ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ငါးထပ်လူနာဆောင် ဆောက်လုပ်မည့် နေရာအား ကွင်းဆင်းကြည့်ရှု

ပြည် ၃၀ နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်က ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ငါးထပ်လူနာဆောင် ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုကြသည်။
      
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ‌ရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်းနှင့် အထူးကုဆရာဝန်ကြီးများမှ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ကိုဗစ် - ၁၉ အတည်ပြု လူနာများအား ကုသပေးနေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် လျာထားလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းများအားလုံး၏ ဆောင်ရွက်မှုများကို လေးစားစွာ ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍လည်း ကြိုးစားဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်းနှင့် ငါးထပ် လူနာဆောင် အဆောက်အအုံအား ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေးတို့အတွက် လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ၊ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေး၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
  
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ် - ၁၉ အတည်ပြုလူနာများအတွက် လိုအပ်နေသော အောက်စီဂျင်စက်ဝယ်ယူနိုင်ရေး အလှူရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကိုလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ပြည်ဆေးရုံကြီးသို့ လာရောက် ပြသကြသော လူနာများ၏ လူနာစောင့်တချို့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
   
ပြည်မြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ယခုနှစ်တွင် စတင်ဆောက်လုပ်မည့် ငါးထပ်လူနာဆောင်သည် အလျား ပေ ၂၄၀၊ အနံ ၈၃ ပေ ကျယ်ဝန်းပြီး မြေညီထပ်တွင် အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ပထမ ထပ်တွင် ခွဲစိတ်ခန်းမကြီးများနှင့် အထူးကြပ်မတ်ကုသဌာန၊ ဒုတိယနှင့်တတိယထပ်တွင် လူနာဆောင် များနှင့် စတုတ္ထထပ်တွင် အစည်းအဝေးခန်းမအဖြစ် အသုံးပြုရန် လျာထားကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)