ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြို့ပင်ကောက်-မြို့တွင်း-ထူးချောင်းလမ်း အဆင့်မြှင့်တင် ကွန်ကရစ်ခင်းခြင်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး

ကြို့ပင်ကောက်    ၂၉   နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးဝင်းသိန်းနှင့် တိုင်း/ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့ အရှေ့ဘက်ရှိ ကျေးရွာပေါင်း (၄၁)ရွာကို အကျိုးပြုလျက်ရှိသော ကြို့ပင်ကောက်-မြို့တွင်း-ထူးချောင်းလမ်း အဆင့်မြှင့်တင် ကွန်ကရစ်ခင်းခြင်း အခြေအနေနှင့် မြို့တွင်းကျေးရွာ၏ ဒေသဖွံ့ဖြိုးရေး အခြေအနေများကို နိုဝင်ဘာ ၂၈ ရက်  မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်-မြို့တွင်း-ထူးချောင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်တို့က ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လမ်းအခြေအနေတို့ကို ရှင်းလင်းပြောကြားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုဆောင်ရွက်လျက်ရှိသောလမ်းမကြီးသည် မကြာမီအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဒေသသို့ သွားရန် အဓိကကျသော လမ်းမကြီး ဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံများက ကွန်ကရစ်လမ်းမကြီး ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။

 

အဆိုပါ ကြို့ပင်ကောက်-မြို့တွင်း-ထူးချောင်းလမ်းမကြီးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ငွေကျပ်သန်းပေါင်း ၁၀၀၈ သန်းဖြင့် ၅ မိုင် ၇ ဖာလုံ အကျယ် ၁၂ ပေ၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်းပေါင်း ၁၇၃ သန်းဖြင့် လမ်းအရှည် ၁ မိုင်အား ၁၂ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့တွင်းကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လျှပ်စစ်မီး ရရှိရေး၊ ကျေးရွာခြင်းဆက် လမ်းအခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးအခြေအနေများကို ဌာနဆိုင်ရာများ၊ ကျေးရွာလူထုတို့နှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှတစ်ဆင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို မှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)