နှမ်းသီးနှံ၌ အက်ဆစ်ဓာတ်များလျင် တရုတ်ဝယ်လက်က ဝယ်ယူခြင်းမရှိ

မကွေး၊  ၁၅  ဇန်နဝါရီ

 

မကွေးဒေသထွက် ဆီထွက်သီးနှံများကို မန္တလေးဈေးကွက်သို့ တင်ပို့သည့်အခါ တရုတ်ဝယ်လက်များက Acid Value တိုင်းတာသည့် ကိရိယာဖြင့် စစ်ဆေးကြပြီး နှမ်းတွင် အက်စစ်ဓာတ်များပါက ဝယ်ယူခြင်းမရှိဘဲ ငြင်းပယ်ကြကြောင်း မကွေးကုန်စည်ဒိုင် တာဝန်ရှိသူထံက သိရသည်။

 

“တရုတ်ဝယ်လက်ဘက်က နှမ်းတွေမှာ အက်ဆစ်ဓာတ်များရင် မဝယ်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။ ပစ္စည်းအရည်အသွေးကောင်းမှ ဈေးကောင်းရမှာဆိုတော့ တောင်သူတွေအနေနဲ့ လာမယ့်နှစ်ကစပြီး ပိုးသတ်ဆေး လျော့သုံးတာ၊ အက်ဆစ်ဓါတ်နည်းဖို့ လုပ်ဆောင်တာတွေ လုပ်ဖို့လိုလာပါပြီ ” ဟု မကွေးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ထွန်း က ပြောသည်။

 

တရုတ်နှစ်သစ်ကူး အကြိုကာလအတွင်းမှစ၍ အရောင်းအဝယ်ပါးကာ ဈေးကွက်အနေဖြင့် စမုံနက်နှမ်းတစ်တင်းလျင် သုံးထောင်ကျပ်မှ ငါးထောင်ကျပ်ထိ ဈေးကျဆင်းနေချိန်ဖြစ်ပြီး နှမ်းအရည်အသွေးကြောင့် ငြင်းပယ်မှုများလည်း ကြုံနေ ရခြင်း ဖြစ်သည်။

 

“ဒီလိုဖြစ်ရတဲ့ အဓိကပြဿနာက စိုက်ပျိုးတာနဲ့ သိပ်မဆိုင်ဘူး။ နှမ်းရိတ်သိမ်းပြီးချိန်မှာ ရက်အကြာကြီး ပုံကြတာကြောင့်ပဲ။ ရက်အကြာကြီးပုံလေ အပူဓါတ်ကြောင့် FFA လို့ခေါ်တဲ့ ဖက်တီး အက်ဆစ်တွေများလာလေပဲ။ ဒီအက်ဆစ်က လူတွေကို ဝစေတယ်။ အဆိပ်အတောက် ဖြစ်စေတာပေါ့။ ဂျပန်ကဆို တိုင်းတဲ့ကိရိယာမှာ 2 AV (Acid Value) ကျော်ရင် မဝယ်ဘူး။ တရုတ်ကလည်း သူ့စံနှုန်း ရှိမှာပေါ့ ” ဟု မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းက ရှင်းပြသည်။

 

mdn

 

တောင်သူများသည် နှမ်းနှုတ်ချိန်ကာလများ၌ အရွက်များ မြန်မြန်ခြောက်၍ အသီးများခါ၍ရစေရန် နေပူပူတွင် မြေပေါ် (သို့) မိုးကာများခင်းပြီး ရက်အတန်ကြာ စုပုံလေ့ရှိကြောင်း ၊ ၂ ရက်ထက်ပို၍ စုပုံခြင်းမပြုသင့်ဘဲ နှမ်း၌အက်ဆစ်ဓါတ် မများစေရန် နှုတ်ပြီးပြီးချင်း ထောင်၍ထားခြင်း၊ တန်းများဖြင့် ချိတ်ဆွဲထားခြင်းများ ပြုလုပ်သင့်ကြောင်း မကွေးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန က သိရသည်။                

 

နှမ်းပုံချိန်တွင် အတောင့်ကိုစုပ်သည့် ပိုးတစ်မျိုး ကျတတ်သည့်အတွက် အချို့တောင်သူများက ပိုးသတ်ဆေးဖြန်း တတ်ကြကြောင်း ၊ ထိုအမူအကျင့်ကိုရှောင်ကာ နှမ်းစိုက်ခင်းများ၌ ပိုးသတ်ဆေးဖြန်းခြင်းကိုလည်း လျှော့ချသင့်ကြောင်း မကွေး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းက အကြံပြုသည်။

 

လတ်တလောတွင် ဈေးကွက်အတွင်း၌ စမုံနက်နှမ်း တစ်တင်း ၅၃၀၀၀ ကျပ်ဝန်းကျင်၊ နှမ်းအဖြူတစ်တင်း ၃၈၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး မကွေးမြို့နယ်၌ မိုးနှမ်းသီးနှံစိုက်ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုး ရေးဦးစီးဌာန က သိရသည်။

 

ဇေယျတု(မကွေး)