နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးပြီ

ရန်ကုန်၊ ၁ ဒီဇင်ဘာ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်နေရာ  ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားရုံ ရှားပါးသည့်အပြင် ရန်ကုန်မြို့တွင် ဖူဆယ်အားကစားနည်းအတွက် အားကစားရုံ မရှိသောကြောင့် ပြည်တွင်းပြိုင်ပွဲများ တိုးမြှင့်ကျင်းပနိုင်ရန်၊ နိုင်ငံတကာဖူဆယ်ပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန်နှင့် ဖူဆယ်အားကစားလောက ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး ပရိသတ် ၂၀၀၀ ဆံ ဖူဆယ်အားကစားရုံအား အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ယင်းအားကစားရုံကို ပြီးခဲ့သည့်နှစ်က စတင်တည်ဆောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လုပ်ငန်းကြန့်ကြာမှုများ ရှိခဲ့သော်လည်း ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ကျန်ရှိသည့် လုပ်ငန်းများကို ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။ 

ယင်းအားကစားရုံကို တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီက ၂၀၂၁ ခုနှစ် မတ်လမကုန်မီ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ယင်းဖူဆယ်ရုံ ပြီးစီးသွားပါက ပြည်တွင်းဖူဆယ်ပြိုင်ပွဲများ တိုးမြှင့်ကျင်းပသွားမည့်အပြင် နိုင်ငံတကာပြိုင်ပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်က ပြည်တွင်းဖူဆယ်ပြိုင်ပွဲများ ကျင်းပပါက အမျိုးသား အားကစားပြိုင်ပွဲရုံ - ၁ သုဝဏ္ဏနှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ - ၂ လှိုင်တို့ကို အသုံးပြုခဲ့ရသည်။ ယခုတည်ဆောက်နေသည့် ဖူဆယ်အားကစားရုံမှာ မတ်လကုန် နောက်ဆုံးပြီးစီးမည်ဖြစ်သောကြောင့် လာမည့်နှစ်တွင် ဖူဆယ်လိဂ်အပါအဝင် အခြားပြိုင်ပွဲများ ကျင်းပပါက ယင်းအားကစားရုံသစ်တွင် ကျင်းပနိုင်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF