နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်ပေးရန် ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရေး၀န်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန

ခင်ရတနာ၊ ဓာတ်ပုံ - ဇူလိုင်မိုး

ပြည်သူတို့ ယုံကြည်စွာရွေးကောက်တင်မြှောက်မှုဖြင့် တာ၀န်ကျေပွန်လျက်ရှိသည့် ပြည်သူ့အစိုးရသည် စတုတ္ထ(၁)နှစ်တာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်လျှောက်လှမ်းကြချိန် အသွင်ကူးပြောင်းစမို့ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညီညွတ်ခြင်းတရား၊ စုပေါင်းအင်အားဖြင့် ဖြတ်ကျော်နေကြချိန်လည်း ဖြစ်ပါသည်။ နိုင်ငံတော်အကျိုးအတွက် နိုင်ငံ၏ရှေ့တန်းမျက်နှာစာမှ နိုင်ငံတကာသို့ ထိုးဖောက်ကာ မြန်မာနိုင်ငံပုံရိပ်မြင့်မားရေးအတွက် ဦးတည်ကြိုးပမ်းနေသည့် ဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာနပင် ဖြစ်ပါသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနသည်လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့်အတူ လက်တွဲကာ ရှေ့တန်းမျက်နှာစာမှ သံတမန်နည်းအရ ရင်ဆိုင်ဖြေရှင်းနေရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ရာ စတုတ္ထ(၁) နှစ်တာ၏ ပုံရိပ်များကို ပြည်သူများသိရှိနားလည်ခံစားနိုင် စေရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးကျော်တင်အား တွေ့ဆုံမေးမြန်းထား သည်ကို ပြန်လည်တင်ပြလိုက်ရပါသည် -

မေး။ ။ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့ အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ဘယ်လိုမူဝါဒတွေနဲ့ ချမှတ်ဆောင်ရွက် နေလဲဆိုတာ သိပါရစေ။

ဖြေ။ ။ နိုင်ငံခြားရေး မူဝါဒဆိုတာ ပြည်တွင်းပြည်ပရဲ့ အခြေအနေ တွေပေါ်မှာ မူတည်ပြီးတော့ မိမိနိုင်ငံနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့ မျှော်မှန်းချက်ထားပြီး ချမှတ် ဖော်ဆောင်ရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်တွင်းမှာ ချမှတ်ထားတဲ့ မူဝါဒနဲ့ ရည်မှန်းချက်တွေ ပေါက်မြောက် အောင်မြင်အောင် နိုင်ငံတကာနဲ့ဆက်ဆံခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပံ့ပိုးပေးရတဲ့တာဝန် ဖြစ်ပါတယ်။ မိမိတို့ဌာနအနေနဲ့ “အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ နိုင်ငံတော်အစိုးရဲ့ မျှော်မှန်းချက်တွေကို ပြည့်မြောက်အောင် နိုင်ငံတကာဆက်ဆံရေး ဘက်က ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိ ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေ နဲ့လည်း နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ၊ အထူးသဖြင့် ဒေသဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ပါဝင် တက်ရောက်ကာ ပံ့ပိုးဆောင်ရွက်ပေးနေ ပါတယ်။

မိမိတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပါတယ်။ သို့သော် မိမိတို့အစိုးရ လက်ထက်မှာ ပြည်တွင်း မူဝါဒနဲ့ ရည်မှန်းချက်တွေ ပြောင်းလဲလာ တဲ့အတွက် နိုင်ငံခြားရေး မူဝါဒကျင့်သုံးရာမှာ ချဉ်းကပ်ပုံ ပြောင်းလဲခဲ့ပါတယ်။ သံတမန်တွေအနေနဲ့ မိမိနိုင်ငံရဲ့ အကျိုးစီးပွား အတွက်သာမက ဒေသ၏ အကျိုးစီးပွားကိုလည်း ပံ့ပိုးပေးရေး၊ မိမိတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးသာမက ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ကူညီပံ့ပိုးပေးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စကို အ‌လေးထားရေးနဲ့ မိမိတို့နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ပြည်တွင်း အမြင်ကို အလေးပေးရုံသာမက ပြည်ပရဲ့ အမြင်ကိုပါ ထည့်သွင်းစဉ်းစားရေးဆိုတဲ့ ပုံစံမျိုးကို ချဉ်းကပ်ဆောင်ရွက်လျက်ရှိပါတယ်။

လွတ်လပ်ရေးရပြီးစကာလမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သလို မိမိတို့ အစိုးရလက်ထက်မှာလည်း ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရာမှာ ဟန်ချက်ညီညီဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ချစ်ကြည် ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေး ကို ပိုမိုကျစ်လျစ်ခိုင်မာစေသလို ရပ်နီးရပ်ဝေးမှ ကမ္ဘာ့နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါတယ်။

နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ အဝေးက နိုင်ငံတွေနဲ့ ဆက်ဆံရေးထက် ပိုမိုသိမ်မွေ့ပါတယ်။ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲနေထိုင်ကြရ မှာ ဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေ အားလုံးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်နဲ့အညီ အိမ်နီးချင်းကောင်း ဆက်ဆံရေး ခိုင်မာအောင် အလေးထား ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ (၄)နှစ်အတွင်း မှာ ရလဒ်အားဖြင့်လည်း အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား ကဲ့သို့သော ဒေသတွင်း နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေး သိသိသာသာ တိုးတက်လာ ခဲ့ပါတယ်။

ထို့အပြင် မြန်မာနိုင်ငံဟာ အာဆီယံ၊ ဘင်းမ်စတက် စတဲ့ဒေသတွင်းအဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိုလည်း အလေးထားဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အချို့ကိစ္စများမှာ စိန်ခေါ်မှုတွေ ရှိနေသော်လည်း မြန်မာ့နိုင်ငံခြားရေး မူဝါဒရဲ့ အဓိက မဏ္ဍိုင်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ဦးစားပေးလိုအပ်ချက်များနဲ့အညီ၊ ၂၀၃၀ အာဂျင်ဒါနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်း ချက်တွေ အောင်မြင်မှုရရှိရေးအတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေး ရေရှည်ခိုင်မြဲဖို့ ဆိုရင် ပြည်သူချင်းဆက်ဆံရေး ကောင်းမွန်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ပြည်သူဗဟိုပြု သံတမန်ရေးချဉ်းကပ်မှုနဲ့အညီ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရာမှာ အစိုးရအချင်းချင်း ဆက်ဆံရေးအပြင် ပြည်သူများ အချင်းချင်း ဆက်ဆံရေး၊ အပြန်အလှန် ယုံကြည်မှုရရှိရေး တို့ကိုပါ ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။

ပြည်သူဗဟိုပြု မူဝါနဲ့အညီ ပြည်ပရောက် မြန်မာနိုင်ငံသားတွေသာမက မြန်မာနိုင်ငံ သားဟောင်းတွေရဲ့ အကျိုးစီးပွား ကာကွယ် မြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်နေတဲ့ အပြင် ပြည်ပရောက် နိုင်ငံသားတွေရဲ့ အင်အားကိုရယူပြီး နိုင်ငံတော်ရဲ့ အကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လာခဲ့ပါတယ်။

မေး။ ။ ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့အစိုးရ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဦးစားပေး လုပ်ငန်းများကို သိပါရစေ။

ဖြေ။ ။ နိုင်ငံတကာဆက်ဆံရေး မြှင့်တင်ရာမှာ အဓိကအတားအဆီး ကတော့ ရခိုင်ပြည်နယ်မှ အလုံးအရင်းနဲ့ နေရပ်စွန့်ခွာမှုဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားကာ နိုင်ငံ့ပုံရိပ် ထိခိုက်နေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကြောင့် စတုတ္ထနှစ်မှာ သံတမန်တွေအတွက် အဓိက ဦးစားပေးလုပ်ငန်းက နိုင်ငံတော်ရဲ့ ပုံရိပ် ပြန်လည်မြှင့်တင်ရေးဟာ ပထမ ဖြစ်ပါ တယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ ရည်မှန်းချက်တွေ ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် တွေအတွက် နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းများထံမှ အကူအညီတွေရရှိရေးနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကြိုးပမ်းဖြေရှင်းတဲ့နေရာမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ နားလည်မှုနဲ့ အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုတွေ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အားပေး ထောက်ခံမှုတွေ၊ ကူညီပံ့ပိုးမှုတွေ ဆက်လက်ရရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက် ရေးအတွက်လည်း မိမိတို့ဝန်ကြီးဌာန အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေး၊ ကုန်သွယ်မှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနဲ့ နိုင်ငံတကာက ငွေကြေးနှင့် နည်းပညာ အကူအညီများ ရရှိရေးအတွက် ဦးစားပေး ဆောင်ရွက်ကြဖို့ လမ်းညွှန်မှာကြားထားခဲ့ ပါတယ်။

ဒီရည်မှန်းချက်တွေဟာ နိုင်ငံတော်ရဲ့ပုံရိပ် မြင့်တက်လာတာနဲ့အမျှ အလိုအလျောက် ရရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင် ပြည်နယ်ကိစ္စနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်အောင် ဖြေရှင်းရန်ကိစ္စကို နိုင်ငံတော်၏ ပုံရိပ်မြှင့်တင်ရေးအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းအဖြစ် ထားရှိ နေရခြင်း ဖြစ်ပါတယ်။

မေး။ ။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများကို မြှင့်တင်ဖို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်တွေ စီစဉ် ဆောင်ရွက်ပေးခဲ့တဲ့ကိစ္စတွေ သိပါရစေ။

ဖြေ။ ။ မိမိတို့ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရာမှာ နှစ်နိုင်ငံချင်း ဆက်ဆံရေး၊ ဒေသတွင်း ဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး နည်းလမ်းတွေနဲ့ ဖော်ဆောင်လျက်ရှိပါတယ်။ မိမိတို့ ဌာနရဲ့ တာဝန်ဟာ နိုင်ငံတော်အကြီးအကဲတွေရဲ့ ချစ်ကြည်ရေးခရီးစဉ်တွေ အောင်မြင်ရေး အတွက် စီစဉ်ဆောင်ရွက်ရတာတွေ၊ ဆွေးနွေး မယ့်အချက်တွေ ပြုစုရတာတွေ၊ ပူးတွဲကြေညာ ချက်တွေ ညှိနှိုင်းပြင်ဆင်ပေးတာတွေ ဆောင်ရွက်ပေးခဲ့ရပါတယ်။ အစိုးရရဲ့ စတုတ္ထ (၁)နှစ်အတွင်း နိုင်ငံတော်သမ္မတကြီးဟာ ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်း အနားကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သမ္မတကြီးအနေနဲ့ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့တဲ့ အပြင် အိန္ဒိယနိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက် အရ တရားဝင် ချစ်ကြည်ရေးခရီးအဖြစ်လည်း ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း အလုပ်သဘောခရီးစဉ်များအဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယား သမ္မတနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်၊ ထိုင်းနိုင်ငံမှာ (၃၄) ကြိမ်မြောက်နဲ့ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး များ တက်ရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ကိုရီးယားခရီးစဉ်မှာ အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးနဲ့ ကိုရီးယား-မဲခေါင် ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခဲ့ ပါတယ်။ ခရီးစဉ်အသီးသီးမှာ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဟာ ဥရောပအလယ်ပိုင်း ဒီမိုကရေစီအသွင် ကူးပြောင်းရေး အတွေ့အကြုံကောင်းတွေရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ ဟန်ဂေရီ နိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအကြီး အကဲများနဲ့ တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စများ ဆွေးနွေး ခြင်း၊ တက္ကသိုလ်များ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အတွေ့အကြုံ များ ဟောပြောပို့ချခြင်း၊ မြန်မာနိုင်ငံ၌ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင် နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးဖိုရမ်များ ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ COVID-19 ရောဂါ ကြောင့် ဒီနှစ်မှာ ခရီးစဉ်အချို့ကို ရွှေ့ဆိုင်း ဖျက်သိမ်းတာတွေ လုပ်ခဲ့ရပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေရဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ရန်အတွက် တရုတ်နိုင်ငံခရီးစဉ်ကို အောင်မြင် စွာ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေနဲ့ အင်ဒိုနီးရှား အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား သို့ တက်ရောက်နိုင်ရေးနဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်နိုင်ရေးအတွက်ကိုလည်း စီစဉ်ပေး နိုင်ခဲ့ပါတယ်။

မေး။ ။ မြန်မာနိုင်ငံသို့ လာရောက်ကြတဲ့ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီး အကဲများ၊ အဆင့်မြင့် ပုဂ္ဂိုလ်များရဲ့ ချစ်ကြည်ရေးခရီးစဉ်များကိုလည်း သိပါရစေ။

ဖြေ။ ။ စတုတ္ထ(၁)နှစ်တာကာလအတွင်းမှာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတနဲ့ ဇနီး၊ နီပေါနိုင်ငံ သမ္မတ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်၊ တရုတ်နိုင်ငံသမ္မတတို့က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ အသီးသီး လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဆေးရှဲလ်သမ္မတနိုင်ငံ ဒုတိယသမ္မတ၊ ကမ္ဘော ဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ် နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဆားဘီးယား နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ရဲ့ တရားဝင်ခရီးစဉ်များ ကိုလည်း စီစဉ်ပေးနိုင်ခဲ့ပါတယ်။

ထိုင်း၊ နော်ဝေ၊ ပိုလန်၊ အမေရိကန်၊ မလေးရှား၊ သီရိလင်္ကာ၊ နီပေါ၊ ဖိလစ်ပိုင်၊ တီမောလက်စ်တေ၊ ဗင်နီဇွဲလား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများလည်း တရားဝင်ခရီးစဉ်များ လာရောက်ခဲ့ကြပြီး တစ်နှစ်တာအတွင်း ပြည်ပမိတ်ဖက်နိုင်ငံများမှ အစိုးရအဖွဲ့ အကြီးအကဲများနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးအဆင့် အလုပ်သဘော ခရီးစဉ် ပေါင်း (၃၀) ခန့်ကို အောင်မြင်စွာ စီစဉ်ပေးနိုင် ခဲ့ပါတယ်။

မေး။ ။ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပေးနိုင်ပြီးမိမိတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနဲ့ ဖွံ့ဖြိုးရေးအထောက်အပံ့များကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ သိထားပါတယ်။ အဲဒီအကျိုးရလဒ်တွေထဲက အနည်းငယ်ကို ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ခရီးစဉ်တိုင်းက နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေပြီး နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးကျေးဇူးကောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီထဲကမှ ရလဒ်အချို့ကို နမူနာအဖြစ် ဖော်ထုတ်ပြောကြားလိုပါတယ်။

နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနဲ့ သဘောတူညီချက် (၁၀)ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီလို လက်မှတ်ရေးထိုးရာမှာ အကျိုးဖြစ်ထွန်းမှု မြန်ဆန်မယ့် စီမံချက်များကို အကောင်အထည်ဖော်ရန် အိန္ဒိယနိုင်ငံမှ အကူအညီပေးရေးနဲ့ ကျန်းမာရေးသုတေသန၊ ဆက်သွယ်ရေး၊ ရေနံထွက်ပစ္စည်းများ၊ လူကုန်ကူးမှု ကာကွယ်ရေး စတဲ့ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်အောက်မှ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများကို ပံ့ပိုးဆောင်ရွက်ပေးဖို့နဲ့ မြန်မာနိုင်ငံမှ ပဲတန်ချိန် (၄) သိန်းအထိ တင်ပို့ခွင့်ရရှိရေး ကိစ္စများလည်း ပါရှိပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို ပိုမိုတိုးတက်လာစေပြီး သမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တစ်ရပ်ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် (၃)ခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒါတွေကတော့ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (၂၀၁၉-၂၀၃၀) နဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက် ရန်အတွက် (၅)နှစ်ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေးတို့ဖြစ်လို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအရှိန်ကို မြှင့်တင်ပေးနိုင်မယ့် တွန်းအားများ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံသမ္မတရဲ့ ချစ်ကြည်ရေး ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ချေးငွေများဆိုင်ရာ မူဘောင်သဘော တူစာချုပ်နဲ့ ကုန်သွယ်ရေးနဲ့ စက်မှု၊ သိပ္ပံနဲ့ နည်းပညာ၊ စီးပွားရေးလုပ်ငန်း သစ်များနဲ့ တီထွင်ဆန်းသစ်မှု စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန် လွှာများကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် လှူဒါန်းတဲ့ ကျောင်းကားအစီး (၆၀)အား လွှဲပြောင်း ပေးအပ်ခဲ့တဲ့အပြင် မြန်မာ-ကိုရီးယားစက်မှုဇုန် တည်ထောင်မှု ဖွင့်လှစ်ပွဲအခမ်းအနားနဲ့ မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်တို့ကို ကျင်းပနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ အလုပ် သမားများအား တိုးမြှင့်ခေါ်ယူရေး မေတ္တာရပ်ခံ ခဲ့တဲ့အပေါ် ကိုရီးယားနိုင်ငံမှ သဘောတူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှစတင်၍ မြန်မာအလုပ်သမား ဦးရေ (၇၀၀၀) ခန့်အထိ တိုးမြှင့်ခေါ်ယူသွားရန် ရှိပါတယ်။

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးတွင်လည်း လယ်ယာ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၄) နဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံပြည်သူများ ကူးလူးဆက်ဆံသွားလာမှု ပိုမိုမြှင့်တင်ရေးအတွက် နှစ်နိုင်ငံမှ သာမန်နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ကို (၁၄) ရက်ကနေ (၃၀) ရက်အထိ တိုးမြှင့်ဖို့ သံတမန်စာကိုလည်း လဲလှယ်နိုင်ခဲ့ပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေးတည်ထောင်တဲ့ နှစ်(၇၀) ပြည့်မြောက်တဲ့ ယခုနှစ်မှာ တရုတ်နိုင်ငံသမ္မတရဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့တဲ့ ချစ်ကြည်ရေးခရီးဟာ (၁၉) နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်တဲ့ တရုတ်နိုင်ငံ သမ္မတအဆင့် ခရီးစဉ်ဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအဆင့်မှ နှစ်ဦး နှစ်ဖက်အကျိုးရှိပြီး သာတူညီမျှရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုအပေါ် အခြေခံတဲ့ မြန်မာ - တရုတ် အေးအတူပူအမျှအသိုက်အဝန်း တည်ထောင်ရေးအဆင့်သို့ မြှင့်တင်သွားဖို့ သဘော တူညီမှုကို ရရှိခဲ့ပါတယ်။

ခရီးစဉ်အတွင်း သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာနဲ့ စာလွှာစုစုပေါင်း (၃၃) ခုတို့ကို လက်မှတ်ရေးထိုး လဲလှယ်နိုင်ခဲ့တဲ့အတွက် နှစ်နိုင်ငံအကြား ကဏ္ဍစုံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ပိုမို ကျယ်ပြန့် စေခဲ့တဲ့ ချစ်ကြည်ရေးခရီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေး အကူအညီ ထောက်ပံ့ငွေ တရုတ်ယွမ် ငွေ ၄ ဘီလီယံ ပေးအပ်ဖို့ ကြေညာသွားခဲ့ ပါတယ်။

မေး။ ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၊ နိုင်ငံခြားရေးဆွေးနွေးမှု ယန္တရားများ၊ ဖိုရမ်များကတစ်ဆင့် နှစ်နိုင်ငံချင်း ဆက်ဆံရေး တိုးတက်အောင် ဆွေးနွေး ဆောင်ရွက်နေမှုများကို သိပါရစေ။

ဖြေ။ ။ ကမ္ဘာ့နိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးပွဲယန္တရားများကို ပိုမိုတိုးချဲ့ တည်ထောင်နိုင်ခဲ့ပါတယ်။ ယခင်က အဆိုပါ နှစ်နိုင်ငံနိုင်ငံခြားရေး ဆွေးနွေးပွဲတွေကို များသောအားဖြင့် အိမ်နီးချင်းနိုင်ငံများနဲ့သာ ရှိခဲ့သော်လည်း မိမိတို့ အစိုးရလက်ထက်မှာ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ပိုလန်၊ နယူးဇီလန်၊ လစ်သူယေးနီးယား စတဲ့ အနောက်နိုင်ငံတွေနဲ့ပါ တိုးချဲ့တည်ထောင်နိုင် ခဲ့ပါတယ်။ စတုတ္ထ (၁) နှစ်တာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်း အဝေးအပြင် ကာလအတန်ကြာ ရပ်တန့်နေခဲ့ တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတွေနဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးတွေကို ပြန်လည်ကျင်းပပေး နိုင်ခဲ့ပါတယ်။

အလားတူ အိန္ဒိယ၊ နော်ဝေး၊ ဩစတြေးလျ၊ တောင်အာဖရိက၊ လစ်သူယေးနီးယားနိုင်ငံ တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း ကျင်းပနိုင်ခဲ့တဲ့အပြင် အာရှ-ဥရောပဆွေးနွေး ပွဲ (အေဆမ်)၏ ဝန်ကြီးအဆင့် အစည်းအဝေးနဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တွေကိုလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးမှုယန္တရားတွေကို တိုးချဲ့တည် ထောင်နိုင်ခဲ့တာကြောင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးနိုင်တဲ့အပြင် မိမိတို့နိုင်ငံရဲ့ အသွင်ကူးပြောင်းဆဲ ကာလမှာ ကြုံတွေ့နေရတဲ့ သိမ်မွေ့နက်နဲပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားနိုင်ခဲ့ပါတယ်။

မေး။ ။ နိုင်ငံတကာဆက်ဆံရေး တိုးတက်အောင် မိတ်ဖက်သစ်နိုင်ငံများနဲ့ သံတမန်ဆက်ဆံရေး တိုးချဲ့ခဲ့တာကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ နိုင်ငံတကာမျက်နှာစာမှာ ကမ္ဘာ့နိုင်ငံအများအပြားနဲ့ ချစ်ကြည် ရင်းနှီးမှုမြှင့်တင်ဖို့နဲ့ အပြန်အလှန် ပံ့ပိုးမှုများ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် မိတ်ဖက်သစ် နိုင်ငံများနဲ့ သံတမန်အဆက်အသွယ်ကို တိုးချဲ့ထူထောင်လျက်ရှိပါတယ်။ နိုင်ငံတော် အစိုးရရဲ့ စတုတ္ထ (၁) နှစ်တာကာလအတွင်း အာဖရိကနိုင်ငံတွေနဲ့ ချစ်ကြည်ရေးတိုးမြှင့်ဖို့ ဆောင်ရွက်ခဲ့ရာမှာ ဘီနင်သမ္မတနိုင်ငံနဲ့ တိုဂိုသမ္မတနိုင်ငံတို့နဲ့ သံတမန်အဆက်အသွယ် တိုးချဲ့ထူထောင်နိုင်ခဲ့ပါတယ်။ မိမိတို့ အစိုးရရဲ့ (၄) နှစ်တာကာလအတွင်း မိတ်ဖက်သစ်နိုင်ငံ (၉) နိုင်ငံနဲ့ သံတမန်ဆက်သွယ်မှုများ တိုးချဲ့ ထူထောင်နိုင်ခဲ့တဲ့အတွက် ယခုအခါ ကမ္ဘာ့နိုင်ငံ (၁၉၃) နိုင်ငံအနက် နိုင်ငံပေါင်း (၁၂၃) နိုင်ငံနဲ့ သံတမန်ဆက်သွယ်ထားရှိပြီး ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့နဲ့ ကျူးဘားသမ္မတနိုင်ငံ ဟာဗားနား မြို့တို့မှာ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တာကြောင့် လက်ရှိတွင် မြန်မာသံရုံး (၃၇) ရုံး၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး (၃) ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၆) ရုံး စုစုပေါင်း (၄၆) ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။

မေး။ ။ အာဆီယံနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေမှာ တက်တက် ကြွကြွပါဝင်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံများနဲ့ ဆက်ဆံရေးမြှင့်တင် နိုင်ဖို့အတွက် အာဆီယံ၊ ဘင်းမ်စတက်နဲ့ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ စတဲ့ဒေသဆိုင်ရာ အဖွဲ့အစည်း များမှာလည်း အလေးထားပြီး ပါဝင်ဆောင်ရွက် လျက်ရှိပါတယ်။ စတုတ္ထ (၁) နှစ်တာကာလ အတွင်း အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၊ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ ဆွေးနွေးဖက်ဆက်ဆံရေးနိုင်ငံများနဲ့ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ အပါအဝင် အစည်းအဝေးများသို့ ပါဝင် တက်ရောက် ခဲ့ပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေးများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ ပါတယ်။ ဒါ့အပြင် အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ခဲ့တဲ့အပြင် ဒေသတွင်းရှိ လုပ်ငန်း ရှင်များအား မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ကောင်းများကို ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အာဆီယံ-ကနေဒါ ဆွေးနွေး ဖက် ဆက်ဆံရေးညှိနှိုင်းရေးမှူးနိုင်ငံအဖြစ် လည်း တာဝန်ယူလျက်ရှိပါတယ်။ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်‌စေရေး အတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးရေးမှာ အာဆီယံကလည်း စီမံချက် (၇) ခုဖြင့် ကူညီပံ့ပိုးလျက်ရှိပါတယ်။

အာဆီယံ-ကိုရီးယား ထိပ်သီးအစည်း အဝေးနဲ့ မဲခေါင်-ကိုရီးယား ထိပ်သီးအစည်း အဝေးများသို့ တက်ရောက်ရန် သွားရောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကိုရီးယား သမ္မတနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ကဏ္ဍစုံဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်ရေး အတွက်လည်း အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မှာလည်း ပါဝင်လျက်ရှိပြီး ယခုနှစ် မှာ မြန်မာနိုင်ငံအတွက် စီမံကိန်း (၂၂) ခု အကောင်အထည်ဖော်ဖို့အတွက် ဒေါ်လာ (၆ ဒသမ ၈) သန်းခန့် လက်ခံရရှိခဲ့ပါတယ်။

မေး။ ။ ပြည်ပရောက်မြန်မာနိုင်ငံသားများအကျိုး ကာကွယ်ရေးလုပ်ငန်းတွေ နဲ့ ကောင်စစ် ရေးရာလုပ်ငန်းများနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ မိမိတို့အစိုးရအနေနဲ့ ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရ ဖြစ်လာတဲ့အလျောက် ပြည်သူတွေရဲ့ အကျိုးစီးပွားကာကွယ်မြှင့်တင်ရေး၊ ဝန်ဆောင်မှုပိုမို ကောင်းမွန်စွာပေးရေးကို အလေးထားတဲ့ ပြည်သူကိုဗဟိုပြုတဲ့ သံတမန်ဆက်ဆံရေး နည်းလမ်းကို ကျင့်သုံးလျက်ရှိပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားများသာမက နိုင်ငံသားဟောင်းတွေရဲ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအတွက် အထူး အလေးထားဆောင်ရွက်ပေးကြဖို့နဲ့ အဂတိ လိုက်စားမှုကင်းရှင်းစွာနဲ့ ဆောင်ရွက်ကြဖို့ မြန်မာသံရုံးတွေကို ညွှန်ကြားထားခဲ့ပါတယ်။ ကဏ္ဍပေါင်းစုံမှာ ဖြေလျှော့ဆောင်ရွက်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်ပမှာ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခရောက် လျက်ရှိတဲ့ မြန်မာနိုင်ငံသားများရဲ့ အခက်အခဲ ပြဿနာများကို လူအင်အား၊ ငွေကြေးအရင်း အမြစ်အင်အားနည်းပါးတဲ့ကြားက ပိုမို ထိရောက်စွာ ကူညီပေးနိုင်ခဲ့ပါတယ်။ အလုပ် လုပ်ကိုင်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် သေဆုံး/ထိခိုက် ဒဏ်ရာရရှိသူ မြန်မာ အလုပ်သမားများရဲ့ လျော်ကြေးငွေများ ရရှိအောင်လည်း မြန်မာသံရုံးတွေအနေနဲ့ ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ရတာတွေ ရှိပါတယ်။

နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းမှုတွေ တိုးတက်လာတဲ့အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ရှိ ယာယီဒုက္ခသည်စခန်းများမှ ဆန္ဒအလျောက် ပြန်လာလိုသူ မြန်မာနိုင်ငံသား တွေကို ပြန်လည်စိစစ် လက်ခံရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော် မတီကို ၂၀၁၆ ခုနှစ်ကတည်းက ဖွဲ့စည်းကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ယနေ့အထိ နေရပ်ပြန်လိုသူ ၁၀၄၁ ဦးအား ပြန်လည်စိစစ် လက်ခံနိုင်ခဲ့ပြီး ၎င်းတို့အတွက် လိုအပ်တဲ့ အကူအညီများ ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပါတယ်။

မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး များအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား များအတွက် ကောင်စစ်ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေကို တစ်ဖက် တစ်လမ်းက ရှာဖွေပေးလျက်ရှိပါတယ်။ ပြည်ဝင်ဗီဇာ၊ ဝင်ငွေခွန်၊ နိုင်ငံကူးလက်မှတ် ဆောင်ရွက်ခနဲ့ အခြားဆောင်ရွက်ပေးမှုတို့မှ မိမိတို့အစိုးရ စတုတ္ထ (၁) နှစ်အတွင်း ကျပ်သန်း ပေါင်း ၃၄၃၂၉ (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၆ သန်း) ခန့် ရရှိခဲ့ပါတယ်။

ဒါ့အပြင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် ဗီဇာစည်းမျဉ်း ဖြေလျှော့မှုတွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဂျပန်၊ ကိုရီးယား၊ မကာအို၊ ဟောင်ကောင်တို့က ကမ္ဘာလှည့်ခရီးသည်တွေကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ အပြင် ၊ အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာ လန်၊ ဂျာမနီ၊ ရုရှား၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ သြစတြီးယား၊ လူဇင်ဘတ်နဲ့ နယူးဇီလန် နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာများကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ ဒီလို ဖြေလျှော့မှုတွေကြောင့် ကိုဗစ်-၁၉ ပြဿနာ မပေါ်ချိန်အထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေ ထူးထူးကဲကဲ တိုးတက်လာခဲ့ပါတယ်။

မေး။ ။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပါဝင်ဆောင်ရွက် ကြဖို့ ပြည်ပရှိ မိမိတို့ နိုင်ငံသားတွေကို ဖိတ်ခေါ်ထားတာတွေကို သိပါရစေ။

ဖြေ။ ။ မိမိတို့နိုင်ငံရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက် ရာမှာ ပြည်သူများရဲ့ အင်အားနဲ့ ပါဝင်ပံ့ပိုးမှုဟာ လွန်စွာအရေးကြီးတဲ့အလျောက်၊ မိမိတို့နိုင်ငံ တော်ရဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပြည်ပ ရောက် မြန်မာနိုင်ငံသားများ၊ နိုင်ငံသားဟောင်း များအနေနဲ့ မိမိတို့ တတ်သိကျွမ်းကျင်တဲ့ ပညာ၊ အတွေ့အကြုံတွေနဲ့ တတ်အားသမျှ ပါဝင်ကူညီပံ့ပိုး အကျိုးပြုကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြည်ပခရီးစဉ်များအတွင်း ဖိတ်ခေါ်ခဲ့ ပါတယ်။ နိုင်ငံတော်အတွက် ပါဝင် ကူညီပံ့ပိုး အကျိုးပြုလိုပါက သက်ဆိုင်ရာ မြန်မာသံရုံး/ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သို့ ဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖြစ်စေ ဆက်သွယ်စာရင်းပေးထားကြဖို့ ဖိတ်ခေါ်ထား ပါတယ်။ မိမိတို့ဌာနအနေနဲ့ ဒီကိစ္စကို တိုက်ရိုက်ဆောင်ရွက်ပေးဖို့ ဌာနတစ်ခုကို သီးသန့်တာဝန်ပေးထားပြီး ကူညီပံ့ပိုးလိုတဲ့ နယ်ပယ်နဲ့ ကဏ္ဍရပ်များအပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ နဲ့ ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် စိန်ခေါ်မှုတွေကို နိုင်ငံတကာ မျက်နှာစာမှာ တုံ့ပြန်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို သိပါရစေ။

ဖြေ။ ။ ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့လူမှုအသိုက်အဝန်းများ အကြား ပဋိပက္ခများဟာ ၂၀၁၂ ခုနှစ်က တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအစိုးရ တာဝန်ယူတဲ့ အချိန်ကစပြီး ရခိုင်ပြည်နယ် အရေးကို ရေရှည်တည်တံ့တဲ့ ဖြေရှင်းမှုရရှိရေး အတွက် နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေး လုပ်ငန်းအဖြစ် ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။

အစိုးရတာဝန်ယူပြီး နောက်တစ်လမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သလို နိုင်ငံတကာ လေးစားတဲ့ ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ တာဝန်ပေးခဲ့ပါတယ်။ ဒီလိုအပြုသဘော တိုးတက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကအပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ (၂၅) နှစ်ဆက်တိုက် အီးယူက နှစ်စဉ်တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တင်သွင်းမှုမပြုဘဲ ရပ်ဆိုင်းလိုက် ပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဝါရှင်တန်သို့ သွားရောက် တဲ့ခရီးစဉ်အပြီးမှာ အမေရိကန်ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ် ပိတ်ပင်မှုတွေ အားလုံးကို လုံးဝဖယ်ရှားပေးခဲ့ ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသံတမန် ရေးရာမှာ ထူးခြားတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုတိုးတက်မှုတွေရလာချိန်မှာ ရခိုင်ကိစ္စကို နိုင်ငံတကာက ပြန်လည်အာရုံ စိုက်လာအောင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်မှာ တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာတစ်ကြိမ် ARSA အကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်ရဲစခန်း အများအပြားကို စတင် တိုက်ခိုက်ခဲ့ရာမှ နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ပြန်လည် မြင့်မားလာခဲ့ရခြင်း ဖြစ်ပါတယ်။

ဒီဖိအားတွေ လျော့ပါးစေဖို့ သံတမန် နည်းအရ ကြိုးပမ်းဆောင်ရွက်လျက် ရှိရာမှာ နှစ်နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာ မျက်နှာစာအဆင့်မှာ ပူးပေါင်း ဆောင်ရွက်ခြင်းနည်းလမ်းတွေနဲ့ ဆောင်ရွက် နေပါတယ်။ အထူးကိုယ်စားလှယ်စေလွှတ်တာ တွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံဆွေးနွေးပွဲများမှ တစ်ဆင့်လည်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုများ ပြုလုပ်လျက်ရှိပါတယ်။ မြန်မာ-အီးယူ လူ့ အခွင့်အရေးဆွေးနွေးပွဲကို (၅) ကြိမ်၊ မြန်မာ-ဂျပန် လူ့အခွင့်အရေးဆွေးနွေးပွဲကို (၇) ကြိမ်နဲ့ မြန်မာ-အမေရိကန် လူ့အခွင့်အရေး ဆွေးနွေး ပွဲကို (၂) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဥရောပ သမဂ္ဂနဲ့လည်း ကုန်သွယ်မှုအခွင့်အရေး GSP ရုပ်သိမ်းမှုမပြုရေးအတွက် ဆွေးနွေးပွဲများကို (၄) ကြိမ် ကျင်းပခဲ့ပြီး ရခိုင်ကိစ္စအပါအဝင် လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေးအတွက် မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကဲ့သို့သော ဒေသအဆင့် အစည်းဝေးများ တွင်လည်းကောင်း၊ နိုင်ငံတကာမျက်နှာစာ တွင်လည်းကောင်း၊ သံတမန်များအနေနဲ့ နိုင်ငံတကာဖိအားများကို ရှေ့တန်းကနေ ရပ်တည်ဖြေရှင်းပေးလျက်ရှိပါတယ်။ မြန်မာ နိုင်ငံရဲ့ ပကတိအခြေအနေကို သိရှိနားလည် စေဖို့ အထွေထွေညီလာခံ တတိယကော်မတီ၊ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများသို့ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ပြီး ရှင်းလင်းပြောကြား ခြင်း၊ မြန်မာနိုင်ငံအပေါ် နားလည်မှုရှိပြီး အပြုသဘော ထိတွေ့ဆက်ဆံလိုတဲ့ မိတ်ဆွေ နိုင်ငံများကိုသာမက အမြင်မကြည်လင်တဲ့ နိုင်ငံများကိုပါ ချဉ်းကပ်မှုများကိုလည်း ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုမှာ စိန်ခေါ်မှုများရှိသော်လည်း ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ ရုံးကို နေပြည်တော်မှာ ဖွင့်လှစ်ခွင့်ပေးထားပြီး ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံရဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဘာသာရပ် ဆိုင်ရာ အထူးကိုယ်စားလှယ်အချို့နဲ့ လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ် ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်များကို လက်ခံ စီစဉ်ပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါတယ်။

မိမိတို့ရင်ဆိုင်နေရတဲ့ သိမ်မွေ့ရှုပ်ထွေးတဲ့ အခြေအနေတွေကို ကျယ်ပြန့်စွာ သိရှိနိုင် စေဖို့အတွက် နိုင်ငံတကာမျက်နှာစာမှာ ကြိုးပမ်းဆောင်ရွက်နေသလို၊ အသိုက်အဝန်း များအကြား တင်းမာမှုတ ွေလျော့ပါးစေဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိပါက ပြည်တွင်းဥပဒေနဲ့အညီ အရေးယူဖို့၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး အောင်မြင် ဖို့နဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့တဲ့ အဖြေတစ်ရပ် ပေါ်ထွက်ဖို့အတွက်လည်း သက်ဆိုင်ရာ ဌာနများနဲ့ ပြည်တွင်းမှာလည်း ညှိနှိုင်းကြိုးပမ်းဆောင်ရွက်နေပါတယ်။

မိမိတို့အနေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်လျက် ရှိသလို နေရပ်စွန့်ခွာတွေကို ပြန်လည် လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်နိုင်ငံ သဘော တူညီချက် (၃) ခုနဲ့အညီ နှစ်နိုင်ငံချင်း ဖြေရှင်း ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။ ဒါပေမယ့် တစ်ဖက်နိုင်ငံကတော့ နှစ်နိုင်ငံချင်း သဘောတူညီချက်အတိုင်း ဖြေရှင်းရေးထက် နိုင်ငံတကာက ဖိအားပေးတဲ့ နည်းနဲ့ဖြေရှင်းဖို့ ကြိုးစားနေတဲ့အတွက် ပြဿနာဖြေရှင်းရေးမှာ ရှေ့မတိုးနိုင်တာကို တွေ့ရပါတယ်။ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်အတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီး ပေးနိုင်ဖို့အတွက်လည်း (UNDP)၊ (UNHCR)နဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရာမှာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများမှာ ဒေသတွင်းအဖွဲ့ရဲ့အင်အားကို ရယူအသုံးပြုဖို့ အာဆီယံနဲ့ AHA Centre အားပါဝင်ဆောင်ရွက် ခွင့်ပြုခဲ့ပါတယ်။ ပြည်တွင်းရှိ နေရပ်စွန့်ခွာသူတွေရဲ့ ယာယီစခန်းတွေကို စနစ်တကျပိတ်သိမ်းဖို့ မဟာဗျူဟာကိုလည်း ၂၀၁၉ ခုနှစ် နို၀င်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရေရှည်တည်တံ့တဲ့ အဖြေတစ်ရပ်ပေါ်ထွက်ဖို့ ဆောင်ရွက်ရာမှာ အသိုက်အဝန်းများအကြား သဟဇာတဖြစ်ဖို့က ပဓာနကျတဲ့အလျောက် မောင်တောဒေသမှာ အသိုက်အဝန်းများအကြား ညီညွတ်စေရေး စီမံချက်တစ်ရပ် အကောင်အထည် ဖော်နေပြီဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိပါက လည်း တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့ အတွက် အစဉ်တစိုက် အလေးထားဆောင်ရွက်လျက် ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှ သံအမတ်ကြီး Manalo ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (ICoE) ကို တည်ထောင်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်မှာ ယင်းကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံသို့ အပြီးသတ်အစီရင်ခံစာကို ပေးအပ်ခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေး မှုများနဲ့ တရားစွဲဆိုမှုများ ပြုလုပ်သွားဖို့ ကော်မရှင်ရဲ့ အစီရင်ခံစာ အပြည့်အစုံကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုရှေ့နေချုပ် ရုံးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

မိမိတို့ရဲ့ ဒီလိုဘက်ပေါင်းစုံမှ အားထုတ် ကြိုးပမ်းနေမှုကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်နိုင်ဖို့ နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ကြိုးပမ်းနေမှုများကို ယနေ့ထိ ဟန့်တားထား နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား လူမျိုးသုဉ်းမှု တားဆီးရေး ဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဖိအား ပေးလာခဲ့ခြင်းဖြစ်ပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး သည်ဟိဂ်မြို့ရှိ ICJ ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ကြားနာပွဲပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင် တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စ ပကတိအခြေအနေမှန်များကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ မိမိတို့ ဝန်ကြီးဌာနအနေနဲ့ ICJ က ချမှတ်ထားတဲ့ ယာယီအစီအမံများနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းရေးကိစ္စ၊ တရားစီရင်မှု ရင်ဆိုင်ရေးကိစ္စတို့မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ ပေးလျက်ရှိပါတယ်။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်များနဲ့ နိုင်ငံတကာအဖွဲ့ အစည်းများမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများကို သိပါရစေ။

ဖြေ။ ။ မိမိတို့အစိုးရအနေနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ တက်ကြွစွာ လက်တွဲဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတကာစာချုပ်စာတမ်းတွေမှာ တိုးမြှင့်ပါဝင်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုမှာ ကလေးသူငယ်များရဲ့ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (OPAC-CRC) သို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ အတည်ပြုပါဝင်ခဲ့ ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးရန် ကျန်ရှိသော စာချုပ်များအနက် အရပ်ဘက်နဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights - ICCPR) သို့ လက်မှတ် ရေးထိုး ပါဝင်နိုင်ရေးအတွက်လည်း စာချုပ် အား လေ့လာခြင်း၊ အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံးတွေက မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ နိုင်ငံ များသို့ သံတမန်နည်းအရ စည်းရုံးချဉ်းကပ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်စေရေး အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၃ ခုနှစ်သက်တမ်းအတွက် အာရှပစိဖိတ်အုပ်စုအတွင်း အလုပ်အမှုဆောင် အဖွဲ့ဝင်ရွေးကောက်ပွဲသို့ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာလည်း မဲပေးပိုင်ခွင့်ရှိတဲ့ အဖွဲ့ဝင်(၁၈၀)နိုင်ငံအနက် (၁၄၂) နိုင်ငံရဲ့ ထောက်ခံမှုဖြင့် အလုပ်မှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

မေး။ ။ နယ်နိမိတ်ကိစ္စတွေမှာ ဆောင်ရွက်ပေးနိုင်ခဲ့တာတွေကို သိပါရစေ။

ဖြေ။ ။ နောင်လာမယ့် မျိုးဆက်သစ်များအား ကောင်းမွန်တဲ့ အမွေအနှစ် တွေ ချန်ထားရစ်နိုင်ဖို့အတွက် ယခင်အစိုးရ အဆက်ဆက်က ပြီးပြတ်အောင် မဆောင်ရွက် နိုင်ခဲ့တဲ့ နယ်နိမိတ် တိုင်းတာ သတ်မှတ်ရေးကိစ္စ များကို ယခုကဲ့သို့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေး အကောင်းဆုံးအချိန်မှာ ဦးစားပေး ဆောင်ရွက်ဖို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က လမ်းညွှန်မှုပေးထားခဲ့ပါတယ်။ နှစ်နိုင်ငံ အကြား နယ်နိမိတ် ပီပြင်ရှင်းလင်းအောင် ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုဖြစ်ရပ်တွေကို ကာကွယ်တားဆီးသွားနိုင်မှာ ဖြစ်ပါတယ်။

မိမိတို့အစိုးရလက်ထက်မှာ မြန်မာနဲ့ ထိုင်း နိုင်ငံအကြား မဲဆိုင်-မဲဟောက်ချောင်း ပုံသေ နယ်နိမိတ် တစ်လျှောက်မှာ လူနေထူထပ်လာ မှုကြောင့် ကျူးကျော်ပြဿနာများ ထပ်မံ ဖြစ်ပေါ်ခြင်း မရှိစေရန်နဲ့ နယ်နိမိတ်သွယ်တန်းမှု ရှင်းလင်းထင်ရှားစေရန်အတွက် ၂၀၁၇-၂၀၁၈ ကွင်းဆင်းရာသီနဲ့ ၂၀၁၈-၂၀၁၉ ကွင်းဆင်း ရာသီတို့တွင် နယ်နိမိတ်မှတ်တိုင်များ ပူးတွဲ စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ထပ်တိုး မှတ်တိုင်များ စိုက်ထူခြင်းလုပ်ငန်းတွေကို နှစ်ဖက်နည်းပညာကျွမ်းကျင်သူများ ပူးတွဲ၍ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာ - ထိုင်း နယ်နိမိတ် တိုင်းတာရေးသဘောတူညီချက် တစ်ရပ် ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေး အတွက် နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ အဆင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး နှစ်ဖက် အမြင် ကွာဟမှုများကို လျှော့ချနိုင်ခဲ့ပါတယ်။

မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၄၅ နှင့် ၁၄၆ အကြားမှာ နှစ်နိုင်ငံပူးတွဲ၍ ထပ်တိုးမှတ်တိုင် ၃၈ တိုင်ကိုလည်းကောင်း၊ မှတ်တိုင် ၈၀ နှင့် ၈၂ အကြားတွင် ထပ်တိုး မှတ်တိုင် ၃၆ တိုင်ကိုလည်းကောင်း စိုက်ထူ ပြီးစီးခဲ့ပါတယ်။ မပြီးပြတ်သေးသော ကဘော် ချိုင့် ဝှမ်းနယ်နိမိတ် တိုင် ၉ တိုင် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မြေတိုင်းညွှန်ကြားရေးမှူးများ အစည်းအဝေး ကို အိန္ဒိယနိုင်ငံ မိုရေးမြို့၌ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ယင်း အစည်းအဝေး သဘောတူညီချက်အရ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်များကိုလည်း ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၂၇ ရက်ကစတင်ပြီး နှစ်ဖက်ပူးတွဲ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

မြန်မာ - တရုတ် နယ်နိမိတ်ကတော့ တိုင်းတာသတ်မှတ်ပြီး ဖြစ်ပေမယ့် နယ်နိမိတ် မှတ်တိုင်တွေ ပူးတွဲစစ်ဆေးမှု မပြုလုပ်နိုင်ခဲ့တာ (၂၃) နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ အစိုးရလက်ထက်မှာ မြန်မာ-တရုတ် တတိယအကြိမ် နှစ်နိုင်ငံ ပူးတွဲကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးများကို နှစ်နိုင်ငံ တစ်လှည့်စီ အလှည့်ကျ ကျင်းပပြုလုပ်လျက် ရှိပါတယ်။ တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးရေးအတွက် နယ်နိမိတ်တစ်လျှောက် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားကြဖို့ သဘော တူညီချက်ရရှိခဲ့ပြီး ဖြစ်ပါတယ်။

မေး။ ။ ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်များကိုပြည့်မြောက်အောင် အကောင် အထည်ဖော်ပေးနိုင်တဲ့ သံတမန်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးနေမှုတွေကိုလည်း သိပါရစေ။

ဖြေ။ ။ ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်များကိုရရှိရေးအတွက် သံခင်းတမန်ခင်းအရ ကြိုးပမ်း ဆောင်ရွက်ကြရာမှာ အရည်အသွေးထက်မြက်တဲ့ သံတမန်ကောင်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် သံတမန်ဝန်ထမ်းများ အင်အားတိုးချဲ့ခန့်အပ်ခြင်း၊ သံတမန်များရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ ပြည်တွင်း၊ ပြည်ပ သင်တန်းများ စီစဉ်ပေးခြင်း၊ မြန်မာ သံရုံးများအနေနဲ့ လုပ်ငန်းတာဝန်များ အောင်မြင်စေဖို့ စီမံအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ကို အလေးပေး ဆောင်ရွက် ပေးခဲ့ပါတယ်။ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၃၀) တို့ကို ပြည်ပ သင်တန်းများသို့ ပညာသင်များ စေလွှတ်ပေး နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဌာနတွင်းသင်တန်းများအဖြစ် သံတမန်တာဝန် ထမ်းဆောင်ကြမယ့် ဝန်ထမ်း များအား လုပ်ငန်းပိုင်းဆိုင်ရာ၊ ဘာသာရပ် ဆိုင်ရာ ဗဟုသုတများ ကြွယ်ဝစေရေးနဲ့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ပိုမို မြင့်မားစေရေးအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာ ကျွမ်းကျင်မှုသင်တန်းတွေ စကားပြန်/ဘာသာပြန် သင်တန်းတွေကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီး ဌာနနဲ့ အခြားဌာနများမှ အစိုးရဝန်ထမ်းများ၊ ပြင်ပလုပ်ငန်းရှင်များ၊ ဘွဲ့ရလူငယ်များအတွက် အစိုးရသက်တမ်း စတုတ္ထ (၁) နှစ်တာကာလအတွင်း အခြေခံ သံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းကို (၂) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား စုစုပေါင်း (၄၀၀) ကို သင်ကြားပေးနိုင်ခဲ့ တဲ့အပြင် အဆင့်မြင့် သံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းကိုလည်း (၂) ကြိမ် ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပါတယ်။ သံတမန်ဝန်ထမ်း များရဲ့ ဇနီးသည်တွေအတွက်ကိုလည်း ပြည်ပမြန်မာသံရုံးတွေမှာ လက်တွေ့အသုံးဝင် စေမယ့် ဝတ်စားဆင်ယင်မှု၊ မြန်မာ့အစားအစာ အချက်အပြုတ်၊ ကျွေးမွေးဧည့်ခံရေး လုပ်ငန်း တွေကိုပါ သင်ကြားပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပုံရိပ်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရာမှာ ပြည်ပမှာရှိတဲ့ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ တာဝန် ထမ်းဆောင်လျက်ရှိကြတဲ့ သံတမန်များအနေ နဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်မှန်အခြေအနေများကို ရှင်းလင်းပြောကြားရုံသာမက၊ မြန်မာနိုင်ငံရဲ့ အပြုသဘော တိုးတက်မှုတွေဖြစ်တဲ့ သဘာဝ သယံဇာတ ကြွယ်ဝမှု၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရဲ့ သာသာလှပမှုနဲ့ ပြည်သူတို့ရဲ့ ပျူငှာဖော်ရွေမှုတွေကိုပါ တာဝန်ထမ်းဆောင် ရာဒေသကပြည်သူများ သိရှိအောင် သိမ်မွေ့ စွမ်းအား (Soft Power)ကို အသုံးချပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပါတယ်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်စေခြင်းဟာလည်း မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်များကို ပိုမိုသိရှိ နားလည်လာစေရေးအတွက် အခြေအနေ ကောင်းတစ်ရပ်ဖြစ်ပါတယ်။

မေး။ ။ မြန်မာသံတမန် ဝန်ထမ်းများလုပ်ငန်းတာဝန်များ ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ပံ့ပိုးဆောင်ရွက် ပေးမှုအစီအမံများသိပါရစေ။

ဖြေ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ မြန်မာသံတမန်များ လုပ်ငန်း တာဝန်များကို အာရုံစိုက် ဆောင်ရွက်နိုင်ရေးအတွက် သံရုံးဝန်ထမ်းများနဲ့ မိသားစုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်စရိတ်ထောက်ပံ့ရေး ကိစ္စရပ်များကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး (၄၆) ရုံးအနက် စုစုပေါင်း (၂၄) ရုံးမှ ဝန်ထမ်းများနဲ့ မိသားစုဝင်များ အတွက် ကျန်းမာရေး အာမခံထားခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

သံတမန် သားသမီးများအနေနဲ့ ပြည်ပ ရောက်ခိုက် သင်ယူလေ့လာတဲ့ ပညာရပ် များဖြင့် အမိနိုင်ငံကို ပြန်လည်အကျိုးပြု နိုင်ကြတဲ့ အနာဂတ်မျိုးဆက်သစ်များ ဖြစ်လာစေရန်အတွက် အသက် (၅) နှစ်မှ (၁၈) နှစ်အထိ သံတမန်ဝန်ထမ်း သားသမီး စုစုပေါင်း (၅၇) ဦးအတွက် ကျောင်းလခရဲ့ (၃) ပုံ (၂) ပုံကို ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ်မှစတင်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဒါတွေဟာ သံတမန်တွေ လုပ်ငန်းချောမွေ့စေရေးအတွက် နိုင်ငံတော်က ပံ့ပိုးပေးရာမှာ ထူးခြားတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာသံရုံး၊ အဖွဲ့ရုံးနဲ့ ကောင်စစ် ဝန်ချုပ်ရုံးများ သံတမန် ဂုဏ်သိက္ခာအဆင့်နဲ့ အညီ တင့်တယ်မှုရှိစေရေးအတွက် သက်တမ်း ကြာမြင့်နေတဲ့ သံရုံးအဆောက်အဦများကို ပြန်လည်မွမ်းမံ ထိန်းသိမ်းခြင်း၊ အသစ်ဆောက်လုပ်ခြင်းတွေ ဦးစားပေးဆောင်ရွက် နေပါတယ်။ တောင်အာဖရိကနိုင်ငံ ပရီတိုးရီး ယားမြို့မှာရှိတဲ့ နိုင်ငံပိုင်မြေကွက်ပေါ်မှာ သံရုံး အဆောက်အဦနှင့် သံရုံးအကြီးအကဲနေအိမ်နဲ့ ဝန်ထမ်းအိမ်ရာအသစ်တို့ကို ဆောက်လုပ် နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ နယူးဒေလီမြို့ မြန်မာ သံရုံး မြန်မာဂေဟာ၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မြန်မာသံရုံးဝင်းရှိ အဆောက်အဦဟောင်းနဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့ မြန်မာသံရုံး အဆောက်အဦတို့ကို အကြီးစားပြုပြင်မွမ်းမံ တည်ဆောက်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

မေး။ ။ နိဂုံးချုပ်အနေနဲ့ ဖြည့်စွက်ပြောကြားလိုတဲ့ အချက်များရှိပါက သိရှိပါရစေ။

ဖြေ။ ။ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း မိမိတို့ဝန်ကြီးဌာနအနေနဲ့ နိုင်ငံရဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင် စေရေးအတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဘက်ကနေ ပံ့ပိုးဆောင်ရွက်ပေး နေရတာ ဖြစ်ပါတယ်။ သံတမန်လုပ်ငန်း တိုးတက်အောင်မြင်မှုကို လက်ဆုပ် လက်ကိုင် မပြနိုင်သော်လည်း နိုင်ငံတကာဆက်ဆံရေး တိုးတက်မှုကြောင့် နှစ်နိုင်ငံချင်းဖြစ်စေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကဖြစ်စေ ရရှိတဲ့ ကူညီပံ့ပိုးမှုတွေ၊ အကျိုးအမြတ်တွေကို တခြားသက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေမှာ အကျိုးခံစားရတာ ဖြစ်ပါတယ်။ ယနေ့အထိ မိမိတို့အစိုးရရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ကူးပြောင်းရေးနဲ့ ပြည်သူတွေအားလုံး လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု၊ ကူညီပံ့ပိုးမှုတွေကို ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ ရှေ့တန်းမျက်နှာစာတွေမှာ သံတမန်နည်းအရ ရင်ဆိုင်ဖြေရှင်းမှုတွေ အောင်မြင်မှု ရရှိဖို့အတွက် ပြည်တွင်းမှာ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုရှိရေးဟာ လည်း အဓိကကျပါတယ်။ ပြည်တွင်းမှာ ဖြစ်ပေါ်တိုးတက်မှုတွေမရှိဘဲ သံတမန်တွေ အနေနဲ့ ထိထိ ရောက်ရောက် ရှင်းလင်းတုံ့ပြန် ဖြေရှင်းနိုင်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ ယခု နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး ကြိုးပမ်းမှုမှာ အဟန့်အတား ဖြစ်နေတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် တုံ့ပြန်ရာမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးသိမ်မွေ့တဲ့ အခြေအနေအမှန်တွေကို နိုင်ငံတကာကသိရှိလာအောင် နိုင်ငံတကာ မျက်နှာစာမှာ ကြိုးပမ်းဆောင်ရွက်နေသလို မတူကွဲပြားတဲ့ အသိုက်အဝန်းများအကြား တင်းမာမှုတွေ လျော့ပါးစေဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိပါက ပြည်တွင်းဥပဒေနဲ့အညီ အရေးယူဖို့၊ နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အောင်မြင်ဖို့နဲ့ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေရှည်တည်တံ့တဲ့ အဖြေတစ်ရပ် ပေါ်ထွက်ဖို့အတွက် ပြည်တွင်း မှာလည်း ပူးပေါင်းလက်တွဲဆောင်ရွက်သွား ကြမှာ ဖြစ်ပါတယ်။

အသွင်ကူးပြောင်းစ နိုင်ငံတိုင်းသည် အခက်အခဲများနှင့် ကြုံတွေ့ရစမြဲဖြစ်တာမို့ မည်သည့် ပြဿနာကိုမဆို ပြည်သူများအားလုံး ရဲ့ ညီညွတ်မှုစွမ်းအားဖြင့် ရင်ဆိုင်ဖြေရှင်း မယ်ဆိုရင် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါ တယ်။ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းမှု၏ အောင်မြင်ရေးသည်လည်း သံတမန်တွေ အပေါ်မှာသာမက မြေပြင်အခြေအနေ တိုးတက်လာစေဖို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုရဲ့ ပါဝင်ကူညီ ပံ့ပိုးမှုသည်လည်း အခရာကျပါတယ်ဆိုတဲ့ အကြောင်းကို နိဂုံးချုပ်အနေနဲ့ ပြောကြားလိုပါတယ်။ ။