ညောင်ဦးမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော မိုးမြေပဲစိုက်ခင်းနှင့် ပဲတီစိမ်းစိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ညောင်ဦး ၂၇ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျောက်ကန်ကျေးရွာနှင့် ကျောက်ပြင်ကန်ကျေးရွာတွင် ဒေသခံတောင်သူများ မိုးဦးမိုးဖြင့် စိုက်ပျိုးထားရှိသော (ညောင်ဦး G - 99) မိုးမြေပဲစိုက်ခင်းနှင့် (ဘုံခုနစ်ဆင့်) ပဲတီစိမ်း စိုက်ပျိုးထားရှိမှုအား အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိနှင့် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီခွဲက ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုနှစ်တွင် တောင်သူပညာပေးအနေဖြင့် ညောင်ဦးမြို့နယ် ကျောက်ပြင်ကန်ကျေးရွာ တောင်သူ ဦးတင်အောင်၏ စိုက်ပျိုးမြေ (သုည ဒသမ ၅၀)ဧကတွင် သစ်စိမ်းမြေဩဇာ ကနဦး စိုက်ပျိုး၍ ထယ်ရေညက်အောင် ထွန်ယက်ပြီး (ညောင်ဦး G - 99) မြေပဲမျိုးအား စမ်းသပ်စိုက်ပျိုးထားရှိကြောင်း သိရကာ အဆိုပါ စမ်းသပ်စိုက်ပျိုးသော (ညောင်ဦး G - 99) မိုးမြေပဲသီးနှံ အောင်မြင်ဖြစ်ထွန်းမှုရှိပါက မြို့နယ်အတွင်းရှိ အခြားတောင်သူများအား (ညောင်ဦး G - 99) မြေပဲမျိုးသန့်များကို လက်ဆင့်ကမ်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးထားရှိသော (ညောင်ဦး G - 99) မြေပဲမျိုး စမ်းသပ်စိုက်ခင်းအား အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ နှင့် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ တို့ကို ယမန်နေ့က ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သီးနှံအထွက်နှုန်း တိုးပွားရေး လုပ်ဆောင်ရမည့် အချက်များနှင့် ပိုးမွှားရောဂါ မကျရောက်စေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား ဒေသခံတောင်သူများကို တွေ့ဆုံ၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ညောင်ဦးမြို့နယ် ကျောက်ကန်ကျေးရွာ တောင်သူ ဦးယုတင်၏ စိုက်ပျိုးမြေတွင် (ဘုံခုနှစ်ဆင့်) ပဲတီစိမ်းမျိုး (၁)ဧက စိုက်ပျိုးထားရှိမှုအား သွားရောက်ကွင်းဆင်း စစ်ဆေးပြီး ရာသီအလိုက် ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ပတ်သက်ပြီး ကာကွယ်ရမည့် နည်းစနစ်များနှင့် သီးနှံအောင်မြင်ဖြစ်ထွန်းစေရန် အချိန်အခါအလိုက် အသုံးပြုရမည့် သွင်းအားပစ္စည်းများအကြောင်းကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ (ညောင်ဦး G - 99) မြေပဲမျိုး စမ်းသပ်စိုက်ပျိုးခြင်းနှင့် (ဘုံခုနစ်ဆင့်) ပဲတီစိမ်းစိုက်ပျိုးခြင်းကို (Sustainable enterprises and agricultural development – SEAD Project)  အကူအညီနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး ညောင်ဦးမြို့နယ်အတွင်း (ညောင်ဦး G - 99) မြေပဲမျိုး စုစုပေါင်း (၂ ဒသမ ၅)ဧကနှင့် (ဘုံခုနစ်ဆင့်) ပဲတီစိမ်း စုစုပေါင်း (၅)ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်ဌေးရီထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)