ဖြစ်လာနိုင်ဖွယ် အန္တရာယ်နှင့် ကြိုတင်ပြင်ဆင်ကာကွယ်မှု

၆  ဇူလိုင်

ကန္တာရကျိုင်းကောင်(နှံကောင်)များ ကျရောက်နိုင်သည့် အန္တရာယ်နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နှိုးဆော်ချက်တစ်ရပ်ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ရှိမြို့နယ်အချို့တွင် ကျရောက်နေသည့် နှံကောင်များမှာ ကန္တာရကျိုင်းကောင် အမျိုးအစား မဟုတ်ကြောင်းနှင့် အုန်းပင်၊ ကျွန်းပင်တို့တွင်သာ အဓိကကျရောက် တတ်ကြကြောင်း၊ ရာသီဥတုကြောင့် အစာရေစာရှားပါးမှသာ လူတို့ စိုက်ပျိုးထားသည့် သီးနှံသစ်ပင်များတွင် ကျရောက်စားသောက်ကြ ကြောင်းကိုလည်း ရှင်းလင်းအသိပေးလျက်ရှိသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် မိုးလေဝသနှင့် ဇလဗေဒအခြေအနေ၊ သီးနှံဖျက်ပိုးမွှားများ ပေါက်ပွားကျရောက်မည့် အခြေအနေများကို မျက်ခြည်မပြတ် အကဲခတ်လေ့လာနေကြရသည်။ လက်ရှိ မြန်မာနိုင်ငံ ဒေသအချို့တွင် ကျရောက်နေသော နှံကောင်များမှာ အဝါစက်ပြောက်နှံကောင် သို့မဟုတ် ကော်ဖီနှံကောင်ဟုခေါ်သော အမျိုးအစားဖြစ်ပြီး ကန္တာရကျိုင်းကောင်(နှံကောင်)မျိုး (Desert Locust) မှာမူ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ရောက်မလာသေး။ သို့ရာတွင် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ နီပေါစသည်တို့တွင်မူ ရောက်ရှိနေကြပြီ ဖြစ်သည်။ အာဖရိကအလယ်ပိုင်းဒေသတွင် ပေါက်ပွားလာသည့် ကန္တာရကျိုင်းကောင်များက အာဖရိကနိုင်ငံအချို့တွင် သီးနှံဧက များစွာကို ဖျက်ဆီးခဲ့ပြီး ၂၅ နှစ်တာ ကာလအတွင်း အဆိုးဆုံးအခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်ဟု သတင်းများကဆိုသည်။ ကောင်ရေ သန်းပေါင်းများစွာပါဝင်သည့် ကန္တာရကျိုင်းကောင်အုပ်စုကြီးသည် အာဖရိကမှတစ်ဆင့် ပါကစ္စတန်၊ အိန္ဒိယတို့အထိ လေစီးကြောင်းနှင့်အတူ လိုက်ပါရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံသို့ ဆက်လက်ဝင်ရောက်လာနိုင်မည်ဆိုပါက မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ စုစုပေါင်း မြို့နယ် ၁၃ မြို့နယ်တွင် သတိထားစောင့်ကြည့်ရန် နှိုးဆော်ထားသည်။ အာဖရိကမှ စတင်ပေါက်ဖွားလာသည့် ကန္တာရကျိုင်းကောင်တို့က သစ်တောသစ်ပင်များ၊ သီးနှံစိုက်ခင်းများ မြင်မြင်သမျှ အကုန်စားတတ်ကြသည့် အကောင်များဖြစ်သည်။ သို့ရာတွင် ကန္တာရကျိုင်းကောင်များ မြန်မာနိုင်ငံသို့ ရောက်ရှိနိုင်ခြေသည် အလွန်နည်းပါးကြောင်း၊ အကယ်၍ ရောက်လာခဲ့လျှင် အန္တရာယ်ပေးနိုင်လောက်သည့် ပမာဏမဟုတ်ဘဲ ကောင်ရေအနည်းငယ်မျှသာ ဖြစ်နိုင်ကြောင်း ၊ ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားမှုများလည်းရှိသည်။

ဖြစ်လာနိုင်ဖွယ်ရှိသည့် အန္တရာယ်အလားအလာများနှင့် စပ်လျဉ်း၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း၊ မျက်ခြည်မပြတ်အကဲခတ်စောင့်ကြည့်ခြင်း၊ အန္တရာယ်ကာကွယ်ရန် ကြိုတင်ပြင်ဆင်ခြင်းတို့သည် “စစ်မရောက်ခင် မြားချွန်” သည့်သဘော၊ တိုက်ပွဲဝင်ရန် ပြင်ဆင်သည့် သဘောဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု ကောင်းမွန်သည်နှင့်အမျှ အန္တရာယ်နှင့် အမှန်တကယ်ရင်ဆိုင်ရသည့်အခါတွင် ထိခိုက်ဆုံးရှုံးမှု နည်းပါးစေမည်ဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အနီးဆုံးသာဓကအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့နိုင်ငံက နိုင်ငံအတွင်း ရောဂါကူးစက်ဝင်ရောက်မလာမီ ကာလစောစောကပင် လုပ်သင့်လုပ်ထိုက်သည်တို့ကို စောစွာ ပြင်ဆင်ပြုလုပ်ခဲ့ခြင်း၊ စဉ်ဆက်မပြတ် အကဲခတ်ကာ နည်းဗျူဟာကို အခြေအနေနှင့် လိုက်လျောညီထွေ ရှင်သန်ပြောင်းလဲစေခြင်းတို့ ဆောင်ရွက်ခဲ့သည့်အတွက် လက်ရှိအချိန်အထိ အခြေအနေကောင်းကို ဆုပ်ကိုင်ထားနိုင် ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု၏ အကျိုးဆက်အဖြစ် လူမှုရေး၊ စီးပွားရေးတို့တွင် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ထပ်ဆင့်ထိပါးလာဖွယ်ရှိသည့် ကန္တာရ ကျိုင်းကောင် အန္တရာယ်ကို စိုက်ပျိုးရေးပိုးမွှား ကျွမ်းကျင်သူများ၏ အကြံပြုလမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်ပါစေကြောင်း။

မြန်မာ့အလင်း