ညောင်ဦးမြို့နယ် ပြောင်းဖူးစိုက်ပျိုးတောင်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဈေးအကောင်းဆုံး ဖြင့် ရောင်းချနေရ

ညောင်ဦး၊  ၂၂   ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာအုပ်စု၊လက်ပံခြေ ပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများရှိ တောင်သူများသည် ပြောင်းဖူး တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချခြင်းဖြင့် ဝင်ငွေကောင်းနေကြကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးဝင်းတင့်ထံက သိရသည်။

 

အဆိုပါကျေးရွာအုပ်စုများရှိ ကျေးလက်တောင်သူများသည် တစ်နှစ်ပတ်လုံးပြောင်းဖူး များသာ စိုက်ပျိုးကြကာ တစ်နှစ်လျှင်လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း သိရသည်။စိုက်ပျိုးရာတွင် မြစ်ရေတင်စနစ် နှင့် မြေအောက်ရေတွင်းတူးကာ ရေစုပ်စက်ဖြင့်တင်၍ ရေးသွင်း စိုက်ပျိုးကြသည့် တောင်သူများလည်းရှိကြောင်း၊ သကြားပြောင်းဖူးနှင့်အစီး(စေး)ပြောင်းဖူးနှစ်မျိုးသာ အများဆုံး စိုက်ပျိုးကြပြီး ကြက်တမော့ပြောင်းဖူးလည်း စိုက်ပျိုးကြကြောင်း သိရသည်။

 

ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင် ပုံထားကာ လမ်းသွား၊လမ်း လာကားများမှ ဆင်းဝယ်၍ ရောင်းချရသလို၊ မြင်းခြံ ၊ညောင်ဦး၊ပခုက္ကူ၊ ပုဂံ၊ကျောက်ပန်း တောင်းပွဲစားများမှ လာရောက်ဝယ်ယူကြသလို၊ ပလင်းကမ်းသာယာ ဆင်စခန်းမှလည်းဆင်စာ အတွက် အမြဲဝယ်ယူနေကြောင်း၊ ရန်ကုန်၊ မန္တလေးပြောင်းဖူးပွဲစားများလာရောက်ဝယ်ယူရာတွင် ကားဖြင့်တစ်ခါလာရောက် ဝယ်ယူလျှင် ပြောင်းဖူးတစ်သောင်းမှ သုံးသောင်းထိအဖူးရေဖြင့် ရောင်းချရကာ ယခုနှစ်တွင် ပြောင်းဖူးဈေးကောင်းနေကြောင်း၊ အခါတိုင်းနှစ်များက ပြောင်းဖူး ဆယ်ဖူးဈေး ငွေကျပ် ၁၂၀ဝ ရှိရာမှ ယခုအခါ ဆယ်ဖူးဈေး ငွေကျပ် ၂၀ဝ၀ ဖြင့် ရောင်းချနေရကြောင်း ပြောင်းဖူးအားကိုယ်တိုင်စိုက်ပျိုးသလို ပြောင်းဖူးပွဲစားပါလုပ်နေသည့် ဦးဝင်းတင်က ရှင်းပြသည်။

 

မိုးရာသီတွင် ပြောင်းဖူးစိုက်လျှင် ရက်(၉၀)ဖြင့်ပြောင်းဖူးရရှိကာ ၊နွေရာသီစိုက်ပျိုးချိန် တွင်(၇၅)ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်း သိရသည်။ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများ၊ သူကောင်းတည်အုပ်စုရှိ ကျေးရွာများ ၊သစ်ထောင့်ကျွန်းအုပ်စုရှိပြောင်းဖူးစိုက် တောင်သူများသည် ပြောင်းဖူးဈေးကွက် တစ်နှစ်ပတ်လုံးကောင်းမွန်ခြင်းကြောင့် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုး ကြခြင်းဖြင့် ပြောင်းဖူးစိုက်တောင်သူများ စီးပွားရေးအဆင်ပြေကာ ကိုဗစ်-၁၉ ရောဂါကာလ ပြောင်းဖူးဈေးနှုန်း အကောင်းဆုံးဖြင့်ရောင်းချနေရကြောင်းလည်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း