ညီညွတ်ရေးနှင့် အလုပ်လုပ်ရေး

၄  ဇူလိုင်

၁၉၄၇ ခုနှစ်၊ ဇွန်ဇူလိုင် မိုးဦးနေ့ရက်များ။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးဆီ ဦးတည်လျက် တောင်ပေါ်မြေပြန့်မကျန် တိုင်းရင်းသား သွေးချင်းများအားလုံး တစ်ခဲနက်သွေးစည်းညီညွတ်လျက် ရှိကြသည်။ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် လမ်းညွှန်ပြဋ္ဌာန်း ချက်များကို အဆိုတင်သွင်း ဆွေးနွေးသည်။ မဝေးတော့သည့်အနာဂတ်မှာ လွတ်လပ်လာမည့် ပြည်ထောင်စုနိုင်ငံတော်ကို ပုံဖော်ခြင်းလည်း ဖြစ်သည်။ ဇူလိုင် ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင်မူ လွတ်လပ်ရေးကို တစ်နှစ် အတွင်း ရစေရန် အာမခံကြောင်း ကတိစကားနှင့်အတူ လွတ်လပ်ရေးရပါက လွတ်လပ်ရေးနှင့် ထိုက်တန်အောင် အလုပ်ကြိုးစားလုပ်ကြ စေလိုကြောင်းလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်ခန်းမ ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းက နောက်ဆုံးမိန့်ခွန်း ဖြစ်ခဲ့သည်။ လွတ်လပ်တော့မည့် မြန်မာနိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများကို မှာကြားခဲ့သည့် ဗိုလ်ချုပ်၏မိန့်ခွန်းက အစဉ်ထာဝရ အမှတ်ရစရာ ဖြစ်ခဲ့သည်။ “တစ်နှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လို လူစားတွေလဲ၊ ရာဇဝင်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊ ရာဇဝင်မှာအဆဲခံမယ့် လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိပါလိမ့်မယ်” ဟု ပြောကြားခဲ့သည့်အတိုင်းပင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများက အသက်စွန့်ကာ ရာဇဝင် ရေးထိုးသွားခဲ့သည်။ မြို့တော်ခန်းမ ပြည်သူ့အစည်းအဝေးကြီးတွင် မြို့တော်ခန်းမ၏ လသာဆောင်ပေါ်မှနေ၍ ပြည်သူကို တိုက်ရိုက်ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းမှာ စည်းလုံးညီညွတ်ကြရေးနှင့် ကြိုးပမ်းအလုပ်လုပ်ကြရေးဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီးသည့် နောက်တွင်လည်း ထိုအရေးနှစ်ပါးသည် မိမိတို့နိုင်ငံအတွက် အဓိက လမ်းညွှန်ချက် ဖြစ်နေဆဲ။

“လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင်မြေက မပေါက်နိုင်ဘူးဆိုတာကို ခင်ဗျားတို့ကို ကျွန်တော်ရှင်းခဲ့ချင်တယ်၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင်၊ စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲဆိုလို့ရှိရင်၊ ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့လူတွေ များကြတယ်” . “ပဒေသာပင်ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်၊ အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲဆိုတာခင်ဗျားတို့သိစေချင်တယ်” ဆိုသည့် ဗိုလ်ချုပ်၏ မိန့်မှာချက်များသည် လွတ်လပ်ရေးအကြိုကာလအတွက်သာမက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဦးတည်ကြိုးပမ်းနေကြရသည့် ပစ္စုပ္ပန်ကာလ အတွက်လည်း လိုက်နာဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ မိမိတို့နိုင်ငံကဲ့သို့ပင် ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ခဲ့ကြသည့် နိုင်ငံများ၊ မရှေးမနှောင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို လွတ်လပ်ခဲ့ကြသည့် နိုင်ငံများတို့မှာ ၎င်းတို့၏အမျိုးသားအကျိုးစီးပွားတို့ကို ကြိုးပမ်းဖော်ဆောင်ခဲ့ကြရင်း အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်နေကြပြီဖြစ်သည်။ သူများခြေလှမ်း တစ်လှမ်းလှမ်းလျှင် မိမိတို့ ခြေလှမ်း လေး၊ ငါး၊ ဆယ်လှမ်း လှမ်း၍ လိုက်နိုင်မှ နောင် ၁၀ နှစ်၊ အနှစ် ၂၀ တွင် တန်းတူဖြစ်မည်ဟူ၍ ဗိုလ်ချုပ်က မိန့်ကြားခဲ့သည့်အတိုင်း မျက်မှောက်ကာလတွင်မူ လေး၊ ငါး၊ ဆယ်လှမ်းမက လှမ်းနိုင်ကြဖို့ လိုနေပြီဖြစ်သည်။

လွတ်လပ်ရေးအကြိုကာလ မိမိတို့ ဘိုးဘွားတို့လက်ထက်က စည်းလုံးညီညွတ်မှုမျိုး၊ ရုန်းကန်ကြိုးပမ်း အလုပ်လုပ်ခဲ့ကြသည့် ဇွဲသတ္တိမျိုး တစ်ဖန်ပြန်လည်ရယူကာ မိမိတို့ ရည်မှန်းထားသည့် နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း