ဖိတ်ခေါ်ပါသည် ဓနုမြေမှ အလွမ်းတောင်ဆီ

ရှိန်းခန့်ဇော်(ပင်းတယ)

 

ယနေ့ခေတ်တွင် ခရီးသွားခြင်းလုပ်ငန်းသည် ပိုမိုတွင်ကျယ်လာ၏။ ထိုခရီးသွားလုပ်ငန်းများတွင် နိုင်ငံခြားသားဖြစ်စေ၊ မြန်မာနိုင်ငံသားဖြစ်စေ တန်ခိုးကြီးသောဘုရားများ၊ ထင်ရှားသောနေရာများ၊ သာယာလှပသည့်ရှုခင်းများသို့ မိမိကိုယ်တိုင်ဖြစ်စေ၊ ဧည့်သည်များကို လိုက်ရောက်ပို့ဆောင်ပေးခြင်းဖြင့် ဖြစ်စေ အရောက်သွားလာနေကြသည်။ ထိုသို့သွားလာကြသည့် နေရာများထဲတွင် ခရီးသွား ဧည့်သည်များသည် ရှမ်းပြည်နယ်တစ်ခွင်သို့ စိတ်ဝင်စားစွာဖြင့် အလည်အပတ် လာရောက်ကြသည်များကို တွေ့ရသည်။ ထိုသို့ခရီးသွားလာရာတွင် သာယာလှပသည့်ရှုခင်းများကို ကြည့်ရှုနိုင်သကဲ့သို့ တောင်တက်ဝါသနာပါသူများအတွက်ပါ စိတ်ကြည်နူးဖွယ်မြင်ကွင်းများကို တွေ့မြင်နိုင်သည့် အလွမ်းတောင်လည်း အပါအဝင်ဖြစ်သည်။

 

အလွမ်းတောင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၏ တောင်ဘက် ပင်းတယ-ပွေးပြတ် (ရွာငံ) လမ်းအတိုင်းသွားလျှင် ကိုးမိုင်ခန့်အကွာရှိ နွားကွေ့ရွာအဝင်တွင် တည်ရှိသည်။ ရွာငံဘက် မှလာမည်ဆိုပါက သွေးပြတ်မှ တစ်မိုင်ခွဲခန့်မောင်းလျှင် ရောက်ပြီဖြစ်သည်။ အလွမ်းတောင်ကို ရောက်သည်နှင့် အရှေ့ဘက်တွင် ကျေးရွာကို တွေ့မြင်နိုင်သည်။

 

ကွေ့ရွာဟူသည် ယခင်က နွားကွေ့ရွာမြောက်ဘက် တစ်မိုင်ခန့်အကွာတွင်တည်ရှိသော စံသီးကုန်းရွာမှ တောင်သူများသည် နွားကွေ့ ရွာ၏တောင်ဘက်၌ စိုက်ပျိုးရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြသော နွားလှည်းများအား အလွမ်းတောင်ကို ကွေ့မြှောက်သွားရသောကြောင့် နွားကွေ့ရွာဟု ခေါ်သည်။ ကျေးရွာသူ ရွာသားများသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြသည့် တောင်ရိုးလူမျိုးများဖြစ်သည်။ ထိုကျေးရွာသည် ယခုဆိုလျှင် နှစ်ပေါင်း (၉၀) သက်တမ်းရှိသည့် ရွာတစ်ရွာဖြစ်သည်။ အိမ်ခြေ ၃၃ အိမ်နဲ့ လူဦးရေ ၁၈၀ ကျော်ရှိသည်။ နွားကွေ့ရွာကို အိမ်သုံးလုံးဖြင့် စတင်နေထိုင်ခဲ့ကြသည်။ ထိုအိမ်များသည် ယခင်က အလွမ်းတောင်၏မြောက်ဘက် တစ်မိုင်ခွဲအကွာ စံသီးကုန်းရွာရှိ တောင်သူများ တောင်ယာလုပ်ငန်းများကို ညအိပ်လာလုပ်ကြသော တဲအိမ်များမှာ တဖြည်းဖြည်းနှင့် များလာသည့်အခါ ရွာလေးဖြစ်လာသည်။ ထိုရွာတွင် နေထိုင်ကြသည့် မိသားစုများမှာ မိဘနှစ်ဦးတည်းက မွေးဖွားသောသားသမီးများမှ တိုးပွားလာခြင်းဖြစ်သည်။ ထိုမိဘနှစ်ဦးမှ မွေးဖွားသည့် သား၊ သမီး၊ မြေး၊ မြစ်၊ တီ၊ တွတ် စသည်ဖြင့် တိုးပွားလာပြီး ထိုသို့ အိမ်ခြေ ၃၃ အိမ်ထိ တိုးများလာခြင်းဖြစ်သည်။

 

ဗုဒ္ဓဘာသာကိုးကွယ်သည့် တိုင်းရင်းသားများဖြစ်ကြသော်လည်း ထိုရွာတွင် အိမ်ထောင်စုအင်အား နည်းသေးသောကြောင့် ဘုန်းကြီးကျောင်းမရှိသေးပေ။ ပညာရေးအတွက် တစ်မိုင်ခွဲခန့်ဝေးသော စံသီးကုန်းရွာသို့ ကျောင်းလာတက်ရသည့် ကလေးငယ်များအတွက် ပင်းတယမြို့၏ မီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်က အလှူခံစီစဉ်မှုဖြင့် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကို ဆောက် လုပ်ပေးထားသည်မှာ နှစ်နှစ်ကျော်လာပြီဖြစ်သည်။

 

ထိုကွေ့ရွာနဲ့ အလွမ်းတောင်မှာ ကပ်လျက်တည်ရှိသည်။ ထိုအလွမ်းတောင်ကို မြောက်ဘက်မှ စတက်ရပြီး တောင်၏အောက်ဘက်တွင် စားသောက်ဆိုင်နှင့် တွဲထားသောဈေးဆိုင်များရှိသည်။ ထိုဆိုင်များတွင် ယာဉ်များကို ထားခဲ့ပြီး ဒေသထွက် အစားအစာများဖြစ်သော ရှမ်းခေါက်ဆွဲ၊ ဟင်းထုပ်၊ ကောက်ညှင်းပေါင်းနှင့် အကြော်များကို စားသောက်နိုင်သည်။ ထမင်းနှင့် ဟင်းလည်းရနိုင်ပြီး အခြားသောမုန့်များ၊ အအေးဘူးများလည်း ရောင်းချကြသည်။ မနက်ခင်းတွင် ဓနုဒေသအစားအစာများကို ပူပူနွေးနွေး စားသောက်ကြရသည်မှာလည်း ပို၍အရသာရှိသလို ခံစားရမည်ဖြစ်သည်။

 

အလွမ်းတောင်၏ ပထမဆုံးတောင်ကို ရောက်ရှိသည်နှင့် တောင်ပေါ်မှကြည့်ရသော အလှအပသည် ကြည့်ရှုသူ၏ ဘဝတစ်ခုလုံးကို ပင်ပန်းသမျှ ပြေပျောက်သွားစေနိုင်ပြီး စိတ်ကြည်နူးမှုများကို ပိုမိုခံစားစေနိုင်မည်ဖြစ်သည်။ အရှေ့ဘက်တွင်ရှိသော နွားကွေ့ရွာလေးမှာ သာယာလှပေသည်။ အနောက်ဘက်တွင် ရွာငံမှ ပင်းတယသို့သွားလျှင် လမ်းခွဲရသည့် ပွေးပြတ်ရွာလမ်းမကြီးနံဘေးရှိ စီတန်းနေသည့် ယူကလစ်ပင်တန်းများကိုလည်း တွေ့မြင်နိုင်သည်။

mdn

တောင်ဘက်တွင် တောင်ယာလုပ်ကွက်များနှင့်အတူ သာယာလှပသည့် ရှုခင်းများကိုလည်း တွေ့မြင်နိုင်သည်။

 

မြောက်ဘက်တွင် တောင်မြင့် တောင်နိမ့်အမျိုးမျိုးကို တွေ့မြင်နိုင်သည်။ ထိုတောင်များမှာ သဲတောင်များဖြစ်သဖြင့် မြက်ပင်များနှင့် အခြားအပင်ငယ်များသာ ပေါက်ရောက်ပြီး သစ်ပင်ကြီးများ မပေါက်သောကြောင့် ပွေးတောင်ကုန်းဟုခေါ်ပြီး တောင်တက်သမားအချို့က ထိုတောင်များကို တက်ကြသည်။ ။

 

ပထမတောင်၏အပေါ်မှ ရှုခင်းများအားလုံးကို တွေ့မြင်လိုက်ရသဖြင့် တစ်ချိန်က သံယောဇဉ်တွယ်ခဲ့ဖူးသူ မှန်သမျှကို လွမ်းမိသလိုလိုဖြစ်လာနိုင်သည်။ အလွမ်းတောင် သို့ရောက်လျှင် ပန်းချီကားတစ်ချပ်ထဲသို့ ရောက်ရှိနေသကဲ့ သို့ ခံစားရလိမ့်မည်။ အလွမ်းတောင်၏ အလှတရားသည် ဆောင်းတွင်လည်း ဆောင်းအလှ၊ နွေရောက်လျှင်လည်း နွေအလှ၊ မိုးရောက်လျှင်လည်း စိမ်းစိုသောစိုက်ခင်းများ၊ တောင်ယာလုပ်ကွက်များဖြင့် သာယာနေဦးမည်ဖြစ် သည်။

 

အလွမ်းတောင်သည် သဲတောင်ကြီးတစ်ခုဖြစ်သကဲ့သို့ တောင်နှင့်မြောက် “က” ပုံသဏ္ဌာန် အနေအထားဖြင့် တောင်နှစ်လုံးရှိသည်။ ပထမ စတက်သည့် တောင်ကိုတက်ပြီး အနည်းငယ်ပြန်ဆင်းကာ ဒုတိယတောင်ကို ပြန်တက်ရသည်။ သို့သော် ပထမတောင်က ဒုတိယတောင်ထက် ပို၍ မြင့်၏။ ပထမတောင်တွင် ရှုခင်းများအားလုံးကို ကြည့်ရှုနိုင်သော်လည်း ဒုတိယတောင်တွင် တိမ်ပင်လယ်များကို အနီးကပ်တွေ့မြင်နိုင်သည်။ ပထမတောင်သည် ချွန်လွန်းသဖြင့် အနားယူရန် နေရာကျဉ်းသော်လည်း ဒုတိယတောင်သည် ပထမတောင်ထက် အနည်းငယ်နိမ့်သောကြောင့် ဒုတိယတောင်တွင် အနားယူရန်နေရာကျယ်သည်။ ပထမတောင်ကို တက်ရသည့်လမ်းက မတ်စောက်ပြီး ဒုတိယတောင်ကို တက်သည့်လမ်းမှာ အနည်းငယ်ပြေပြစ်သည်။

 

တိမ်ပင်လယ်၏ အလှကို ရှုစားနိုင် ဒုတိယတောင်တွင် ရှုခင်းများကိုအနီးကြည့်နိုင်သကဲ့သို့ တိမ်ပင်လယ်များနဲ့ အနီးဆုံးဓာတ်ပုံရိုက်နိုင်သည်။ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဝိုင်းဖွဲ့၍ လွတ်လပ်စွာပျော်နိုင်သည်။ တိမ်ပင်လယ်များ၏အလှကို သေသေချာချာ ရှုစားနိုင်သည်။ မနက်ခင်း နေပွင့်ပြီးချိန်တွင်လည်း ထိုတောင်အောက်ရှိ စိုက်ခင်းများ၊ တောင်တန်းများ၊ ရှုခင်း အလှအပများကို အနီးကပ်ထိတွေ့ခံစားနိုင်သည်။ ရှုခင်းများ၏ သဘာဝအလှတရားများကို အနီးကပ်ကြည့်လိုပါက ဒုတိယတောင်မှ ကြည့်ရှုနိုင်ပြီး အဝေးကြည့်ကြည့်လိုပါက ပထမတောင်ကနေ ကြည့်နိုင်သည်။ ။

 

အလွမ်းတောင်ပေါ်သို့ရောက်ရှိချိန်တွင် ဓနုဒေသတွင် သာမက အခြားသောနယ်မြေများတွင် အမှိုက်ကင်းစင်ရေး၊ ကလေးများအတွက် ပညာရေးနှင့်အခြားသော ပရဟိတ လုပ်ငန်းများကိုပါ ဆောင်ရွက်နေသည့် ကိုစိုင်းလူခေးနှင့် တွေ့ရမည်ဖြစ်သည်။ ကိုစိုင်းလူခေးသည် ဓနုလူမျိုးတစ်ယောက်ဖြစ်သည်။ အခြားသော ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေရင်း လူအများ အပန်းဖြေရန်လမ်းပန်းဆက် သွယ်ရေးကောင်းသကဲ့သို့ ရှုခင်းများဖြင့် သာယာလှပသော အလွမ်းတောင်ပေါ်မှ ဓနုဒေသတစ်ခွင် အပန်းဖြေလေ့လာ နိုင်စေရန်အတွက် ဆောင်ရွက်နေသူဖြစ်သည်။ အလွမ်းတောင်မှ အလှတရားများနှင့် ဓနုဒေသတစ်ခွင်သို့ အများ ပြည်သူများ လာရောက်အပန်းဖြေနိုင်ရန်အတွက် အခကြေး ငွေမယူဘဲအကူအညီပေးနေသည့် လူငယ်များအတုယူသင့်သည့် ပရဟိတသမားတစ်ယောက်ဟုဆိုလည်း မမှားနိုင်ပေ။

 

နေချင်စဖွယ်ကောင်းလှ အလွမ်းတောင်သို့ ညအိပ်လာရောက်ကြသော အပန်းဖြေသူများမှ လှူဒါန်းသည့် အလှူငွေကိုလည်း အလွမ်းတောင်အနီးရှိ နွားကွေ့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုပြီး ထိုကွေ့ရွာသူရွာသားများအားလုံးကို အသိပညာဖွံ့ဖြိုးတိုးတက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဝါးဖြင့်ဆောက်လုပ်ထားသော စာကြည့်တိုက်ကို ကိုစိုင်းလူခေးက ဆောက်လုပ်ပေးထားသည်။ အလွမ်းတောင်သို့လာရောက်သူများလည်း စာဖတ်ခြင်းဖြင့် အပန်းဖြေလိုသည့် စာဖတ်ဝါသနာပါသူ မည်သူမဆို ထိုစာကြည့်တိုက်မှ အမြဲကြိုဆိုနေပြီး စာဖတ်ဝါသနာပါသူများအတွက် လေ့လာစရာ တစ်ခုဖြစ်၏။ ထို ကွေ့ရွာသည် ရွာအဝင်တွင် စာသင်ကျောင်းလေးနှင့် ရွာအတွင်းရှိ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းသော ဝါးပင်များအောက်တွင် စာကြည့်တိုက်ကလေး၊ တစ်အိမ်နှင့် တစ်အိမ်အလှမ်းမဝေးဘဲ ရွာပတ်ပတ်လည်တွင်လည်း ဆောင်းရာသီတွင် ချယ်ရီပန်းပင်များဖြင့် ပိုမိုတင့်တယ်လှပပြီး နေချင်စဖွယ်ကောင်းလှ၏။

 

ကိုစိုင်းလူခေး ပြင်ဆင်ထားပေးသည့် သစ်သားထိုင်ခုံနှင့် ဝါးဖြင့်ပြုလုပ်ထားသော တန်းကိုစီး၍ တိမ်ပင်လယ်များနှင့် တိမ်များထူနေသော ကောင်းကင်၏အလှအပကို နောက်ခံထားကာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်ကူးကြသည်။

 

သေသပ်လှပစွာပြုလုပ်ထား ရွာထဲမှ ရွာသူရွာသားများနှင့် စကားပြောကြည့်လျှင်လည်း ရိုးသားပြီး ပွင့်လင်းကြသော တောင်ရိုးတိုင်းရင်းသားများ၏ စကားသံများနှင့် လုပ်ကိုင်စားသောက်ကြသည့် ဓလေ့ရိုးရာများကို နှစ်သက်သဘောကျကြလိမ့်မည်ဖြစ်သည်။ စာကြည့်တိုက်သည် ရွာ၏အရှေ့တောင်ဘက်ရှိ အေးချမ်းတိတ်ဆိတ်သည့် ဝါးရိပ်အောက်တွင် ဝါးများဖြင့်သာ ဆောက်လုပ်ထားပြီး သက်ငယ်မိုးထားသည့် ခြေတံရှည် နှစ်ထပ်ဆောက်လုပ်ထားသည်။ စာကြည့်တိုက် အပေါ်ထပ်သို့ တက်လိုက်သည်နှင့် အပြင်ဘက်နံရံတွင် စာကြည့်တိုက်နှင့်ပတ်သက်သော ပိုစတာများ၊ စည်းကမ်းချက်များကို ကလေးများကိုယ်တိုင် ရေးသားကပ်ထားကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုသို့ ကပ်ထားသည်များကို ဖတ်ရှုလေ့လာပြီး စာကြည့်တိုက်အတွင်းတွင်လည်း စာအုပ်စင်များကို ဝါးဖြင့် သေသပ်လှပစွာ ပြုလုပ်ထားသကဲ့သို့ စာအုပ်များကိုလည်း သတင်းစာ၊ ဝတ္ထု၊ ပုံပြင်၊ ကာတွန်း၊ စာစီစာကုံး၊ ရုပ်ပြစသည်ဖြင့် သုတ၊ ရသ စာအုပ်မျိုးစုံကို စီစီရီရီ စီထားကြသည်ကိုကြည့်ပြီး ရင်ထဲတွင် အေးချမ်းသွား ပေလိမ့်မည်။

 

ထိုစာကြည့်တိုက်အပြင်ရှိ ပိုစတာများ၊ စည်းကမ်းချက်များကို သေသေချာချာ လိုက်ဖတ်ကြည့်မိရာမှ ကဗျာ လိုလို၊ တိုင်းရင်းသားများ၏ သံချပ်လိုလို ရေးသားထားသည်ကို တွေ့ရသည်။ ထိုစာမှာ -

 

နွားကွေ့

 

"စိမ်းလန်းစိုပြေ(ပြည်) နွားကွေ့မြေ

သာယာကွေ့တန်း နွားကွေ့လမ်း

စိတ်ထားကြည်ဖြူ နွားကွေ့သူ

ရိုးသားကြိုးစား နွားကွေ့သား

အလည်လာပါ နွားကွေ့ရွာ

ဝန်းရံကာထား တောင်တန်းများ

တောင်တန်းထဲမှ ထူးခြားလှ

ဖြူးပြတ်တောင်က အလှဆုံးပါ့"တဲ့။ ။

 

ထိုကဗျာကိုဖတ်ပြီး ကွေ့ရွာကလေးသည် ရင်ထဲတွင်ထင်ကျန်ခဲ့၏။ ကဗျာတွင်ပါဝင်သော "ဖြူးပြတ်တောင်" ဟူသည် နွားကွေ့ရွာ တည်ပြီးစအချိန်က အလွမ်းတောင်ကို နို့တောင်ဟု ခေါ်ခဲ့ကြ၏။ ထိုတောင်တွင် စေတီတည်မည့်အချိန်တွင် ရွာထဲမှလူများက အနီးအနားရှိ သဲကျင်းမှသဲများကိုယူပြီး သယ်လာကြရာ ထိုသို့သယ်ယူလာသော ပလိုင်းများတွင် တပ်ထားသည့်ကြိုးမှာ ဖြူး ( ဓနုဒေသရှိ တိုင်းရင်းသားများက ကြိုးနှင့်အတူ တပ်ထားသည့် ပလိုင်းကြိုးကိုဖြူးဟုခေါ်သည်)  သည် သဲများထည့်လာကြသည့်အခါ ထိုတောင်သို့ရောက်လျှင် ပလိုင်းတွင် တပ်ထားသော ဖြူးများက သူ့အလိုလို ပြတ်ကျသဖြင့် ဖြူးပြတ်တောင်ဟု အမည်တွင်လာခဲ့သည်။ ထိုအလွမ်းတောင်ကို ယခင်က နို့တောင်ဟုခေါ်ရာမှ ဖြူးပြတ်တောင်ဟု ခေါ်လာခဲ့ကြသည်။ ယခုအချိန်တွင် ခရီးသွားဧည့်သည်များက အလွမ်းတောင်ပေါ်တွင် ယာယီတဲများဖြင့် ညအိပ်လာရောက်အပန်းဖြေကြပြီး ထိုတောင်ပေါ်သို့ရောက်လာလျှင် သာယာလှပသော ရှုခင်းများ၊ တောင်တန်းများ၊ တောင်ကျွန်းများကိုကြည့်ကာ လွမ်းဖွယ်ကောင်းလှသဖြင့် အလွမ်းတောင်ဟုခေါ်လာခဲ့ကြသည်။ ထိုတောင်ကို လာရောက်ကြသူများက အလွမ်းတောင် ဟုသာ သိကြသည်။ ထိုတောင်ကို လာရောက်ကြသူများက အွန်လိုင်းပေါ်တွင် "ကိုစိုင်းလူခေး၏ အလွမ်းတောင်ကိုခဏဝင်ကြည့်ခြင်း"ဟု သူတို့ရိုက်ထားသည့် ဓာတ်ပုံများ ဖြင့် တွဲတင်လေ့ရှိကြသည်။

mdn

လာရောက်အပန်းဖြေ

ထို့ကြောင့် အလွန်သာယာလှပပြီး အပန်းဖြေရန် အကောင်းဆုံးသောနေရာဖြစ်သည့် ရာဇဝင်များဖြင့် တည်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့အနီး တောင်ရိုးတိုင်းရင်းသားများ နေထိုင်ကြသည့် နွားကွေ့ရွာအဝင်လမ်း၏ တောင်ဘက်တွင် ရှိသော နို့တောင် (သို့မဟုတ်) ဖြူးပြတ်တောင် (သို့မဟုတ်) အလွမ်းတောင်သို့လာရောက်ပြီး ပင်ပန်းသမျှအပန်းဖြေရင်း ပင်းတယနယ်တစ်ခွင် အလည်အပတ်ခရီးတစ်ခုအဖြစ် အရောက်လာခဲ့ရန်ကြိုဆိုလျက်...။

 

ကြေးမုံ