ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

၄  ဒီဇင်ဘာ

ဖရဲသီးလို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။

 

ဖရဲသီး အဝါရောင်မှာပါတဲ့ အာဟာရဓာတ်

အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်တဲ့ ဖရဲသီး အဝါသီးမှာ

• ကာဗိုဟိုက်ဒရိတ်

• ကယ်လ်လိုရီ

• အဆီဓာတ်

• အမျှင်ဓာတ်

• သကြားဓာတ်

• ပရိုတင်း

• ပိုတက်ဆီယမ်

• ကယ်လ်ဆီယမ်

• ဗီတာမင် A

• ဗီတာမင် C

• သံဓာတ်

• phosphorus

• မဂ္ဂနီဆီယမ် စတာတွေ ပါဝင်နေပါတယ်။

 

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ရေဓာတ် ၉၂ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပြီး နုနုချိုချို ဖရဲသီး အဝါလေးက

 

သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေတယ်

ဖရဲသီး အဝါရောင်မှာ citrulline က ကိုယ်တွင်းက သွေးတွေကို ပျစ်တာ။ ခဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ် အနှံ့က သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

 

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဖရဲသီး အဝါမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အအေးမိတဲ့ လူနာတွေအနေနဲ့တော့ ဖျားနာနေချိန်မှာ မစားသင့်ပါဘူး။

 

ကျောက်ကပ် ကျန်းမာစေတယ်

အဝါရောင် ဖရဲသီးက ဆီးရွှင်စေပြီး ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးကနေတစ်ဆင့် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို တိုးတက်စေနိုင် ပါတယ်။

 

သွေးပေါင်ကျစေနိုင်တယ်

သွေးတိုးသမားများအတွက် သင့်တော်တဲ့ စားစရာ တစ်ခုပါ။ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ အဝါရောင် ဖရဲသီးကို ပုံမှန် စားသုံးသူတွေက သွေးတိုး ကင်းကြပြီး သွေးပေါင်ချိန်ကို အကောင်းဆုံ အနေအထားမှာ ထိန်းညှိထားနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

 

မျက်လုံး ကျန်းမာစေတယ်

ဖရဲသီး အဝါရောင်မှာ အမြင်အာရုံအတွက် လိုအပ်တဲ့ အာဟာရ တစ်မျိုးဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ ဗီတာမင် A အမြင်အာရုံကို ကျန်းမာစေပြီး မျက်စိပြဿနာ ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

 

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

ယနေ့ခေတ်မှာ ညစ်ညမ်းလာတဲ့ မြေထု၊ ရေထု၊ လေထုတွေကြောင့် အရေပြားက စလို့ ကျန်းမာရေးအဆုံး အရာရာဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နေရပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ဖရဲသီးအဝါကို စားပေးသင့်ပါတယ်။

 

ပါးစပ်ထဲက အနာကို သက်သာစေတယ်

ဖရဲသီး အဝါမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ပါးစပ်ထဲက အနာတွေကို သက်သာစေပြီး ပါးစပ်ထဲမှာ အနာတွေ ခဏခဏ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခံတွင်းနဲ့ သွားပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူ ပေးပါသေးတယ်။

 

အရိုးတွေ သန်မာစေတယ်

ဖရဲသီး အဝါမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့လိုမျိုး အရိုးကို သန်မာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အရိုးသိပ်သည်းဆ ကောင်းမွန်စေပြီး အရိုးတွေ သန်မာစေဖို့နဲ့ အရိုးပွ ရောဂါကို ကာကွယ်ဖို့ ဖရဲသီး အဝါကို စားပေးလို့ ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Aye Thi Mon

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”