမှာ တော်တော် များများတွေ့ပြီဆိုတာ သိတဲ့အခါမှာ ရခိုင်ဘက်ကနေပြီးတော့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ခရီးမထွက်ဖို့ဆိုပြီး ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့အခါ ရခိုင်ပြည်နယ်က ကျွန်မတို့ ပြည်သူတွေက  ထွက်ချင်ကြတယ်။ ကျွန်မတို့က ထွက်ခွင့်မပေးဘူး။ အဲဒီတုန်းက ကျွန်မရှင်းပြပါတယ်။ ကျွန်မတို့ရဲ့ ရခိုင်က ပြည်သူတွေကို အငြိုးအတေးနဲ့လည်း မဟုတ်ပါဘူး။ ဒီလိုပြန့်သွားရင် အားလုံးအတွက် အန္တရာယ်ရှိတဲ့အပြင် တစ်တိုင်းပြည်လုံးမှာ ပြဿနာဖြစ်နေရင် ရခိုင်ပြည်နယ်အတွက်လည်း ဦးစားပေးပြီး သတ်သတ်မှတ်မှတ်လုပ်ပေးဖို့ ပိုပြီးတော့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့က တကယ်ရောဂါပြန့်ပွားမှုများနေတဲ့ နေရာတွေကို ဦးစားပေးပြီးတော့ သေသေ ချာချာလုပ်ပေးနိုင်အောင် ဒီလိုကန့်သတ်ရတာပါ။ အခုလည်း ရန်ကုန်တိုင်းမှာဆိုရင် ဒီလိုပါပဲ။ ရန်ကုန်တိုင်း အတွင်းမှာဆိုရင် တစ်တိုင်းပြည်လုံးမှာ ရောဂါပြန့်ပွားမှုအခြေအနေက အမြန်ဆုံးပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အကန့်အသတ်တွေ လုပ်တာပါ။ ရန်ကုန်တိုင်းပြင်ပကိုလည်း မလိုအပ်ဘဲနဲ့ မသွားပါနဲ့။ သွားရင်လည်း တခြားတိုင်းတွေ၊ ပြည်နယ်တွေက စည်းမျဉ်းစည်းကမ်းအရ စစ်ဆေးတာတို့၊ Quarantine လုပ်တာတို့ သတ်မှတ်ပါလိမ့်မယ်။ အဲဒီအခါ အဲဒီအတိုင်းပဲ လိုက်နာ ရမှာဖြစ်ပါတယ်။ 

 

ဒီချိန်မှာတော့ ငြိမ်ငြိမ်လေးနဲ့ ကိုယ့်အိမ်မှာကိုယ် နေနိုင်သမျှနေတာ အကောင်းဆုံးပါပဲ။ ကိုယ့်အိမ်မှာကိုယ် နေနိုင်သမျှ နေမယ်ဆိုတော့ ဈေးဝယ်သွားဖို့ကိစ္စကို တချို့က မေးပါလိမ့်မယ်။ ဈေးဝယ်သွားဖို့ဆိုတဲ့ကိစ္စကတော့ မဖြစ်မနေ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ ပြည်သူတွေက နိစ္စဓူဝ စားရေးသောက်ရေးအတွက် ဈေးသွားဖို့ လိုတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် ဈေးတွေမှာ အရင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ်လိုက်နာဖို့ကို ကျွန်မတို့ ဆောင်ရွက်ပါမယ်။ မလိုက်နာတဲ့သူတွေကို ကျွန်မတို့ ဥပဒေအရ အရေးယူရပါလိမ့်မယ်။ ဥပဒေဆိုတာ ကျွန်မ ခဏခဏပြောပါတယ်။ ပြည်သူကို ဒဏ်ပေးဖို့မဟုတ်ဘူး။ တကယ်တော့ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းရဲ့ တည်ငြိမ်မှု၊ အေးဆေးမှုကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒီလိုရောဂါ အားလုံးပြန့်ပွား သွားမယ်ဆိုရင် ကျွန်မတို့ လူ့အသိုင်းအဝိုင်းဟာ အများကြီးထိခိုက်လာတဲ့အခါကျ တည်ငြိမ်မှုလည်းရှိမှာ မဟုတ်ပါဘူး။ အေးငြိမ်းမှုလည်းရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ကနေပြီးတော့ စည်းမျဉ်းစည်းကမ်း မလိုက်နာရင် သဘာဝ ဘေးအန္တရာယ်ဥပဒေအရ အရေးယူမယ်လို့ ပြောတာက သဘာဝဘေးအန္တရာယ်ဥပဒေဟာ ကူးစက်ရောဂါဥပဒေထက် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဒီလိုပဲ ပြင်းပြင်းထန်ထန်လုပ်နိုင်မှ ကျွန်မတို့ဟာ ထိထိရောက်ရောက် ကိုဗစ်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာပါ။ ကျွန်မတို့ ဘာတွေရည်ရွယ်တယ်။ ဘာတွေ လုပ်စေချင်တယ်ဆိုတာကို  တစ်ချိန်လုံး ညွှန်ကြားချက်တွေ ထုတ်နေပါတယ်။ ဒီညွှန်ကြားချက်တွေကို ပြည်သူလူထုက သေချာ လေ့လာစေချင်ပါတယ်။ ကျွန်မ အနေနဲ့ ဒီအချိန်မှာ အားလုံးကိုဖတ်ပြမှာ မဟုတ်ပါဘူး။  ဒါတွေဟာ ကျွန်မတို့ ရုပ်မြင်သံကြားမှာလည်း မကြာခဏ တင်ပါမယ်။ နောက်ပြီး သတင်းစာတွေထဲမှာလည်း ထည့်ပါမယ်။ အဲဒါတွေကို ပြည်သူတွေ လေ့လာစေချင်ပါတယ်။ ဒီညွှန်ကြားချက်တွေကိုလည်း လိုက်နာစေချင်ပါတယ်။ 

 

အခုအချိန်မှာ နေပြည်တော်က နိုင်ငံရဲ့ အစိုးရရုံးစိုက်ရာနေရာဆိုပေမယ့် ရန်ကုန်ဆိုတာဟာ ကျွန်မတို့ ပြည်သူတွေ တော်တော်များများရဲ့ နှလုံးသားထဲမှာ နှလုံးသားမြို့တော်ကြီးပါပဲ။ ဒါကြောင့် ဒီလိုမြို့တော်ကြီးကနေပြီးတော့ တကယ့်ကို ကောင်းတဲ့နမူနာ၊ စံအနေနဲ့ ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရခိုင်ပြည်နယ် မှာဆိုရင်တောင်မှ ကျွန်မတို့ ထိန်းချုပ်နိုင်ပြီ။ ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်လာပြီ။ ထိန်းချုပ်လို့ ပြီးစီးသွား ပြီလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းမှာ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကျွန်မတို့ ပြည်သူတွေရဲ့ နှလုံးသားထဲက မြို့တော်ကြီးက ဘာဖြစ်လို့ဒီကိစ္စကို အောင်အောင်မြင်မြင် မဆောင်ရွက်နိုင်ရမှာလဲ။ အဲဒါကို ကြိုးစားကြပါ။ အားလုံးကနေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါ။  စည်းမျဉ်းစည်းကမ်းတွေကလည်း စောစောက ကျွန်မပြောတဲ့အတိုင်းပဲ ခက်ခက်ခဲခဲမဟုတ်ပါဘူး။ အင်မတန် ရိုးရှင်းပါတယ်။ ဘာကြောင့် ဒီလိုစည်းမျဉ်းစည်းကမ်း တွေကို သတ်မှတ်တယ်ဆိုတာ ပြည်သူတွေနားလည်ဖို့လည်း ခက်ခဲတာမဟုတ်ပါဘူး။ ဒါကြောင့် စည်းမျဉ်းစည်း ကမ်းတွေကို လိုက်နာပါ။ သိပ်ပြီးတော့ စိုးရိမ်မလွန်ပါနဲ့။ ဒါပေမယ့် သတိဆိုတာတော့ လွန်ကဲတယ်မရှိပါဘူး။ သတိတော့ အမြဲပဲချပ်ပါ။ ကျွန်မတို့ အတတ်နိုင်ဆုံး၊ အမြန်ဆုံးတင်းကြပ်တဲ့ အခြေအနေက ပိုပြီးတော့ ဖြေလျှော့နိုင်အောင် ကြိုးစားသွားပါမယ်။ ဒါပေမယ့် ကြိုးစားတဲ့နေရာမှာ ကျွန်မ ခဏခဏပြောတဲ့အတိုင်း ပြည်သူသာလျှင် အဓိကပါ။ ပြည်သူတွေပါဝင်မှ ကျွန်မတို့ရဲ့ ကြိုးစားမှုတွေက အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေ ကိုယ့်အစွမ်းကို ပြကြပါ။ ကိုဗစ်ကို ဘယ်လောက် မြန်မြန်၊ ဘယ်လောက် ထိထိရောက်ရောက် ထိန်းချုပ်နိုင်မလဲဆိုတာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးတင်သာမက တစ်ကမ္ဘာလုံးကနေ သိနိုင်အောင်လို့ အစွမ်းပြကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ။