နိုင်ငံတကာဆီ ရောက်ရှိသင့်တဲ့ ရမ်ဒီဆီဗာ

၆  ဇူလိုင်

အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Gilead ဟာ ကိုဗစ်- ၁၉ ကုသဆေး ရမ်ဒီဆီဗာကို လာမယ့်သုံးလအတွင်း ထုတ်လုပ်ဖို့ စီမံထားပြီး အမေရိကန်က အဲဒီဆေးတွေအားလုံးနီးပါးကိုဝယ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အမေရိကန်ရှိ ဆေးရုံတွေမှာ အသုံးပြုဖို့အတွက် ရမ်ဒီဆီဗာသောက်ဆေး ၅၀၀၀၀၀ လောက်အထိ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုတဲ့အကြောင်း အမေရိကန် ကျန်းမာရေးဝန်ကြီးဌာနက ယခုရက်ပိုင်းအတွင်းမှာ ကြေညာခဲ့ပါတယ်။

အချိန်တိုနဲ့ပြန်ကောင်းစေတဲ့ဆေး

လေ့လာစမ်းသပ်ချက်တွေအရဆိုရင် ရမ်ဒီဆီဗာဆေးဟာ ကိုဗစ်- ၁၉ ကူးစက်ခံရတဲ့လူနာတွေ အချိန် တိုတိုနဲ့ ပြန်သက်သာလာစေနိုင်အောင် စွမ်းတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ရောဂါကူးစက်ရတဲ့ လူနာတွေကို အသက်ကယ်နိုင်တဲ့နှုန်း ဘယ်လောက် ရှိလဲဆိုတာကိုတော့ အတိအလင်းပြောနိုင်ခြင်း မရှိသေးပါဘူး။

Gilead ကုမ္ပဏီအနေနဲ့ ရမ်ဒီဆီဗာဆေးကို အမေရိကန်ပြင်ပမှာ ထုတ်လုပ်နိုင်ခွင့်အတွက် ခွင့်ပြုချက် လိုင်စင်ရရှိထားပြီ ဖြစ်ပေမယ့် လုပ်ငန်းဆောင်ရွက်မှုဟာ အစပိုင်းအခြေအနေမှာပဲ ရှိပါသေးတယ်။ ကိုဗစ်- ၁၉ ရောဂါကို ကုသဖို့အတွက် ပထမဆုံး ခွင့်ပြုချက်ရရှိလိုက်တဲ့ ရမ်ဒီဆီဗာဆေးကို အမေရိကန် နိုင်ငံသားတွေ သေချာပေါက်ရရှိနိုင်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အံ့မခန်း သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့တယ်လို့ ကျန်းမာရေးနဲ့လူထုဝန်ဆောင်မှုဌာန အတွင်းရေးမှူး အလက်အာဇာက ထုတ်ပြန်ချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေဆီ ဖြန့်ဖြူးမည်

အမေရိကန်မှာ ရမ်ဆီဒီဗာနဲ့ တစ်ကြိမ်ကုသမှုဟာ အမေရိကန်ဒေါ်လာ၂၃၄ဝ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင့်ပြုချက်အရ ရမ်ဒီဆီဗာဆေးကို အမေရိကန်ပြင်ပမှာ ထုတ်လုပ်ပြီး ဆင်းရဲတဲ့ နိုင်ငံပေါင်း ၁၂၇ နိုင်ငံတွေမှာ ပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ ဖြန့်ဖြူးဖို့ ကုမ္ပဏီကိုးခုအထိ ဆေးဝါးထုတ်လုပ်ခွင့် ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆေးဝါးထုတ်လုပ်မှု စီမံကိန်းဟာ ကနဦးအဆင့်တွေမှာပဲ ရှိပါသေးတယ်။

လက်တွေ့စမ်းသပ်ကုသမှုတွေမှာ သုံးဖို့အတွက် ဆေးဝါး အရေအတွက်ကို ထပ်မံထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဝေဖန်သူတချို့က အမေရိကန်ဟာ Gilead ကုမ္ပဏီဆီကနေ ရောင်းချမယ့် ဆေးတွေ အားလုံးနီးပါးကို တစ်ကိုယ်တည်းသိမ်းကျုံးပြီး ဝယ်ဖို့လုပ်နေတာဟာ ကိုဗစ်- ၁၉ အရေးကိစ္စမှာ နိုင်ငံတကာရဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေတယ်။ ရမ်ဒီဆီဗာဆေးကို စမ်းသပ်လေ့လာနေကြတဲ့ အထဲမှာ တခြားနိုင်ငံတွေလည်း ပူးပေါင်းပါဝင်လှုပ်ရှား နေကြတာပဲလို့ ဆိုကြပါတယ်။

နိုင်ငံတကာရဲ့ ကြိုးပမ်းမှုသာဖြစ်

လက်တွေ့စမ်းသပ်လေ့လာမှုတွေ ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပြီး ရလဒ်ထွက်ပေါ်လာတယ်ဆိုတာ အမေရိကန်နိုင်ငံ တစ်ခုတည်းရဲ့ ကြိုးပမ်းမှုမှမဟုတ်ဘူး။ လက်တွေ့စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြတဲ့သူတွေထဲ တခြား ဥရောပနိုင်ငံတွေက လူနာတွေ၊ ဗြိတိန်က လူတွေပါသလို မက္ကဆီကိုနဲ့ တခြားနိုင်ငံတကာက လူတွေပါတယ်လို့ အောက်စဖို့ဒ် တက္ကသိုလ်က ပါမောက္ခ ပီတာဟော်ဘီက ပြောကြားခဲ့ပါတယ်။

အမေရိကန်က ဒီလိုလုပ်လိုက်တဲ့အတွက် အနာဂတ် မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ဖို့ အလားအလာနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ရှိလာတယ်။ ဒီလိုဆေးဝါးမျိုးကို ထုတ်လုပ်ဖို့ ပိုမို တင်းကျပ်ခိုင်မာတဲ့ မူဘောင်တစ်ခုချမှတ်ဖို့ လိုအပ်လာတဲ့ အပြင် ဒီဆေးတွေကိုလည်း နိုင်ငံတော် အရေးပေါ်အခြေ အနေအတွက်သာ အသုံးပြုဖို့ ဖြစ်လာနေပြီလို့ ၎င်းက ဝေဖန်သုံးသပ်ပါတယ်။

နိုင်ငံတကာသဘောတူညီချက်တွေကို ထိခိုက်လာနိုင်

ဆေးဝါးတွေကို အကုန်လုံးနီးပါး ဝယ်ယူဖို့ကြိုးပမ်းနေတဲ့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်အပေါ် Sussex တက္ကသိုလ်က နည်းပြ အိုဟစ်ယာကွက်ဘ်က ဒါဟာတခြား နိုင်ငံတွေနဲ့ အတူပူးပေါင်းမျှဝေလိုစိတ် မရှိဘူးဆိုတာကို အတိအလင်း ဖော်ပြနေတာပဲ။ ဒီကိစ္စကြောင့် ဉာဏဆိုင်ရာ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ သဘောတူညီချက်တွေ အပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်တယ်လို့ ၎င်းက မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးတော့လည်း ရမ်ဒီဆီဗာဆေးကို ထုတ်လုပ်နိုင်ဖို့ အခွန်ထမ်းပြည်သူတွေရဲ့ငွေကြေးအားဖြင့် အထောက်အကူ ပြုနေတယ်လို့ဆိုကြပါတယ်။ အမေရိကန် ပြည်သူတချို့ကတော့ ဆေးအတွက်ပေးရတဲ့ ဈေးနှုန်းအပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ ထုတ်လုပ်မယ့် ရမ်ဒီဆီဗာဆေး အားလုံးနီးပါးကို အမေရိကန်က ဝယ်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်ပူပန်နေပေမယ့် တစ်ဖက်က စဉ်းစားကြည့်လိုက်ပြန်တော့လည်း Gilead ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဟာ အမေရိကန်ကုမ္ပဏီ တစ်ခုဖြစ်နေတဲ့အပြင် အမေရိကန်ဆိုတာကလည်း ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှုအရေအတွက် စံချိန်တင် အမြင့်မားဆုံး နိုင်ငံတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

ဥပဒေအရ တားမြစ်ပိတ်ပင်ခွင့်ရှိ

အမေရိကန်ရဲ့ ဥပဒေအရဆိုရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ကျရောက်နေချိန် လူနာတွေကို ကုသဖို့က အဓိကလို့သတ်မှတ်ထားတဲ့ ဆေးဝါးတွေကို တင်ပို့ရောင်းချခြင်းကို တားမြစ်ပိတ်ပင် ခွင့်ရှိတာ အမှန်ပါပဲ။ ဗြိတိန် အပါအဝင် တခြားသောနိုင်ငံတွေမှာလည်း အလားတူ တရားဝင် သတ်မှတ်ချက်တွေ ရှိပါတယ်။

Gilead ကုမ္ပဏီဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့ ရမ်ဒီဆီဗာဆေး ထုတ်လုပ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆေးဝါးစက်ရုံ အမြောက်အမြားနဲ့ စေတနာအလျောက် ဆေးဝါးထုတ်လုပ်ခွင့် သဘောတူညီမှုတွေ လုပ်ဆောင်ထားတယ် လို့ သိရပါတယ်။

များများဝယ်ယူမည်

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ကပြုလုပ်ခဲ့တဲ့ သဘောတူညီမှုအရ နောက်ထပ်သုံးလအကြာမှာ နိုင်ငံအများအပြားက ကိုဗစ်- ၁၉ ကူးစက်ခံထားရတဲ့ လူနာတွေ ဆေးဝါးမလုံလောက်မှုဖြစ်တော့မယ်လို့ ဝေဖန်သူက ဆိုကြပါတယ်။ ဗြိတိန်မှာကတော့ ဆေးလိုအပ်နေတဲ့ လူနာတွေအတွက် လတ်တလောမှာ ဆေးဝါး လုံလုံလောက်လောက် ရှိနေသေးတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ရမ်ဒီဆီဗာဆေးကို ကိုဗစ်-၁၉ တိုက်ဖျက်ရာမှာသုံးဖို့ အတည်ပြုလိုက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာဆိုရင်လည်း ဒီဆေးကိုယခု ရက်သတ္တပတ်အတွင်းမှာပဲ ခွင့်ပြုပေးတော့ မယ်လို့ခန့်မှန်းရပါတယ်။ ဂျာမနီနိုင်ငံမှာတော့ရမ်ဒီဆီဗာ ဆေးဝါးအလုံအလောက် ရှိတယ်လို့ ဆိုထားပြီး အနာဂတ်မှာ Gilead ကုမ္ပဏီကနေ ဒီထက်များများ ဝယ်ယူသွားဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား-အေအက်ဖ်ပီ၊ ဘီဘီစီ