နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၄၅)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က

(၄၅) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့

ပေးပို့သည့်သဝဏ်လွှာ

၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက် ချစ်ခင်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား- ယနေ့ မတ်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၄၅) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားသည့် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော မွန်ပြည်နယ်နေ့ အခါသမယတွင် မွန်ပြည်နယ်အတွင်း နေထိုင်ကြသည့် မွန်တိုင်းရင်းသားများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(မူကြမ်း)တွင် “မွန်ပြည်နယ်” အဖြစ် စတင်ကမ္ဗည်းတင် ရေးသားခဲ့သည့် ၁၉၇၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနား နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ ယနေ့ဆိုလျှင်(၄၅) နှစ်တိုင်တိုင်ရောက်ရှိပြီ ဖြစ်ပါသည်။ မွန်ပြည်နယ်သည် မွန်နှင့် ဗမာလူမျိုး အများဆုံးနေထိုင်ကြပြီး ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း စသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါ အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ နေရာဒေသ အသီးသီးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နှစ်ပေါင်းရာနှင့်ချီ၍ ချစ်ကြည်ရင်းနှီးစွာ အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြပြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး စည်းစည်းလုံးလုံးဖြင့် အတူလက်တွဲ ကြိုးပမ်းခဲ့ကြပါသည်။

သို့သော်လည်း လွတ်လပ်ရေးရပြီးချိန်မှစ၍ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းကြား နိုင်ငံရေးအယူဝါဒ မတူညီမှုများ နှင့် သံသယများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်း မပြုနိုင်ဘဲ လက်နက်ဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့ကြသည့်အတွက် ပြည်တွင်း ငြိမ်းချမ်းရေး အလှမ်းဝေးနေခဲ့ကာ လက်နက်ကိုင်ပဋိပက္ခ၏ ခါးသီးသော အတွေ့အကြုံများကို တစ်နိုင်ငံလုံး နှစ်ပေါင်းများစွာ ခံစားခဲ့ကြရပါသည်။ ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့သော တိုင်းရင်းသားများအကြား လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရန် အစိုးရအဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း အရင်းခံပြဿနာဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းမရှိခဲ့သည့်အတွက် ယနေ့ထိတိုင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှု မရှိသေးခြင်း ဖြစ်ပါသည်။

မိမိတို့အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများ နှစ်ပေါင်းကြာရှည် မျှော်လင့်တောင့်တခဲ့ရသော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် လက်နက်ကိုင်ပဋိပက္ခ၏ အရင်းခံအကြောင်းတရားဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး လက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တတိယအကြိမ်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖက်ဒရယ်အခြေခံမူအချို့ကို သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်ပါသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးကာ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ပါဝင်လာသည့်အတွက်လည်း များစွာဝမ်းမြောက်ရပါသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးအနေဖြင့် ရရှိပြီးသော သဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းကာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးဖြစ်ပေါ်စေရေးအတွက် တက်တက်ကြွကြွ ဆက်လက် ပါဝင်ကြမည်ဟုလည်း ယုံကြည်ပါသည်။

ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် အစဉ်အလာများ ခံ့ညားထည်ဝါလှသည့် မွန်ပြည်နယ်သည် တည်နေရာနှင့် ပထဝီမြေ အနေအထားအရ ငြိမ်းချမ်းရေးရရှိခြင်းအားဖြင့် ဆယ်စုနှစ်အနည်းငယ်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်ရန် အလားအလာများကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်နေရပြီဖြစ်ပါသည်။ အနာဂတ် မျိုးဆက်သစ်များအတွက် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်နိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် မွန်ပြည်နယ်သူ၊ ပြည်နယ်သားများကလည်း ပြည်ထောင်စုသားအားလုံးနှင့် လက်တွဲပူးပေါင်း၍ အားထုတ်ကြိုးပမ်းကြမည်ဟု အခိုင်အမာယုံကြည်ပါသည်။

နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ရသော်လည်း မပြည့်ဝသေးသည့် ပြည်ထောင်စုအိပ်မက်ကို လက်တွေ့ကျကျ ဖန်တီးပုံဖော်တည်ဆောက်နိုင်မည့် အခွင့်အလမ်းသည် ယနေ့အချိန်အခါတွင် ပြည်ထောင်စုသားအားလုံး၏ လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေပါသည်။ ဤပြည်ထောင်စုအိပ်မက်သည် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်ထောင်စု ခေါင်းဆောင်ကြီးများ၏ အနာဂတ်မျိုးဆက်သစ် လူငယ်များ အတွက် အိပ်မက်လည်းဖြစ်ပါသည်။ မွန်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလမ်းတွင် အမြော်အမြင်ရှိရှိ၊ သတ္တိရှိရှိ ဆက်လက်၍ လက်တွဲလျှောက်လှမ်းသွား ကြရန်နှင့် မွန်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို အမိအရ ရယူဆုပ်ကိုင်လျက် လာမည့် (၁၀) နှစ် အတွင်း ခေတ်မီဖွံ့ ဖြိုးတိုးတက်ပြီး လူမှုသဟဇာတ ညီညွတ်မျှတသည့် ပြည်နယ်ကြီးဖြစ်စေရန် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ