ဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြပါစို့

နိုင်ဦး(DOCA)

 

ယနေ့ကမ္ဘာကြီးသည် နေ့စဉ် နာရီ၊ မိနစ်၊ စက္ကန့်အတွင်း ပြောင်းလဲဖြစ်ပေါ်တိုးတက်ဖွံ့ဖြိုးလျက်ရှိသလို မြန်မာနိုင်ငံသည်လည်း တဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလျက်ရှိနေပါသည်။ ယခင်က မိမိအိမ်သို့ ဧည့်သည်ရောက်ရှိလာပါက အပြေးအလွှားသွားရောက်ဝယ်ယူ၍ ဧည့်ခံ စရာမလို၊ ဖုန်းလေးတစ်ချက်ဆက်ရုံဖြင့် ဧည့်သည်အတွက် ဧည့်ခံရန်ပစ္စည်းများ အချိန်တိုအတွင်း ရောက်ရှိနိုင်သလို အဝတ်အထည်၊ အိမ်သုံး၊ လူသုံးကုန်ပစ္စည်းများကိုလည်း အင်တာနက်၊ ဆိုရှယ် မီဒီယာများပေါ်တွင် စိတ်ကြိုက်ကြည့်ရှုကာ ဖုန်းဆက်၍ အလွယ်တကူ မှာယူသုံးစွဲလာနိုင်သည်။ သို့သော် ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးအခြေအနေ၊ မိသားစုအခြေအနေ၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု အခြေအနေများအရ ဝယ်ယူသုံးစွဲသော ပစ္စည်းများသည် တူညီနိုင်မည်မဟုတ်ပေ။

 

ဝယ်ယူမှုပုံစံများပြောင်းလဲလာ

 

စားသုံးသူများ၏ ဝယ်ယူမှုပုံစံများလည်း ပြောင်းလဲလာပြီး ခေတ်မီသော၊ ပို၍ခေတ်မီသော ပစ္စည်းများကို တောင်းဆိုလာကြသည်။ မြန်မာနိုင်ငံကိုကြည့်ပါက ယခင်က အသံသာ ကြားရသော နေရှင်နယ်ရေဒီယိုတစ်လုံးရှိလျှင် တော်တော်ပြေလည်သော အိမ်ထောင်စုဖြစ်သည်။ ထို့နောက်ရေဒီယို အသေးလေးများကို များစွာထုတ်လုပ်နိုင်၍ လူတိုင်းလက်ထဲတွင် ကိုင်နိုင်လာသည်။ ရေဒီယို ထက်ပိုသော အရုပ်ရော အသံပါ ကြည့်ရှုနိုင်သည့် အဖြူ၊ အမည်း ရုပ်မြင်သံကြားများက ရေဒီယိုများနေရာကို အစားထိုးယူလာသည်။ အဖြူ၊ အမည်း ရုပ်မြင်သံကြား စက်များနေရာကို ရောင်စုံရုပ်မြင်သံကြားစက်များက အစားထိုးဝင်ရောက်လာသည်။ ပို၍ ရုပ်ထွက်၊ အသံ ထွက်ကောင်းသော၊ စျေးသက်သာသော၊ စျေးကြီးသော၊ သယ်ဆောင်ရန် လွယ်ကူသော၊ သေးငယ်သော၊ ကြီးမားသော ရုပ်မြင်သံကြားစက်များကို ဝယ်ယူသုံးစွဲလာကြ သည်။ ကုန်စည်ထုတ်လုပ်သူများကလည်း စားသုံးသူများ၏ လိုလားချက်များနှင့်အညီ ကုန်စည်၊ ဝန်ဆောင် မှုအမျိုးအစားပေါင်းစုံကို ထုတ်လုပ်ဆောင်ရွက်လာကြသည်။

 

အလားတူပင် ယခင်က မော်တော်ကားတစ်စီး ပိုင်ဆိုင်သူသည် လူချမ်းသာတစ်ဦးဟုပင် ခေါ်ဆိုနိုင်သည်။ ယနေ့တွင်မူ လူလတ်တန်းစားများပင် အလွယ်တကူ ဝယ်ယူစီးနင်း မောင်နှင်လာကြသည်။ လမ်းမကြီးများတွင် ကမ္ဘာ့နိုင်ငံပေါင်းစုံမှ ထုတ်လုပ်သော မော်တော်ယာဉ် ပုံစံမျိုးစုံ၊ အရောင်အစုံအလင်များ ပျားပန်းခပ်မျှ မြင်တွေ့ နေရသည်။ သဘောမှာ ယနေ့လူချမ်းသာများ၏ ဇိမ်ခံစားသောက်နေထိုင်မှုစနစ်များသည် မကြာသော ဆယ်စု နှစ်ကာလအတွင်းတွင် လူလတ်တန်းစားတို့၏ နေထိုင်စားသောက်မှုပုံစံများ ဖြစ်လာပြီး လူလတ်တန်းစားများ၏ နေရာကို အခြေခံလူတန်းစားများက ပိုင်ဆိုင်လာကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။

 

ထို့အတူ ယခင်ကသွားလာရန် အခက်အခဲ၊ ဆက်သွယ်ရန် ခက်ခဲသောနေရာသို့ ခေတ်မီကောင်းမွန် သော လမ်း၊ တံတားများ အစားထိုးနေရာယူလာခြင်း၊ ကြိုးဖုန်းများနေရာတွင် လက်ကိုင်ဖုန်းများဖြင့် အစား ထိုးအသုံးပြုလာနိုင်ခြင်းတို့ကြောင့် ခရီးလမ်း/ဆက်သွယ်မှုကဏ္ဍများ ကျုံ့သွားကာ တစ်ကမ္ဘာလုံးသည် ရွာကြီးပမာ သတင်းအချက်အလက်များ အလွယ်တကူ ဖြန့်ဝေရယူနိုင် လာခဲ့သည်။

 

အလွယ်တကူရရှိလာ

 

ဆက်သွယ်မှုလွယ်ကူလာမှုများကို အသုံးပြု၍ သက်သက်သာသာဖြင့် လူသုံးပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများကို အင်တာနက်တွင် ကြည့်ရှု၍ လည်းကောင်း၊ ဖုန်းတစ်ချက်ဆက်ရုံဖြင့် လိုချင်သောပစ္စည်းများကို အလွယ်တကူရရှိလာနိုင်သည်။ ကုန်စည်၊ ဝန်ဆောင်မှုပြုသူ လုပ်ငန်းရှင်များကလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဝန်ဆောင်မှုနှင့် မက်လုံးများပေးကာ စားသုံးသူများအား စည်းရုံးဆွဲဆောင် ရောင်းချလျက်ရှိသည်ကို တွေ့ရှိရသည်။

 

ငွေပေးချေရာတွင်လည်း Online စနစ်ကို အသုံးပြု၍ အီလက်ထရွန်နစ် ငွေပေးချေခြင်း၊ ကတ်စနစ်ကို အသုံးပြု ခြင်း၊ ဘဏ်စနစ်များကို အသုံးပြုခြင်းများကြောင့် အချိန်ကုန်သက်သာ လူပင်ပန်းမှုမရှိဘဲ စားသုံးသူများ စိတ်ကျေနပ်မှု အပြည့်အဝနီးနီး ရရှိလာကြ၍ ကျယ်ပြန့်သော စျေးကွက်ကြီးတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ လူဦးရေ လွန်စွာများပြားပြီး ကျယ်ပြန့်သော မြေဧရိယာကို ပိုင်ဆိုင် ထားသည့် ဝယ်လိုအား အဆမတန်များပြားသော နိုင်ငံကြီး နှစ်ခုကြားတွင် တည်ရှိနေမှုကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အခွင့်အရေးကောင်း၊ အခြေအနေကောင်း၊ အားသာချက်ကြီးတစ်ခုအဖြစ် စီးပွားရေးပညာရှင်များက ဝမ်းသာအားရ သုံးသပ်ကြခြင်းကို မစားရ ဝခမန်း ကြားသိနေရသည်။ သို့သော် ပကတိအခြေအနေများမှာမူ စီးပွား ရေးကျင့်ဝတ်များနှင့်အညီ မဆောင်ရွက် မလုပ်ကိုင်နိုင် ကြသော၊ မိမိကိုယ်ကျိုးစီးပွားကိုသာ ဦးတည်သော၊ ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဆိုသည့်စိတ်ဖြင့် ဆောင်ရွက်ကြသော စီးပွားရေးလုပ်ငန်းရှင်အချို့ ကြောင့် မြန်မာနိုင်ငံထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ လူအများစု စီးပွားရေး လုပ်ငန်းရှင်များ မျက်နှာပျက်ကြရသည်။ ပဲ၊ နှမ်းများတွင် ကျောက်ခဲရောခြင်း၊ တရားမဝင် ဓာတုဆေးများ အလွန်အကျွံ သုံးစွဲထားခြင်း၊ နိုင်ငံတကာစံနှုန်းများ လိုက်နာမှုအားနည်းခြင်းများကြောင့် ဖြစ်သည်ကို သတင်းစာ၊ ဂျာနယ်၊ မီဒီယာပေါင်းစုံတွင် တွေ့မြင်ကြားသိနေရသည်။

 

စမ်းသပ်စျေးကွက်

 

မြန်မာနိုင်ငံမှ ပို့ကုန်များကို ပြည်ပနိုင်ငံများကဝယ်ယူရန် လက်တွန့်လျက်ရှိသော်လည်း အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်ထုတ်လုပ်သည့် စံမမီ ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများကိုမူ တရားမဝင်တင်သွင်းကြသည်။ မြန်မာနိုင်ငံကို စမ်းသပ်စျေးကွက်ကြီးအဖြစ် သဘောထားကာ ဆောင်ရွက်ကြသည်။ ထိုစံမမီပစ္စည်းများကို မြန်မာနိုင်ငံရှိ ပြည်သူများ စားသုံးနေကြရသည်။ မလို လားအပ်သော ဘေးဥပဒ်အန္တရာယ်များနှင့် မကြားဖူးသော ရောဂါဆန်းများ ဖြစ်ပေါ်နေရသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်များတင်ပို့ရာတွင် စီးပွားရေးကျင့်ဝတ်များ နှင့်အညီ နိုင်ငံတကာစံနှုန်းများနှင့်အညီ တင်ပို့နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိသလို တင်သွင်းသော ပစ္စည်း များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းရေးအတွက်လည်း အလားတူ ဆောင် ရွက်လျက်ရှိပါသည်။ လူအများစုက ထုတ်ပြန်ထားသော ကျင့်ဝတ်စံနှုန်းများနှင့်အညီ လိုက်ပါပူးပေါင်း ဆောင်ရွက် လျက်ရှိကြသော်လည်း လူနည်းစုမှာ လိုက်နာဆောင်ရွက်မှုမရှိခြင်းကြောင့် ကုန်သွယ်မှုပမာဏ ကွာခြားချက်များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

 

ထိုအခြေအနေများကို လျော့ပါးသက်သာစေရေး အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို ပြဋ္ဌာန်းကာ သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ပညာပေး ဟောပြော ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ စျေးကွက်အတွင်း စံမမီ ကုန်ပစ္စည်းများကို သိမ်းဆည်း၊ ဖျက်ဆီးခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

ထို့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပါဝင်သော စားသုံးသူကာကွယ်ရေးကော်မရှင်ဖွဲ့စည်း၍ လည်း ကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဝန်ကြီးများ ဦးဆောင်၍ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် အဆိုပါအဖွဲ့အောက်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းကော်မတီနှင့်တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးကော်မတီများကို ဖွဲ့စည်း၍လည်းကောင်း၊ စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများကို အလွယ်တကူ တိုင်ကြားနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် စားသုံးသူသတင်းအချက်အလက်နှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center - CICC) များကို ဖွင့်လှစ်၍ လည်းကောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

 

ထိုသို့ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် စားသုံးသူပြည်သူများသည် ကုန်စည်၊ ဝန်ဆောင်မှုများကို ဆင်ခြင်ကာ ဝယ်ယူသုံးစွဲတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာသည်။ နစ်နာမှုများ၊ ဆုံးရှုံးမှုများကို တိုင်ကြား တတ်လာသဖြင့် အောင်မြင်မှုအချို့ရရှိပြီဟု ဆိုနိုင်သည်။ ပြည်သူများ တိုင်ကြားမှုများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမှုအချို့တွင် မော်တော်ယာဉ်များ၊ တယ်လီ ဖုန်းများ၊ အထပ်မြင့်အဆောက်အအုံများ၊ လျှပ်စစ်ပစ္စည်း များ၊ လူသုံး ၊ အိမ်သုံးကုန်များနှင့် စပ်လျဉ်း၍ ကတိကဝတ် များနှင့်အညီ ဆောင်ရွက်ပေးခြင်း မရှိမှုများ စသည်ဖြင့် များစွာပါရှိသည်ကို တွေ့ရှိရသည်။ ခက်ခဲသည်မှာ စားသုံးသူရော၊ ကုန်စည်၊ ဝန်ဆောင်မှုများကို ထုတ်လုပ်သူ၊ တင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသူများသည် မိမိနိုင်ငံ သားများဖြစ်၍ နှစ်ဦးနှစ်ဖက်လုံးအတွက် မိမိနိုင်ငံသားများသာ နစ်နာဆုံးရှုံးမှု ကြုံတွေ့နိုင်မည် ဖြစ်ပါသည်။

 

စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းဟူသည် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အားပြိုင် မှုများကို ဟန်ချက်ညီအောင် ထိန်းညှိကုစားပေးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စားသုံးသူများအတွက် စားသုံးသူများရသင့်သည့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော ကုန်စည်၊ ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသလို လုပ်ငန်းရှင်များကိုလည်း ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော ကုန်စည်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသော ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီ လိုက်ပါနိုင်စေရေးအတွက် လုပ်ဆောင် ခြင်းအားဖြင့် ပြည်တွင်းစျေးကွက်သာမက ပြည်ပ စျေးကွက်အထိပါ ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများ ချဲ့ထွင်နိုင်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိနေ ပါသည်။ ထိုသို့ ဆောင်ရွက်ပေးသည့်အခါ မလိုလား အပ်သော ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက ဘက်လိုက်မှုကင်းရှင်းစွာဖြင့် စားသုံးသူများလည်း စိတ် ကျေနပ်၊ လုပ်ငန်းရှင်များလည်းပြုပြင်ကာ လုပ်ငန်းဆက်လက် လည်ပတ်နိုင်စေရေးအတွက် ထိန်းညှိကုစား ဖြေရှင်းပေးခြင်းဖြင့် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို ရှေးရှုဆောင်ရွက်လျက်ရှိသဖြင့် ထိုက် သင့်သော အောင်မြင်မှုများကို ရရှိနေခြင်းဖြစ်သည်။

 

စားသုံးသူရေးရာဦးစီးဌာနသည် ထုတ်ပြန်ကျင့်သုံး လျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဋ္ဌာန်းချက်များအရ တစ်ဖက်က စားသုံးသူများ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိရေး၊ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းသော ကုန်စည်၊ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသလို တစ်ဖက်မှ လုပ်ငန်းရှင်များကိုလည်း ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိရေး နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိပါသည်။ သို့မှသာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ ထုတ်လုပ်သူများလည်း စျေးကွက်ယှဉ်ပြိုင်နိုင်ကာ စီးပွားရေး တိုးတက်လာမည် ဖြစ်ပါသည်။

 

အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် စားသုံးသူများသည် ဘေးဥပဒ်အန္တရာယ်ရှိသော၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို ရယူသုံးစွဲမှု မပြုရေး၊ ထိုသို့မသုံးစွဲ၊ မရယူရေးအတွက် မိမိမိသားစု၊ ဆွေမျိုးသားချင်း မိတ်ဆွေများထံ သတင်း အချက်အလက်များ မျှဝေရေး စားသုံးသူ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များရှိ စားသုံးသူရေးရာဦးစီးဌာနများ၊ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၊ CICC များသို့စာဖြင့် ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ တိုင်ကြားကြရန် လွန်စွာအရေးကြီးပါသည်။

 

ပြည်သူများပူးပေါင်းပါဝင်

 

စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ အောင်မြင်မှုရရှိစေရေးအတွက် ဌာနများမှ ဆောင်ရွက် ကြရုံဖြင့် မအောင်မြင်နိုင် နှေးကွေးနေမည်ဖြစ်သည်၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မြန်မာ တစ်နိုင်ငံလုံးရှိ စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသော အိမ်သုံး၊ လူသုံးပစ္စည်းများ စားသုံးကြ၍ ကျန်းမာစွာဖြင့် အသက်ရှည်ရပ်တည် နေထိုင်လာနိုင် ကြမည် ဖြစ်သည်။ မိမိဆောင်ရွက်သည့် လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်လာနိုင်မည်။ မိမိမိသားစုဝင်ငွေ တိုးလာမည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု လာမည်ဖြစ်သည်။ အလားတူ လုပ်ငန်းရှင်များသည်လည်း နိုင်ငံတကာစံနှုန်းများဖြင့် အိမ်သုံး၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်သဖြင့် ပြည်တွင်း၌သာမက ပြည်ပစျေးကွက်အထိ ထိုးဖောက်လာနိုင်မည်ဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်။ နိုင်ငံတကာသို့ ဝင်ဆံ့ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကူညီရာရောက်မည် ဖြစ်သည်။

 

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ စျေးများ၊ ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့များတွင်လည်း စားသုံးသူ ကာကွယ်ရေး အသင်းအဖွဲ့များ ဖွဲ့စည်းထားသလို ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းထားသော စားသုံးသူ ကာကွယ်ရေးအသင်းအဖွဲ့များ များစွာပေါ်ပေါက် တိုးတက်ဖွဲ့စည်းနေခြင်းသည် များစွာအားရဖွယ် ကောင်းလှပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှလည်း ထိုအသင်းအဖွဲ့များနှင့် ငွေကြေးကိစ္စမှလွဲ၍ ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်၍ စားသုံးသူ အကာ အကွယ်ပေးရေးလုပ်ငန်းများ ပွဲပြီးမီးသေ မဖြစ်စေရေး အတွက် တစ်နိုင်ငံလုံး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် လက်ခံဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။


သို့ပါ၍ တိုးတက်လာသော ခေတ်နှင့်အညီ ပေါ်ပေါက်လာသော လူသုံး၊ အိမ်သုံးပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူပြည်သူများက အသိတရားလက်ကိုင်ထား၍ သတိထား ဝယ်ယူသုံးစွဲကြပါရန်၊ ဘေးဥပဒ်အန္တရာယ် ရှိသော ပစ္စည်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု မရှိသော ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း မပြုကြပါရန်၊ မိမိ ကြုံတွေ့ရသော နစ်နာမှုများကို မိမိ မိသားစုသာမက မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုးသားချင်းများကို သတင်းအချက်အလက်များ မျှဝေဖြန့်ဝေပေးကြပါရန်၊ စားသုံးသူအခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ ထိခိုက် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ နီးစပ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များရှိ စားသုံးသူရေးရာဦးစီးဌာနများ၊ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၊ CICC များတွင် အလွယ်တကူ တိုင်ကြားကြပါရန် အသိပေးတိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။